ဗဟိုအမေရိကတွင် အင်အားပြင်း အပူပိုင်းမုန်တိုင်း Nate ဝင်ရောက်ခဲ့ပြီး လူ ၂၂ ဦး သေဆုံး

ဗဟိုအမေရိကတွင် အင်အားပြင်း အပူပိုင်းမုန်တိုင်း Nate ဝင်ရောက်ခဲ့ပြီး လူ ၂၂ ဦး သေဆုံး
Published 7 October 2017

အောက်တိုဘာ ၅ ရက်က ကော်စတာရီကာတွင် မိုးရေထဲ၌ လမ်းလျှောက်နေကြသူများ (Photo: AP)

ဗဟိုအမေရိကတွင် အပူပိုင်းမုန်တိုင်း Nate ဝင်ရောက်မှုကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူထောင်နှင့်ချီ နေအိမ်များကို စွန့်ခွာခဲ့ရခြင်း၊ အပင်များ လဲကျခြင်း၊ တံတားများပြိုကျခြင်းနှင့် လမ်းများ ရေလွှမ်းခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု တာဝန်ရှိသူများက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ယင်းမုန်တိုင်းသည် ဟာရီကိန်းအဖြစ် အားကောင်းလာနိုင်ပြီး မက္ကဆီကိုနှင့် အမေရိကန်သို့ ဦးတည်ဝင်ရောက်နိုင်သည်ဟု မိုးလေဝသ ခန့်မှန်းသူများက ကြိုတင်ခန့်မှန်းခဲ့သည်။

အောက်တိုဘာ ၄ ရက်တွင် စတင်ဝင်ရောက်ခဲ့သည့် ယင်းမုန်တိုင်းကို နီကာရာဂွါနိုင်ငံက အဆိုးရွားဆုံး ကြုံတွေ့ခဲ့ပြီး လူ ၁၁ ဦးသေဆုံးကာ ခုနစ်ဦး ပျောက်ဆုံးနေသည်ဟု ဒုတိယသမ္မတ ရိုဆာရီအိုမူရီလိုက အစိုးရပိုင် မီဒီယာသို့ ပြောကြားခဲ့သည်။

ကော်စတာရီကာနိုင်ငံတွင် သစ်ပင်များ လဲကျခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့် စိုက်ပျိုးမွေးမြူရေးခြံတွင် အလုပ်လုပ်နေသည့် နီကာရာဂွါနိုင်ငံသား နှစ်ဦး အပါအဝင် ရှစ်ဦးသေဆုံးခဲ့ပြီး ၁၇ ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကော်စတာရီကာတွင် မြေပြိုမှုများ၊ လမ်းများရေလွှမ်းခြင်းနှင့် မြစ်ရေကြီးခြင်းများနှင့် ရုန်းကန်နေရစဉ် နိုင်ငံတစ်ဝန်း အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent