မြန်မာနိုင်ငံမှ ဘင်္ဂါလီများအတွက် အလွန်ကြီးမားသော ဒုက္ခသည်စခန်းတည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်၏ စီမံကိန်းသည် အန္တရာယ်များကြောင်း ကုလသမဂ္ဂ ပြောကြား

မြန်မာနိုင်ငံမှ ဘင်္ဂါလီများအတွက် အလွန်ကြီးမားသော ဒုက္ခသည်စခန်းတည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်၏ စီမံကိန်းသည် အန္တရာယ်များကြောင်း ကုလသမဂ္ဂ ပြောကြား
Published 9 October 2017

 

အောက်တိုဘာ ၇ ရက်က ကူတူပလောင်း ဒုက္ခသည်စခန်းတွင် ရိက္ခာအကူအညီရရှိရန် တိုကင်များအား ပြနေကြသည့် ဘင်္ဂါလီ ဒုက္ခသည်များ (Photo: AFP)

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာ ဟု ဖော်ပြ) ၈၀၀,၀၀၀ ကျော်အတွက် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကြီးတစ်ခု တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စီမံကိန်းသည် အန္တရာယ်များသည်ဟု ကုလသမဂ္ဂမှ ထိပ်တန်းအရာရှိတစ်ဦးက အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ထိုစခန်းကြီးထဲ၌ လူများပြည့်ကျပ်ညပ်လာမည် ဖြစ်သည့်အတွက် ကူးစက်ရောဂါများ လျင်မြန်စွာ ပျံ့နှံ့နိုင်သောကြောင့် အန္တရာယ်များသည်ဟု ပြောခြင်းဖြစ်သည်။

သြဂုတ် ၂၅ ရက်နောက်ပိုင်း မြန်မာနိုင်ငံဘက်မှ ရောက်လာသော ၅၀၀,၀၀၀ ကျော်ရှိသည့် ဘင်္ဂါလီဒုက္ခသည်များသည် ယခင်ကတည်းက ဒုက္ခသည်စခန်းများစွာထဲ ပြည့်ညပ်စွာ ရှိနေသည့် ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ထိုစဉ် ဖိအားများနှင့် ရင်ဆိုင်နေရသည့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ထိုဘင်္ဂါလီများအား နေရာချပေးရန်အတွက် နယ်စပ်မြို့ ကော့ဘဇားအနီးရှိ ကူတူပလောင်းဒုက္ခသည် စခန်းကို ထပ်မံတိုးချဲ့ရန် စီစဉ်ခဲ့သည်။

သို့သော် ဒါကာရှိ ကုလသမဂ္ဂ၏ ဒေသခံ ညှိနှိုင်းရေးမှူး ရောဘတ်ဝပ်ကင်က ဘင်္ဂလားဒေ့ရှ်အနေနှင့် ယင်းအစီအစဉ်အစား နေရာသစ်များ ရှာဖွေကာ ဒုက္ခသည်စခန်းများ ထပ်မံတည်ဆောက်သင့်သည်ဟု ပြောကြားခဲ့သည်။ “လူတွေအများကြီးကို အရမ်းသေးငယ်တဲ့ နေရာတစ်ခုထဲကို စုထည့်လိုက်မယ်ဆိုရင် အထူးသဖြင့် အဲဒီလူတွေဟာ ရောဂါကူးစက်ခံရနိုင်ခြေ အလွန်များတဲ့သူတွေဆိုရင် ဒါဟာ အန္တရာယ်များပါတယ်” ဟု ဝပ်ကင်က ပြောကြားခဲ့သည်။ ထိုနေရာတွင် ကူးစက်ရောဂါများ ဖြစ်ပွားပါကလည်း ယင်းရောဂါများသည် အလွန်လျင်မြန်စွာ ပျံ့သွားလိမ့်မည် ဖြစ်ပြီး စခန်းအတွင်း မီးဘေးအန္တရာယ်များလည်း ရှိကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

“စခန်းတစ်ခုတည်းကို စုပြုံထားမယ့်အစား စခန်းတွေခွဲပြီး နေရာချထားမယ်ဆိုရင် လူတွေကို စီမံရတာ ပိုပြီးလွယ်ကူမှာဖြစ်သလို ကျန်းမာရေးနဲ့ လုံခြုံရေးပိုင်းကို ကိုင်တွယ်ရတာလည်း ပိုလွယ်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်နေသည့် ဒုက္ခသည်စခန်းကြီးသည် ကမ္ဘာ့အကြီးဆုံးဖြစ်လာလိမ့်မည်ဟု ကုလသမဂ္ဂ၏ရွှေ့ပြောင်း အခြေချမှုအပြည်ပြည်ဆိုင်ရာအဖွဲ့ (IOM) က ဆိုသည်။ လက်ရှိအကြီးဆုံး ဒုက္ခသည် စခန်းများမှာ ဒုက္ခသည် ၃၀၀,၀၀၀ စီရှိသော ယူဂန္ဓာမှ ဘီဒီဘီဒီစခန်းနှင့် ကင်ညာမှ ဒါဒပ် စခန်းတို့ဖြစ်ကြသည်။ ဘင်္ဂလားဒေ့ရှ်က ထို စခန်းကြီးအတွက် မြေနေရာဧကသုံးထောင် လျာထားသည်။

Most Read

Most Recent