ကာတာလိုနီးယား ဆန္ဒခံယူပွဲ နှိမ်နင်းမှုတွင် ဆန္ဒပြသူများ ဒဏ်ရာရခဲ့မှုအတွက် စပိန်ဗဟို အစိုးရက တောင်းပန်

ကာတာလိုနီးယား ဆန္ဒခံယူပွဲ နှိမ်နင်းမှုတွင် ဆန္ဒပြသူများ ဒဏ်ရာရခဲ့မှုအတွက် စပိန်ဗဟို အစိုးရက တောင်းပန်
Published 8 October 2017

အောက်တိုဘာ ၃ ရက်က ဘာစီလိုနာတွင် စပိန်ဘုရင်၏ ကြေညာချက်သတင်းအား ကြည့်ရှုနေကြသူများ (Photo: AP)

စပိန်ဗဟို အစိုးရက တရားမဝင်ဟု ပိတ်ပင်ထားသော ကာတာလိုနီးယား လွတ်လပ်ရေး ဆန္ဒခံယူပွဲတွင် ရဲတပ်ဖွဲ့၏ နှိမ်နင်းမှုကြောင့် ဒဏ်ရာရခဲ့ကြသည့် ကာတာလန် ဆန္ဒပြသူများအား ဗဟိုအစိုးရက အောက်တိုဘာ ၆ ရက်တွင် ပထမဆုံးအကြိမ် တောင်းပန်မှု ပြုလုပ်ခဲ့သည်။

ကာတာလန် ခေါင်းဆောင်များက လွတ်လပ်ရေးအား တစ်ဖက်သတ် ကြေညာမည်ဟု ခြိမ်းခြောက်ထားသည်။ စပိန်ဝန်ကြီးချုပ် မာရီယာနိုဂျွိုင်းက ယင်းကိစ္စအား ဟန့်တားမည်ဟု ကတိပြုပြီး စေ့စပ်ညှိနှိုင်းမှုကို လက်မခံဟု ပယ်ချထားရာ ယင်းအငြင်းပွားမှု ပြေလည်စေရန်အတွက် ဘာစီလိုနာနှင့် ရီးရဲမက်ဒရစ် ဘောလုံးသမားများကပင် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ကမ္ဘာလှည့် ခရီးသွားများ အကြားထင်ရှားပြီး လူဦးရေ ၇ ဒသမ ၅ သန်းနေထိုင်ကာ စပိန်စီးပွားရေး၏ ငါးပုံတစ်ပုံအား ကိုယ်စားပြုသော နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကာတာလိုနီးယားဒေသတွင် မငြိမ်သက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှု မြင့်တက်နေခဲ့သည်။

သို့သော် ဥရောပကို မတည်ငြိမ်စေရန် အန္တရာယ်ကြုံရနိုင်သော နိုင်ငံရေး ပဋိပက္ခထဲသို့ သက်ဆင်းမည့်အရေးမှ နောက်ပြန်ဆုတ်ရန် ဆန္ဒရှိကြောင်း နှစ်ဘက်စလုံးက အောက်တိုဘာ ၆ ရက်တွင် ပထမဆုံးအကြိမ် ပြသခဲ့ကြသည်။ ရက်ပေါင်းများစွာ ဒေါသတကြီး ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ဗဟိုအစိုးရက ဆန္ဒခံယူပွဲတွင် ဒဏ်ရာရခဲ့သူများအတွက် စိတ်မကောင်းမိကြောင်း ထုတ်ပြန်ခဲ့ပြီး ကာတာလိုနီးယားသည် ယင်းပြဿနာအား ဖြေရှင်းရန်အတွက် ဒေသဆိုင်ရာ ရွေးကောက်ပွဲတစ်ရပ် ကျင်းပသင့်ကြောင်း အကြံပြုခဲ့သည်။

ကာတာလိုနီးယားခေါင်းဆောင် Carles Puigdemont ၏ အနီးကပ် မဟာမိတ်ဖြစ်သော ကာတာလန် အစိုးရ ဝန်ကြီး ဆန်တီဗီလာက ၎င်းတို့သည် မက်ဒရစ်၏ နောက်ထပ် ဖြိုခွင်းခံရမှုမှ ရှောင်လွဲှနိုင်ရန်အတွက် ယင်းပြဿနာတွင် ဆိုင်းငံ့မှုပြုလုပ်ရန် စဉ်းစားနိုင်ကြောင်း ရုပ်သံ Racl သို့ ပြောကြားခဲ့သည်။ သို့သော် စီးပွားရေးလုပ်ငန်းများနှင့် ဗဟိုအစိုးရက ကာတာလိုနီးယားအား စီးပွားရေးအရ ဖိအားပေးမှု ဆက်လက်ပြုလုပ်နေပြီး ကုမ္ပဏီကြီး အများအပြားက ၎င်းတို့၏ မှတ်ပုံတင်ထားသည့် နေရာများကို စပိန်၏ အခြားနေရာများသို့ ရွှေ့ပြောင်းမည်ဟု ကြေညာခဲ့ကြသည်။

လွတ်လပ်ရေးအတွက် ကြေညာလိမ့်မည်ဟု ခေါင်းဆောင်အချို့က မျှော်လင့်ထားကြသော ဒေသဆိုင်ရာ ပါလီမန် အစည်းအဝေးသို့ တက်ရောက်မှုအား Puigdemont က ရွှေ့ဆိုင်းခဲ့ကြောင်း ၎င်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ယင်းအစည်းအဝေးတွင် Puigdemont က မည်သည့်အရာ ပြောမည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

ယင်းအချိန်တွင် အောက်တိုဘာ ၆ ရက်က မက်ဒရစ်၌ ကာတာလိုနီးယားရဲချုပ်နှင့် ထင်ရှားသည့် ခွဲထွက်ရေးခေါင်းဆောင် နှစ်ဦးတို့သည် နိုင်ငံတော် အကြည်ညိုပျက်စေမှု စွဲချက်များဖြင့် ကြားနာမှုသို့ တက်ရောက်ခဲ့သော်လည်း တရားရုံးက ၎င်းတို့အား ချုပ်မိန့် မထုတ်ပြန်ခဲ့ပေ။ ကာတာလန် အစိုးရက အောက်တိုဘာ ၆ ရက်တွင် ဆန္ဒခံယူပွဲ နောက်ဆုံးရလဒ်ကို ထုတ်ပြန်ခဲ့ရာ မဲလာရောက်ပေးသူ ၄၃ ရာခိုင်နှုန်းရှိပြီး မဲဆန္ဒရှင် ရာခိုင်နှုန်း ၉၀ က စပိန်မှ ခွဲထွက်ရန် ထောက်ခံခဲ့ကြောင်း သိရသည်။

Ref: AFP

Most Recent