ထရန့်၏ပထမဇနီးက အတ္တကြီးစွာ ပြုမူနေသည်ဟု လက်ရှိဇနီးက ပြောကြား

ထရန့်၏ပထမဇနီးက အတ္တကြီးစွာ ပြုမူနေသည်ဟု လက်ရှိဇနီးက ပြောကြား
Published 11 October 2017

၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က  နယူးယောက်တွင် ဂေါက်ရိုက်ပြိုင်ပွဲတစ်ခု တက်ရောက်နေသော အီဗန်နာထရန့် (ဝဲ) နှင့် စက်တင်ဘာ ၁ ရက်က အိမ်ဖြူတော်တွင် တွေ့ရသော မီလန်နီယာထရန့် (Photo : AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပထမဇနီး အီဗန်နာက ၎င်း၏စာအုပ်သစ်အား မိတ်ဆက်ချိန်တွင် သူသည် သမ္မတဇနီးသာ ဖြစ်ကြောင်း ဟာသလုပ် ပြောကြားခဲ့ပြီးနောက် ထရန့်၏ လက်ရှိဇနီးဖြစ်သူ မီလန်နီယာထရန့်က အီဗန်နာသည် အာရုံစိုက်မှု ခံရစေရန်နှင့် အတ္တကြီးစွာ အသံထွက်နေသည်ဟု အောက်တိုဘာ ၉ ရက်တွင် ပြန်လည်စွပ်စွဲခဲ့သည်။

အသက် ၆၈ နှစ်ရှိ အီဗန်နာထရန့်က ကိုယ်တွေ့မှတ်တမ်း စာအုပ်သစ် Raising Trump ကို ကြော်ငြာရန် ABC News နှင့် အင်တာဗျူးပြုလုပ်စဉ် ၎င်းနှင့် အမေရိကန်၏ ၄၅ ဦးမြောက် သမ္မတတို့အကြား ကာလရှည်ကြာ ဆက်ဆံရေးကို ရည်ညွှန်းလျက် ဟာသလုပ် ပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်မမှာ အိမ်ဖြူတော်ကို ခေါ်လို့ရတဲ့ တိုက်ရိုက်ဖုန်းနံပါတ်ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ မီလန်နီယာ ရှိနေတော့ ကျွန်မက ထရန့်ကို ဖုန်းမခေါ်ချင်ဘူး။ ပြီးတော့ သဝန်တိုတာလိုမျိုး ဒါမှမဟုတ် တစ်ခုခုပေါ့၊ အဲဒီလိုမျိုး မဖြစ်စေချင်ဘူး။ ဘာလို့လဲဆိုတော့ အခြေခံကျကျဆိုရင် ကျွန်မကပဲ ထရန့်ရဲ့ ပထမဆုံး သမ္မတကတော်လေ။ အဆင်ပြေတယ် မဟုတ်လား။ ကျွန်မက သမ္မတကတော်ပဲ။ ဟုတ်တယ်မလား” ဟု အီဗန်ကာက ABC သို့ ရယ်မောလျက် ပြောကြားခဲ့သည်။ ပုံမှန်အားဖြင့် တည်ငြိမ်သော အသက် ၄၇ နှစ်ရှိ မီလန်နီယာ ထရန့်ကမူ အီဗန်ကာ၏ ပြောကြားမှုများကို သဘောမကျခဲ့ပေ။

မစ္စထရန့်သည် အိမ်ဖြူတော်အား ဘာရွန်နှင့် သမ္မတတို့အတွက် နေအိမ်အဖြစ် ပြုလုပ်ပေးခဲ့ကြောင်း မီလန်နာထရန့်၏ ပြောခွင့်ရပုဂ္ဂိုလ် စတက်ဖနီဂရစ်ဟမ်ထံမှ တိုတောင်းသော ကြေညာချက်ကို CNN က ဖော်ပြခဲ့သည်။ ဘာရွန်သည် ထရန့်၏ အငယ်ဆုံးသားဖြစ်သည်။

“သူ (မီလန်နီယာထရန့်) က ဝါရှင်တန်ဒီစီမှာ နေချင်တယ်။ သူ့ကို အမေရိကန်သမ္မတရဲ့ ဇနီးအဖြစ် ဂုဏ်ပြုထားတယ်။ သူက သူ့ရဲ့အဆင့်အတန်းကို အသုံးပြုပြီးတော့ ကလေးတွေကို ကူညီဖို့ စီစဉ်နေတယ်။ စာအုပ်တွေ ရောင်းဖို့တော့ မဟုတ်ဘူး” ဟု ဂရစ်ဟမ်က ပြောကြားခဲ့သည်။ သမ္မတ၏ ဇနီးဟောင်း တစ်ဦးထံမှ ယင်းကြေညာချက်သည် အနှစ်သာရ မရှိကြောင်း ပေါ်လွင်နေကြောင်း၊ ယင်းသည် လူများ အာရုံစိုက်မှု ရရှိစေရန်နှင့် အတ္တကြီးစွာ အသံပြုနေခြင်း ဖြစ်ကြောင်း ဂရစ်ဟမ်က ပြောကြားခဲ့သည်။

အီဗန်နာထရန့်သည် ထရန့်၏ အကြီးဆုံးသားသမီးများဖြစ်သော ဒေါ်နယ်ဂျူနီယာ၊ အီဗန်ကာနှင့် အဲရစ်တို့၏ မိခင်ဖြစ်သည်။

အိမ်ခြံမြေလုပ်ငန်းရှင်မှ သမ္မတဖြစ်လာခဲ့သည့် ထရန့်သည် ဒုတိယဇနီးဖြစ်သူ မာလာမေပယ်နှင့် အခြားကလေး နှစ်ဦးလည်း ရရှိခဲ့သည်။ ယင်းနှစ်ဦးမှာ တက်ဖနီနှင့် ယခုအခါ အိမ်ဖြူတော်၌ နေထိုင်နေသည့် အသက် ၁၁ နှစ်ရှိ ဘာရွန်တို့ဖြစ်သည်။

ချက်ဇာတိ မော်ဒယ်ဟောင်း၊ စကိတ်စီးသမားနှင့် လုပ်ငန်းရှင ်အမျိုးသမီး တစ်ဦးဖြစ်သူ အီဗန်နာသည် ထရန့်နှင့် ၁၉၇၉ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ ထရန့်သည် ၎င်းနှင့်ဇာတ်လမ်း ရှိခဲ့ဖူးသော မေပယ်နှင့် လက်ထပ်ခဲ့သော်လည်း ခြောက်နှစ်အကြာတွင် ကွာရှင်းခဲ့သည်။ မီလန်နီယာ ထရန့်သည် ထရန့်၏ တတိယမြောက်ဇနီး ဖြစ်သည်။

Ref : AFP

Most Read

Most Recent