ဒေါ်နယ်ထရန့်က သံတမန်ရေးနှင့် စစ်ရေးအကြံပေးများကို ပါကစ္စတန်သို့ မကြာမီ စေလွှတ်မည်

ဒေါ်နယ်ထရန့်က သံတမန်ရေးနှင့် စစ်ရေးအကြံပေးများကို ပါကစ္စတန်သို့ မကြာမီ စေလွှတ်မည်
Published 8 October 2017

သြဂုတ် ၂၂ ရက်က အမေရိကန်သမ္မတ ထရန့်၏ မိန့်ခွန်းပြောမှုကို အစ္စလာမ္မာဘတ်တွင် ဖုန်းဖြင့် ကြည့်ရှုနေသူတစ်ဦး (Photo: AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် သူ၏ ထိပ်တန်းအကြံပေးများကို မကြာမီ သီတင်းပတ်များအတွင်း ပါကစ္စတန်သို့ စေလွှတ်သွားမည်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့များကို လက်ခံထားသည်ဟု စွပ်စွဲခံထားရသော နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် မဟာမိတ် ပါကစ္စတန်ကို ဖိအားတိုးပေးရန် ကြိုးပမ်းခဲ့သည်။ အစ္စလာမ္မာဘတ်သည် အကြမ်းဖက်သမားတို့အတွက် ဘေးကင်းသည့် နေရာဖြစ်နေကြောင်း ထရန့်ကဒေါသတကြီး စွပ်စွဲခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ် အကြာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က ယခုလနှောင်းပိုင်း၌ ပါကစ္စတန်သို့ ထွက်ခွာရန် စီစဉ်ထားသည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမာတစ်သည် ပါကစ္စတန်သို့ ရောက်ရှိမည် ဖြစ်ကြောင်း အမေရိကန်နှင့် ပါကစ္စတန် သတင်းရင်းမြစ်များက ဆိုသည်။ ပါကစ္စတန်က ဂျီဟတ်အဖွဲ့များကို ထောက်ပံ့မှု အဆုံးသတ်ရန် ထရန့်က သတင်းပါးလိုခြင်းဖြစ်ကြောင်း ယင်းခရီးစဉ်များနှင့် နီးစပ်သည့် တာဝန်ရှိသူများက ဆိုသည်။

တာလီဘန်အဖွဲ့ခွဲများကို ပါကစ္စတန် နယ်စပ်တွင် ခိုလှုံခွင့်ပေးထားမှုက ဝါရှင်တန်ကို စိတ်ပျက်စေခဲ့သည်။ အယ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို သတ်ဖြတ်ရန် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက ပါကစ္စတန်သို့ ကွန်မန်ဒိုများ စေလွှတ်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် ကျမှတ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုနောက်ပိုင်းတွင် အပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့ပြီး ထရန့် အာဏာရလာချိန်တွင် ဝါရှင်တန်၏ စိတ်ပျက်မှုများသည် အဆုံးစွန်သို့ ရောက်လာခဲ့သည်။

“ကျွန်တော်တို့က ပါကစ္စတန်ကို ဒေါ်လာဘီလျံနှင့်ချီပြီး ပေးနေပါတယ်။ တစ်ချိန်တည်းမှာ သူတို့က ကျွန်တော်တို့ တိုက်ခိုက်နေတဲ့ အကြမ်းဖက်သမားတွေကို နေစရာပေးနေပါတယ်” ဟု ထရန့်က သြဂုတ်လ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ သို့သော်လည်း ထိုမိန့်ခွန်းပြီးနောက် သီတင်းပတ် ခြောက်ပတ်ခန့်အကြာတွင် ထရန့်က လေသံ ပျော့ပျောင်းသွားခဲ့သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ခါဝါဂျာအာဆစ်သည် ဝါရှင်တန်သို့ သွားရောက်ခဲ့ပြီး ပါကစ္စတန်အား စွပ်စွဲမှုများသည် လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ပြောကြားခဲ့သည်။ စွပ်စွဲမှုများနှင့် ခြိမ်းခြောက်မှုများအစား ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အာဆစ်က ပြောကြားခဲ့သည်။

အများရှေ့တွင် ဒေါသထွက်နေသော်လည်း ပါကစ္စတန် တာဝန်ရှိသူများက ၎င်းတို့သည် ဟက်ကာနီကွန်ရက်နှင့် အခြားအဖွဲ့များကို တိုက်ခိုက်ရန်အတွက် တောင်းဆိုမှု ရရှိခဲ့ခြင်း မရှိကြောင်း တီးတိုးဝေဖန် ပြောကြားထားသည်။ အမေရိကန် တာဝန်ရှိသူများက ပါကစ္စတန် အစိုးရအဖွဲ့အတွင်း ဆက်နွှယ်မှုများက ပစ်မှတ်များထံ သတင်းပေါက်ကြားမည်ကို စိုးရိမ်ပြီး ထောက်လှမ်းရေး သတင်းအချက်များ မျှဝေရန် တွန့်ဆုတ်နေကြသည်။

နေတိုးအဖွဲ့ဝင် မဟုတ်ဘဲ အမေရိကန်၏ အဓိကမဟာမိတ်အဖြစ် သတ်မှတ်ခံထားရသော ပါကစ္စတန်အား မိတ်ဖက်ဆက်ဆံမှု ရုပ်သိမ်းရန် အမေရိကန် မူဝါဒ ချမှတ်သူများက စဉ်းစားနေကြသည်။

Ref: AFP

Most Read

Most Recent