ဆီးရီးယားမြောက်ပိုင်းတွင် တူရကီစစ်တပ်က ကင်းလှည့်စစ်ဆင်ရေးစတင်

ဆီးရီးယားမြောက်ပိုင်းတွင် တူရကီစစ်တပ်က ကင်းလှည့်စစ်ဆင်ရေးစတင်
Published 10 October 2017

အောက်တိုဘာ ၈ ရက်က ဆီးရီးယား-တူရကီ နယ်စပ်အနီး သွားလာနေသော တူရကီစစ်တပ်၏ သံချပ်ကာယာဉ်များ (Photo: AP)

တင်းမာမှုလျှော့ချရေးဇုန် ဖန်တီးရန် ကြိုးပမ်းမှုအနေဖြင့် ဆီးရီးယားမြောက်ပိုင်းမှ သူပုန်တို့ထိန်းချုပ်ထားသည့် အိုင်ဒလစ်ပြည်နယ်တွင် ကင်းလှည့်စစ်ဆင်ရေးကို စတင်ခဲ့ကြောင်း တူရကီစစ်ဘက်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံတွင်းတွင် တူရကီစစ်တပ်က ကျောထောက်နောက်ခံပေးသည့် ဆီးရီးယားသူပုန်များက ထိုးစစ်သစ်တစ်ခု စတင်ခဲ့ကြောင်း တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က အောက်တိုဘာ ၈ ရက်တွင် ကြေညာခဲ့သည်။

ယင်းကြေညာမှုသည် ဆီးရီးယားနိုင်ငံတွင်း၌ တူရကီက ပါဝင်ပတ်သက်သည့် စစ်ဆင်ရေးတစ်ခုကို ပထမဆုံးအကြိမ် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ရုရှား၊ အီရန်တို့နှင့်အတူ ပဋိပက္ခလျှော့ချရေးဇုန် ဖန်တီးရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ယင်းစစ်ဆင်ရေးကို စတင်ခြင်းဖြစ်သည်။

ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် အက်စတနာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆီးရီးယားနိုင်ငံတွင်း၌ တင်းမာမှုလျှော့ချရေးဇုန် လေးခုဖန်တီးရန် သဘောတူညီထားကြသည်။

ဒမတ်စကတ်အနီး ဂူအူတာအရှေ့ဘက်၊ အလယ်ပိုင်း ဟွမ်နှင့် ဆီးရီးယားတောင်ပိုင်းတွင် ပဋိပက္ခလျှော့ချရေးဇုန်သုံးခု ထူထောင်ထားပြီးဖြစ်သည်။ ယင်းဇုန်များကို ရုရှားစစ်ရဲများက စောင့်ကြည့်နေသည်။

အိုင်ဒလစ်ပြည်နယ်သည် အယ်ကေးဒါး၏ ဆီးရီးယားအဖွဲ့ခွဲက ဦးဆောင်သည့် ဟာရက်တာရီယာအယ်ရှန် (HTS) ကထိန်းချုပ်ထားသည်။ တူရကီလိုလားသည့် ဆီးရီးယားသူပုန်များသည် ယင်းနယ်မြေမှ HTS တို့ကို မောင်းထုတ်ရန်အတွက် လိုအပ်ပြီး အီရန်၊ ရုရှား၊ တူရကီတပ်ဖွဲ့ဝင်များက ပဋိပက္ခလျှော့ချရေးဇုန်ကို ထူထောင်ရမည်ဖြစ်သည်။

တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားတွင် နောက်ဆုံးပါဝင် ထိတွေ့ခဲ့သည်မှာ သြဂုတ်လကဖြစ်ပြီး တူရကီသည် ဆီးရီးယားမြောက်ပိုင်း အလက်ပိုတွင် ဂျီဟတ်နှင့် ကာ့ဒ်တို့အား ရှစ်လကြာ ထိုးစစ်ဆင်ခဲ့သည်။

ဆီးရီးယားတွင် အခြေအနေများ တိုးတက်လာလျှင်သော်မှ ထိုအကျပ်အတည်း၏ သက်ရောက်မှုများကို ရှောင်လွှဲနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ဆီးရီးယားသို့မသွားပါက ဆီးရီးယားတို့က တူရကီသို့ လာလိမ့်မည်ဖြစ်ကြောင်း အာဒိုဂန်က အောက်တိုဘာ ၈ ရက်တွင် တူရကီ၏ ဝင်ရောက်စွက်ဖက်မှုနှင့် ပတ်သက်၍ အကြောင်းပြချက်ပေးခဲ့သည်။

ရုရှားသည် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ကို ထောက်ခံသော်လည်း တူရကီက အာဆတ်ဖြုတ်ချရေး ကြိုးပမ်းသည့် သူပုန်များကို ထောက်ခံသည်။

ရုရှားနှင့် တူရကီတို့သည် ဆီးရီးယား ပဋိပက္ခအဆုံးသတ်ရေးအတွက် အတူတကွ အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်။ ခြောက်နှစ်ကျော် ကြာခဲ့ပြီဖြစ်သော ဆီးရီးယားပဋိပက္ခတွင် အရပ်သား ၃၃၀၀၀၀ ကျော် သေဆုံးထားပြီးဖြစ်သည်။