ရွေးကောက်ပွဲများအား ခြယ်လှယ်မှုများကို တိုက်ဖျက်ရန်အတွက် Facebook က လူ ၁၀၀၀ ကျော် အင်အားထပ်မံဖြည့်မည်

ရွေးကောက်ပွဲများအား ခြယ်လှယ်မှုများကို တိုက်ဖျက်ရန်အတွက် Facebook က လူ ၁၀၀၀ ကျော် အင်အားထပ်မံဖြည့်မည်
Published 4 October 2017

Photo : AP

ရွေးကောက်ပွဲများကို လမ်းကြောင်းလွဲစေရန် စီစဉ်ထားသည့် လှည့်ဖြားတတ်သော ကြော်ငြာများအား တိုက်ဖျက်ရန်အတွက် လူ ၁၀၀၀ ကျော်ကို ငှားရမ်းသွားမည်ဖြစ်ကြောင်း Facebook က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

ယမန်နှစ် အမေရိကန် ရွေးကောက်ပွဲမတိုင်မီတွင် လူမှုမီဒီယာ၌ ရွေးကောက်ပွဲကို လွှမ်းမိုးရန် ကြိုးပမ်းမှုများ သည် အရေးကြီးကိစ္စတစ်ခု ဖြစ်လာခဲ့ပြီး Facebook သည် ရုရှားနှင့် ဆက်နွှယ်နေသော ကြော်ငြာ ၃၀၀၀ ကျော်ကို အမေရိကန်ကွန်ဂရက်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ကွန်ဂရက် စုံစမ်းစစ်ဆေးသူတွေထံကို အဲဒီကြော်ငြာတွေ ကျွန်တော်တို့ လွှဲပြောင်းပေးနေပါတယ်” ဟု Facebook ၏ ကမ္ဘာ့ရေးရာ မူဝါဒဆိုင်ရာ ဒုဥက္ကဋ္ဌ ဂျိုးကာပလန်က အွန်လိုင်းတွင် ရေးသားခဲ့သည်။

Facebook က လွှဲပြောင်းပေးခဲ့သော ကြော်ငြာအများအပြားသည် လူမျိုးရေးနှင့် လူမှုရေးဆိုင်ရာ ကွဲလွဲမှုများကို ပိုမိုကြီးကျယ်စေခဲ့ဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းကြော်ငြာများသည် Internet Research Agency ဟု ထင်ရှားသည့် ရုရှားအဖွဲ့ တစ်ဖွဲ့နှင့် ဆက်နွှယ်နေပြီး အစစ်အမှန် မဟုတ်သော အကောင့်များမှ ထွက်ပေါ်လာသည့် ကြော်ငြာများ ဖြစ်သောကြောင့် Facebook ၏ မူဝါဒများကို ချိုးဖောက်ခဲ့သည်။

Facebook ၏ ကမ္ဘာလုံးဆိုင်ရာ ကြော်ငြာများအား သုံးသပ်သည့် အဖွဲ့ကို အင်အားတိုးရန်အတွက် လာမည့်နှစ်တွင် လူ ၁၀၀၀ ကျော် ငှားရမ်းသွားမည်ဖြစ်ကြောင်း ကာပလန်က ပြောကြားခဲ့သည်။ ထို့ပြင် Facebook သည် ၎င်းတို့၏မူဝါဒများကို ချိုးဖောက်သော ကြော်ငြာများအား ရှာဖွေတားဆီးရန်အတွက် စက်ဖြင့် ဆောင်ရွက်နိုင်ရေးကို ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်သွားရန်လည်း စီစဉ်နေသည်။

ရွေးကောက်ပွဲများကို လွှမ်းမိုးရန် Facebook အား အသုံးပြုရေး ကြိုးပမ်းမှုများကို တိုက်ဖျက်သွားမည် ဖြစ်ကြောင်း အမှုဆောင်ချုပ် မက်ဇက်ကာဘတ်က ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။ Facebook အား ခြယ်လှယ်မှုများကို ကာကွယ်ရန်အတွက် အရေးယူ ဆောင်ရွက်မှုများကို ဇက်ကာဘတ်က ဆက်တိုက် ထုတ်ပြန်ထားခဲ့သည်။

အမေရိကန်ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ နောက်ပိုင်းတွင် နိုင်ငံရေး ပဋိပက္ခများအား ပိုဆိုးစေရန် ရည်ရွယ်၍ ရုရှားနှင့် ဆက်နွှယ်နေသော အတုအယောင် အကောင့်များက ကြော်ငြာများဖြင့် ဆောင်ရွက်ခဲ့ကြောင်း Facebook က သုံးသပ်တွေ့ရှိ ထားသည်။

Ref : AFP

Most Read

Most Recent