လပ်စ်ဗီးဂတ် သေနတ်သမားနှင့် ပုံမှန်တွဲနေသူသည် သြစတြေးလျ အမျိုးသမီးတစ်ဦးဖြစ်ဟု အမေရိကန် အတည်ပြု

လပ်စ်ဗီးဂတ် သေနတ်သမားနှင့် ပုံမှန်တွဲနေသူသည် သြစတြေးလျ အမျိုးသမီးတစ်ဦးဖြစ်ဟု အမေရိကန် အတည်ပြု
Published 4 October 2017

အောက်တိုဘာ ၁ ရက်က လပ်စ်ဗီးဂတ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် ထွက်ပြေးနေကြသူများအား တွေ့ရစဉ် (Photo : AFP)

လပ်စ်ဗီးဂတ် သေနတ်သမား စတီဖင်ပက်ဒေါ့နှင့် ပုံမှန်တွဲနေသူသည် အမေရိကန်သို့ ပြီးခဲ့သောနှစ် ၂၀ ခန့်က ပြောင်းရွှေ့လာခဲ့သည့် သြစတြေးလျ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း အမေရိကန်အစိုးရက အောက်တိုဘာ ၃ ရက်တွင် အတည်ပြုခဲ့သည်။

အသက် ၆၂ နှစ်ရှိ မာရီလူဒန်လေးသည် လူ ၅၉ ဦး သေဆုံးခဲ့ပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့သည့် ထိတ်လန့်ဖွယ် ပစ်ခတ်မှုတွင် ပါဝင်ခဲ့ဖွယ်ရှိဟု ကနဦးတွင် ယူဆခံခဲ့ရသော်လည်း နောက်ပိုင်းတွင်မူ ပတ်သက်ခြင်းမရှိဟု ပြန်လည်ထုတ်ပြန်ခဲ့သည်။

အငြိမ်းစား စာရင်းကိုင်ဖြစ်သူ အသက် ၆၄ နှစ်ရှိ ပက်ဒေါ့က Mandalay Bay ဟို တယ်ပြတင်းပေါက်မှနေ၍ ကျေးလက်ဂီတ ဖျော်ဖြေပွဲလာသူများအား သေနတ်ဖြင့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ချိန်တွင် မာရီလူဒန်လေးသည် နိုင်ငံပြင်ပ၌ ရှိနေခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပြစ်မှုမှတ်တမ်းမရှိဘဲ လောင်းကြေးမြင့် ကစားသမား တစ်ဦးဖြစ်သူ ပက်ဒေါ့သည် ဟိုတယ်၏ ၃၂ ထပ်အခန်းတွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ခဲ့ကြောင်း သိရသည်။

အမေရိကန် တာဝန်ရှိသူများက ယင်းပစ်ခတ်မှုအတွင်း သြစတြေးလျ အမျိုးသမီး မာရီလူဒန်လေး ပါဝင်ခဲ့ခြင်း မရှိကြောင်း မှတ်ယူခဲ့သည်ဟု နားလည်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က Twitter တွင် ရေးသားခဲ့သည်။

အမေရိကန် တာဝန်ရှိသူများသည် မာရီလူဒန်လေးနှင့် ပတ်သက်၍ ၎င်းတို့ထံ ဆက်သွယ်ခဲ့ကြောင်း ဘစ်ရှော့က သတင်းထောက်များကို ပြောကြားခဲ့သည်။ မာရီလူဒန်လေး၏ သက်သေခံကတ်အားသုံး၍ ဟိုတယ်တွင် အခန်းယူခြင်း သို့မဟုတ် ယင်းကဲ့သို့ အသေးစိတ် အချက်အလက်များ သုံးစွဲခြင်း ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ခဲ့ကြောင်း၊ သြစတြေးလျသည် ယင်းစုံစမ်းစစ်ဆေးမှုတွင် အမေရိကန်အား အစွမ်းကုန် ကူညီပေးသွားမည် ဖြစ်ကြောင်း၊ သို့သော် ၎င်းတို့သည် မာရီလူဒန်လေးနှင့် တိုက်ရိုက်အဆက်အသွယ် မရှိခဲ့ကြောင်း ဘစ်ရှော့က ပြောကြားခဲ့သည်။

ယင်းအမျိုးသမီးသည် ဖိလစ်ပိုင် သို့မဟုတ် ဂျပန်တွင် ရောက်နေနိုင်ကြောင်း အမေရိကန် မီဒီယာများနှင့် တာဝန်ရှိသူများက ပြောကြားခဲ့ကြသော်လည်း ၎င်းမည်သည့်နေရာသို့ ရောက်ရှိနေကြောင်း ယင်းနှစ်နိုင်ငံ စလုံးက အတည်မပြုနိုင်သေးပေ။ မာရီလူ ဒန်လေးသည် အမျိုးသမီးမိတ်ဆွေ သုံးဦးနှင့်အတူ ဖိလစ်ပိုင်သို့ အားလပ်ရက် ခရီးထွက်ခဲ့ကြောင်း သြစတြေးလျ မီဒီယာက ဖော်ပြခဲ့သည်။

ယင်းဖိလစ်ပိုင်-သြစတြေးလျ အမျိုးသမီးသည် Gold Coast ခရီးသွားလမ်းမြောင်တွင် နေထိုင်လာခဲ့သူဖြစ်ပြီး သမီးတစ်ဦးလည်း မွေးဖွားခဲ့ကြောင်း News Corp Australia သတင်းစာက ဖော်ပြခဲ့သည်။ ၎င်း၏သမီးဖြစ်သူ လီဇာဝါနာက လတ်တလောတွင် ၎င်းက မည်သည့်အရာမျှ မှတ်ချက်မပေးနိုင်ကြောင်း Sydney Daily Telegraph သတင်းစာသို့ ပြောကြားခဲ့သည်။ မာရီလူဒန်လေးသည် Gold Coast တွင် ဆယ်စုနှစ်တစ်ခု ကျော်ကြာနေထိုင်ခဲ့ပြီး ယခုအခါ သေဆုံးခဲ့ပြီဖြစ်သော သြစတြေးလျ အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သောနှစ် ၂၀ ခန့်က အမေရိကန်သို့ ပြောင်းရွှေ့ခဲ့ပြီး လပ်စ်ဗီးဂတ် အရှေ့မြောက်ဘက် မိုင် ၈၀ အကွာရှိ နီဗားဒါးမှ Mesquite အပြင်ဘက် ကန္တာရ၌ တည်ဆောက်ခဲ့သော ဂေါက်ကွင်းသစ်တွင် ပက်ဒေါ့နှင့်အတူ အိမ်ငှားနေခဲ့ကြောင်း သတင်းထွက်ခဲ့သည်။

Ref : AFP

Most Read

Most Recent