မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည်များ လှေမှောက်ရာ ၁၂ ဦးထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံး

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည်များ လှေမှောက်ရာ ၁၂ ဦးထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံး
Published 10 October 2017

စက်တင်ဘာ ၂ ရက်က ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ခြမ်းအနီးသို့ လှေများဖြင့် ရောက်လာကြသည့် ဘင်္ဂါလီမွတ်စလင်များ

ကလေးအများအပြားပါဝင်သော မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည်များကို အပြည့်အကျပ် တင်ဆောင်လာသည့် လှေကြီးတစ်စင်း အောက်တိုဘာ ၈ ရက်က တိမ်းမှောက်ခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါလှေကြီးသည် လူပေါင်း ၁၀၀ ခန့်ကို အပြည့်အသိပ် တင်ဆောင်လာပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပိုင်းခြားထားသည့် နတ်မြစ်၏အဝတွင် အောက်တိုဘာ ၈ ရက်ညက နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့နှင့် နယ်ခြားလုံခြုံရေးအရာရှိများက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ အရာရှိ အဗ္ဗဒူဂျာလယ်က တစ်ညလုံး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးနောက် အလောင်း ၁၂ လောင်းကိုရရှိရာ ကလေး ၁၀ ဦး၊ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ပါဝင်သည်ဟုဆိုသည်။

နယ်မြေကမ်းရိုးတန်းတပ်ဖွဲ့ လုံခြုံရေးမှူး အလာဒင်နာယန်က လူပေါင်း ၁၀၀ နီးပါးပါလာသည့် လှေနစ်မြုပ်မှုသည် ကမ်းရိုးတန်းရွာဖြစ်သော ဂါလာချာအနီး၌ဖြစ်သည်ဟု ဆိုသည်။

သူက လှေပေါ်၌လိုက်ပါလာသည့် လူပေါင်း ၄၀ ခန့်သည် အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များဖြစ်ပြီး ကျန်လူများမှာ ကလေးများဖြစ်ကာ ရခိုင်ပြည်နယ်တွင်ရှိသော ၎င်းတို့၏ရွာများမှ ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဆိုသည်။

နယ်ခြားစောင့်တပ်ဖွဲ့၏ ရေယာဉ်များက အမျိုးသမီးသုံးဦးနှင့် ကလေးနှစ်ဦးအပါအဝင် လူပေါင်း ၁၃ ဦးကို ကယ်ဆယ်ခဲ့သည်ဟု ဆိုသည်။

“လှေကြီးက မြန်မာပိုင်နက်အနီးမှာ မှောက်သွားတော့ လူအများအပြားက ရခိုင်ကမ်းရိုးတန်းဘက်ကို ရေကူးပြီး ရောက်သွားနိုင်ပါတယ်” ဟု ဂျာလယ်က ပြောကြားခဲ့သည်။

အဆိုပါလှေသည် ည ၁၀ နာရီခန့်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒေသခံမီဒီယာများက အသက်ရှင် ကျန်ရစ်သူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် လှေသည်လှိုင်းကြီးခြင်းနှင့် ရာသီဥတုဆိုးရွားခြင်းကြောင့် နစ်မြုပ်သွားရခြင်းဖြစ်သည်ဟု ဆိုသည်။

သြဂုတ်လ အနှောင်းပိုင်းမှစ၍ ဘင်္ဂါလီမွတ်စလင် ၅၂၀,၀၀၀ ခန့်သည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာခဲ့ကြရာတွင် လူအများအပြားသည် ထူထပ်သောတောအုပ်ကို ဖြတ်လျက် ရက်နှင့်ချီကြာအောင် လမ်းလျှောက်လာခဲ့ပြီးမှ အန္တရာယ်များသော ခရီးစဉ်ဖြင့် နတ်မြစ်ကို ဖြတ်ကူးခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင်များက ကြမ်းတမ်းသော မြစ်ကိုဖြတ်ကူးရန် လုံးဝလုံလောက်ခြင်း မရှိဟုဆိုသည့် သေးငယ်ပြီး ခနော်ခနဲ့နိုင်သော ငါးဖမ်းလှေများဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိအောင် ကြိုးပမ်းရာတွင် ကလေးအများအပြား ပါဝင်သည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ၁၅၀ ခန့် ရေနစ်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်က မြန်မာနိုင်ငံမှ ထွက်ခွာလာသည့် ဘင်္ဂါလီမွတ်စလင်များကို တင်ဆောင်လာသည့် လှေကြီးတစ်စင်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းသို့ ရောက်လုဆဲဆဲအချိန်၌ တိမ်းမှောက်ခဲ့ရာ လူပေါင်း ၆၀ ထက်မနည်း သေဆုံးခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။

အလောင်း ၂၃ လောင်းကို ပြန်လည်ရရှိခဲ့သော်လည်း လှေမှောက်ရာတွင် ပါဝင်ခဲ့သူ အများအပြားမှာ ရေစီးသန်သည့် မြစ်ကိုဖြတ်ကူးရန် အားနည်းလွန်းသော ငယ်ရွယ်သည့်ကလေးများ ဖြစ်နေသောကြောင့် သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာဖွယ်ရှိသည်ဟု ဆိုသည်။

သြဂုတ် ၂၅ ရက်တွင် အစွန်းရောက် ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများက မြန်မာနိုင်ငံရှိ ရဲစခန်းများကို တိုက်ခိုက်ကာ မြန်မာတပ်မတော်၏ ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းမှုကို ဖြစ်စေခဲ့ပြီးနောက် ဒုက္ခသည် အကျပ်အတည်း အကြီးအကျယ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent