ဘောဂဗေဒ နိုဘယ်ဆုအား အမေရိကန် ဘောဂဒေဗပညာရှင် ရစ်ချက်သေလာ ရရှိ

ဘောဂဗေဒ နိုဘယ်ဆုအား အမေရိကန် ဘောဂဒေဗပညာရှင် ရစ်ချက်သေလာ ရရှိ
Published 10 October 2017

အောက်တိုဘာ ၉ ရက်က စတော့ဟုမ်းတွင် ၂၀၁၇ ခုနှစ် ဘောဂဗေဒ နိုဘယ်ဆုရှင်အား ထုတ်ပြန်ကြေညာနေစဉ် (Photo: AP)

အပြုအမူဆိုင်ရာ ဘောဂဗေဒ (Behavioral Economics) အတွက် သူ၏ဆောင်ရွက်ချက်များအား ဂုဏ်ပြုသောအားဖြင့် ရှီကာဂိုတက္ကသိုလ် ဘောဂဗေဒ သိပ္ပံပါမောက္ခ ရစ်ချက်အိတ်ချ်သေလာအား နိုဘယ်ဆု အပ်နှင်းကြောင်း နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက အောက်တိုဘာ ၉ ရက်တွင် ကြေညာခဲ့သည်။

အဲဖရက်နိုဘယ်အား အမှတ်တရအဖြစ် ဆွီဒင်ဗဟိုဘဏ်က ဖန်တီးချီးမြှင့်သော ဘောဂဗေဒနိုဘယ်ဆုအား ၁၉၆၉ ခုနှစ်တွင် ပထမဆုံးပေးအပ်ခဲ့သည်။ အခြားနိုဘယ်ဆုများသည် အဲဖရက်နိုဘယ်၏ ဆန္ဒအတိုင်း ၁၉၀၁ ခုနှစ်တွင် ပထမဆုံးပေးအပ်ခဲ့ကြသည်။

ဘောဂဗေဒနိုဘယ်ဆုသည် ခန့်မှန်းရလွယ်ကူဖွယ်ရှိပြီး အသက် ၅၅ နှစ်အထက် အမေရိကန်နိုင်ငံသားများက ယင်းဆုကိုရလေ့ရှိသည်။ ပြီးခဲ့သောနှစ် ၂၀ အတွင်း ဘောဂဗေဒနိုဘယ်ဆု၏ ၇၅ ရာခိုင်နှုန်းသည် ယင်းသတ်မှတ်ချက်နှင့် ကိုက်ညီခဲ့သည်။

ဒေါက်တာသေလာသည် စီးပွားရေးဆုံးဖြတ်ချက်အား သုံးသပ်ရာတွင် စားသုံးမှုဆိုင်ရာ စိတ်သဘောထားများအား ပေါင်းစည်းဆောင်ရွက်ခဲ့ကြောင်း ဆွီဒင်တော်ဝင် သိပ္ပံအကယ်ဒမီက ထုတ်ပြန်သည့် ကြေညာချက်က ဆိုသည်။ သူ၏စူးစမ်းမှုများနှင့် တွေ့ရှိမှုများက Behavioral Economics နယ်ပယ်သစ်အတွက် အဓိကကျနေကြောင်း ယင်းကြေညာချက်ကဆိုသည်။ ဈေးကွက်ရလဒ်များ၊ တစ်ဦးချင်း ဆုံးဖြတ်ချက်များကို သက်ရောက်သော လူသားတို့၏ အပြုအမူနှင့် ပတ်သက်ပြီး သေလာက စူးစမ်းရှာဖွေခဲ့ကြောင်း နိုဘယ်ဂျူရီအဖွဲ့က ပြောကြားခဲ့သည်။ ဒေါက်တာသေလာသည် ရှီကာဂိုတက္ကသိုလ် စီးပွားရေးကျောင်းမှ Behavioral Science and Econimics ၏ ပါမောက္ခဖြစ်သည်။ အသက် ၇၂ နှစ်အရွယ် နိုဘယ်ဆုရှင်သည် ဒေါ်လာ ၁ ဒသမ ၁ သန်းကို ဆုငွေအဖြစ် ရရှိမည်ဖြစ်သည်။

သေလာက ဆုရရှိခြင်းအတွက် ကျေနပ်ကြောင်း နိုဘယ်ကော်မတီကို ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြောကြားခဲ့သည်။ ရှီကာဂိုတက္ကသိုလ်သည် နိုဘယ်ဘောဂဗေဒကော်မတီအတွက် ထင်ရှားသော ကျောင်းတစ်ခုဖြစ်သည်။ ယခုချိန်အထိ ဘောဂဗေဒနိုဘယ်ဆုရှင် ၇၉ ဦးအနက် သုံးပုံတစ်ပုံကျော်သည် ရှီကာဂိုတက္ကသိုလ်၏ စီးပွားရေးကျောင်းနှင့် ဆက်နွှယ်နေသူများဖြစ်ကြသည်။

ယမန်နှစ်က ဘောဂဗေဒနိုဘယ်ဆုကို ဗြိတိန်-အမေရိကန်ဖွား စီးပွားရေးပညာရှင် အိုလီဘာဟက်နှင့် ဖင်လန်စီးပွားရေးပညာရှင် ဘန့်ဟိုးစတောင်းတို့က ရရှိခဲ့သည်။

Most Read

Most Recent