အမေရိကန်က ဒေါ်လာ ၁၅ ဘီလျံတန် THAAD ဒုံးခွင်းစနစ်ကို ဆော်ဒီအာရေဗျသို့ ရောင်းချမည်

အမေရိကန်က ဒေါ်လာ ၁၅ ဘီလျံတန် THAAD ဒုံးခွင်းစနစ်ကို ဆော်ဒီအာရေဗျသို့ ရောင်းချမည်
Published 8 October 2017

စက်တင်ဘာ ၄ ရက်က တောင်ကိုရီးယားတောင်ပိုင်းရှိ ဂေါက်ကွင်းတစ်ခုတွင် THAAD ဒုံးခွင်းစနစ်အား တွေ့ရစဉ် (Photo: AFP)

အမေရိကန် အစိုးရက ဆော်ဒီအာရေဗျသို့ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ် (THAAD) ကို ဒေါ်လာ ၁၅ ဘီလျံဖြင့် ရောင်းချရန် အတည်ပြုလိုက်ပြီဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ဒီရောင်းချမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြား မူဝါဒ အကျိုးစီးပွားကို အထောက်အပံ့ ဖြစ်စေပြီး အီရန်နဲ့ အခြားဒေသတွင်း ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဆော်ဒီနဲ့ ပင်လယ်ကွေ့ဒေသရဲ့ ရေရှည်လုံခြုံရေးကို ပံ့ပိုးပေးရာ ရောက်ပါတယ်” ဟု ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။

ဆော်ဒီဘုရင် ဆယ်မန်သည် ရုရှားနိုင်ငံသို့ သွားကာ သမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံပြီး တစ်ရက်အကြာတွင် ဆော်ဒီတို့ ဝယ်ယူခွင့်ရရန် ကာလရှည်ကြာ ကြိုးပမ်းခဲ့ရသည့် THAAD စနစ်ကို ရောင်းချပေးရန် အမေရိကန်က မီးစိမ်းပြလိုက်ခြင်းဖြစ်သည်။

ဘုရင်ဆယ်မန်သည် ရုရှားခရီးစဉ် အတွင်း၌လည်း ရုရှား၏ S-400 ဝေဟင်ကာကွယ်ရေး စနစ်ကို ဝယ်ယူရေးအတွက် စဉ်းစားရန် အကြိုသဘောတူညီချက် တစ်ခုတွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆင့်မြင့် ရေဒါစနစ်တစ်ခုပါသည့် THAAD သည် အမေရိကန်၏ စစ်လက်နက် အသုံးအဆောင်များတွင် စွမ်းဆောင်ရည် အမြင့်ဆုံး ဒုံးခွင်းအမြောက်စုဖြစ်သည်။ ဆော်ဒီ၏ အိမ်နီးချင်းများဖြစ်သော ကာတာနှင့် ယူအေအီးတို့တွင်လည်း THAAD ဒုံးခွင်းစနစ်များ ရှိသည်။

အမေရိကန်စစ်တပ်က THAAD စနစ်အား နောက်ဆုံးတပ်ဖြန့်ခဲ့သည်မှာ တောင်ကိုရီးယားသို့ဖြစ်ပြီး မြောက်ကိုရီးယား ဒုံးကျည်ရန်ကို ကာကွယ်ရန်အတွက် ဖြစ်သည်။ သို့သော်လည်း တရုတ်က THAAD ၏ အာရုံခံစနစ်သည် တရုတ်ဝေဟင်ကို ထွင်းဖောက်နိုင်မည်ကို စိုးရိမ်ပြီး ဒေသတွင်း၏ အာဏာဟန်ချက်ညီမှုကို ထိခိုက်စေမည့်အရေးနှင့် ပတ်သက်၍ စိတ်မချမ်းမသာဖြစ်ကာ အကြီးအကျယ် ကန့်ကွက်ခဲ့သည်။

အမေရိကန် ကွန်ဂရက်က ရက် ၃၀ အတွင်း တားမြစ်ခြင်း မပြုလုပ်ပါက THAAD ဒုံးခွင်းစနစ်အား ဆော်ဒီသို့ ရောင်းချမှုကို ဆက်လက်လုပ်ဆောင်သွားနိုင်သည်ဟု သက်ဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဆော်ဒီ၏ လက်ထဲသို့ THAAD စနစ် ရောက်ရှိသွားလျှင် ပင်လယ်ကွေ့ဒေသ၏ အခြေအနေများကို တည်ငြိမ်စေနိုင်ပြီး ဒေသတွင်းမှ အမေရိကန်တပ်ဖွဲ့များနှင့် မဟာမိတ်များကိုလည်း ကူညီကာကွယ်ပေးရာ ရောက်မည်ဟု ကွန်ဂရက်သို့ အကြံပေးမည်ဟု ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မေလက ဆော်ဒီသို့ သွားရောက်စဉ် ရရှိခဲ့သည့် ဒေါ်လာဘီလျံ ၁၁၀ တန်ဖိုးရှိသော လက်နက်ဝယ်ယူရေး သဘောတူညီမှုများအနက် ယခု THAAD စနစ်သည် တစ်စိတ်တစ်ပိုင်း ပါသည်ဟု ရှုမြင်ခံနေရသည်။

“ဆော်ဒီကို ဒီဒုံးခွင်းစနစ်ရောင်းချလိုက်ရင် ကြီးထွားလာတဲ့ ဒေသတွင်းခြိမ်းခြောက်မှုကို ကိုယ်တိုင်ပြန်ခုခံနိုင်တဲ့ ဆော်ဒီရဲ့ စွမ်းရည်ကို ပိုတိုးတက်စေမှာ ဖြစ်ပါတယ်။ THAAD ရဲ့ ကမ္ဘာလေထုပြင်ပအထိ ရောက်ရှိနိုင်မှု၊ တိကျမှုတွေဟာ ဆော်ဒီရဲ့ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးနဲ့ ပေါင်းစည်းသွားမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ ယခု ရောင်းချမှုအတွက် အဓိက အကျိုးအမြတ် ရရှိမည့် အမေရိကန် ကန်ထရိုက်တာများမှာ လေယာဉ်၊ ဒုံးတည်ဆောက်ရေး လုပ်ငန်းကြီး Lockheed Martin ၏ အာကာသဌာနနှင့် ကာကွယ်ရေး ကန်ထရိုက်တာ Raytheon တို့ ဖြစ်သည်။

Ref: AFP

Most Read

Most Recent