ညွန့်ပေါင်းအစိုးရဖွဲ့ရန် ဆွေးနွေးမှုမတိုင်မီ မာကယ်က ဒုက္ခသည်အရေအတွက်ကို ကန့်သတ်ရန် သဘောတူ

ညွန့်ပေါင်းအစိုးရဖွဲ့ရန် ဆွေးနွေးမှုမတိုင်မီ မာကယ်က ဒုက္ခသည်အရေအတွက်ကို ကန့်သတ်ရန် သဘောတူ
Published 10 October 2017

အောက်တိုဘာ ၉ ရက်က ဘာလင်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသော CDU ပါတီခေါင်းဆောင် ဝန်ကြီးချုပ်မာကယ် (ယာ)နှင့် CSU ပါတီခေါင်းဆောင် ဟော့ဇီဟိုဖာ (ဝဲ) (Photo: AFP)

အမတ်နေရာအများစု ရရှိထားမှု လျော့ကျမှုဖြင့် ရွေးကောက်ပွဲ အနိုင်ရခဲ့အပြီး နှစ်ပတ်အကြာတွင် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန်အတွက် ခက်ခဲသော ဆွေးနွေးပွဲများမတိုင်မီ ကွန်ဆာဗေးတစ်များနှင့် ညီညွတ်မှုရရှိရန် ကြိုးပမ်းမှုအဖြစ် ဂျာမနီ၏ ဒုက္ခသည်လက်ခံမှု အရေအတွက်ကို ကန့်သတ်ရန် အောက်တိုဘာ ၈ ရက်၌ သဘောတူခဲ့သည်။

၂၀၁၅ ခုနှစ်နောက်ပိုင်း ခိုလှုံခွင့်တောင်းခံသူ တစ်သန်းကျော်အား လက်ခံခဲ့သည့် ဆုံးဖြတ်ချက်အတွက် မာကယ်အား ဒေါသတကြီးဝေဖန်ခဲ့သော ဟော့ဇီဟိုဖာ ဦးဆောင်သည့် အာဏာရညွန့်ပေါင်းမှ ဘာဗေးရီးယားပါတီ CSU နှင့် မာကယ်၏ CDU ပါတီတို့က တံခါးပိတ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ၁၀ နာရီကြာ ဆွေးနွေးခဲ့အပြီးတွင် ယင်းပါတီနှစ်ခုက ဥရောပအင်အားအကြီးဆုံး စီးပွားရေး ဂျာမနီသို့ ဒုက္ခသည်ဝင်ရောက်မှုအား တစ်နှစ်လျှင် ၂၀၀၀၀၀ အထိသာ လက်ခံရန်အတွက် သဘောတူခဲ့ကြောင်း မူကြမ်းစာတမ်းတစ်ခုအရ သိရသည်။

ယင်းဆွေးနွေးပွဲသည် ၎င်းတို့အကြား ခါးသီးသော အချင်းများမှုများအား ဖြေရှင်းရန်ဖြစ်ပြီး ယင်းမှသာ ပါတီငယ်နှစ်ခုဖြစ်သော စီးပွားရေးလိုလားသည့်ပါတီ Free Democrats (FDP) နှင့် လက်ဝဲယိမ်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ လုပ်ဆောင်သည့် Greens ပါတီတို့နှင့် လာမည့်ညွန့်ပေါင်းအစိုးရဖွဲ့ရေး ဆွေးနွေးမှုမတိုင်မီ ညီညွှတ်သော ကွန်ဆာဗေးတစ်အင်အားစုအဖြစ် ပြသနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ စက်တင်ဘာ ရွေးကောက်ပွဲအပြီး ပါတီတွင်း စိန်ခေါ်မှုများကြုံခဲ့ရပြီး လာမည့်နှစ်တွင် ပြည်နယ်ရွေးကောက်ပွဲများ ယှဉ်ပြိုင်ရမည့် CSU ပါတီ၏ အကျပ်အတည်းကြုံနေရသည့် ဇီဟိုဖာကပါတီ၏ လက်ယာဘက်ယိမ်းလာမှုအား ဟန့်တားရန်နှင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချများအား သဘောထားတင်းမာသော AFD ပါတီကို ထောက်ခံသူများထံမှ မဲများပြန်လည်ရရှိရန် ကြိုးပမ်းမည်ဟု ကတိပြုခဲ့သည်။

ဒုက္ခသည်အရေအတွက် ကန့်သတ်ရေး၊ ခိုင်မာသော မျိုးချစ်စိတ်အား ကတိပြုရေးနှင့် ကွန်ဆာဗေးတစ်ဝါဒသည် တစ်ဖန်ဆွဲဆောင်မှုရှိကြောင်း အသိအမှတ်ပြုရေးအပါအဝင် အချက် ၁၀ ချက်ပါသည့် တောင်းဆိုချက်စာရင်းကို CSU ပါတီကထုတ်ပြန်ခဲ့ကြောင်း စောင်ရေအများဆုံးထုတ်ဝေသည့် Bild am Sonntag သတင်းစာက ဖော်ပြခဲ့သည်။ ဒုက္ခသည်လက်ခံမှုအား ၂၀၀၀၀၀ ၌ ကန့်သတ်ရန် ဇီဟိုဖာ၏ တောင်းဆိုချက်ကို မာကယ်က အစဉ်တစိုက် ပယ်ချလာခဲ့သော်လည်း အောက်တိုဘာ ၈ ရက်ဆွေးနွေးမှုတွင်မှ ၎င်းက လက်ခံခဲ့ခြင်းဖြစ်သည်။

ယင်းပါတီနှစ်ခု၏ မူကြမ်းစာတမ်းတွင် တစ်နှစ်လျှင် ဒုက္ခသည်လက်ခံမှုအား ၂၀၀၀၀၀ ၌ ကန့်သတ်ရန်၊ သို့သော် မလုပ်မီ အချို့အချက်များအား စဉ်းစားရန် သတိပေးခြင်း ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ခိုလှုံခွင့်တောင်းခံသူများအား ဂျာမနီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အကဲဖြတ်မှုများမပြုလုပ်မီ ပြန်ပို့ခြင်းအား မပြုလုပ်ရန်ပါဝင်သည်။ ပြည်တွင်း စစ်ဒဏ်သင့် ဆီးရီးယားနှင့် အခြားပဋိပက္ခဇုန် နိုင်ငံများမှလူများက ၂၀၁၅ ခုနှစ်ကကဲ့သို့ အစုလိုက်အပြုံလိုက် ဝင်ရောက်မှု တစ်ဖန်ဖြစ်ပွားလျှင် အစိုးရက ယင်းပြဿနာအား ပြန်လည်သုံးသပ်မည်ဖြစ်ပြီး လက်ခံမည့် အရေအတွက်သစ်အတွက် ပါလီမန်အား အကြံပြုနိုင်ကြောင်း သိရသည်။

Most Read

Most Recent