အမေရိကန်က ဖိလစ်ပိုင်ကို ထောက်လှမ်းရေးလေယာဉ်များ လှူဒါန်း

အမေရိကန်က ဖိလစ်ပိုင်ကို ထောက်လှမ်းရေးလေယာဉ်များ လှူဒါန်း
Published 29 July 2017


အမေရိကန်က ပေးအပ်ခဲ့သည့် Cessna-208B လေယာဉ်အား ဇူလိုင် ၂၇ ရက်က စစ်ဆေးကြည့်ရှုနေသည့် ဖိလစ်ပိုင်လေယာဉ်မှူးများ (Photo: AFP)

အစ္စလာမ္မစ် စစ်သွေးကြွတို့ကို နှိမ်နင်းနေသော အာရှမဟာမိတ် ဖိလစ်ပိုင်အား ကူညီရန်အတွက် အမေရိကန်သည် ဇူလိုင် ၂၇ ရက်တွင် ဖိလစ်ပိုင်အား ကင်းထောက်လေယာဉ်များ လှူဒါန်းခဲ့သည်။

Cessna C208B လေယာဉ်နှစ်စင်းအား ဒေါ်လာ သန်း ၃၀ ကျော် တန်ဖိုးရှိသော လက်နက်များနှင့်အတူ ပေးအပ်ခဲ့ကြောင်း အမေရိကန် သံအမတ်ကြီး ဆန်းကင်နှင့် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒဲဖင်လိုရင်ဇာနာတို့က ပြောကြားခဲ့သည်။

ယင်းလေယာဉ်များသည် ရေကြောင်းနယ်စပ်များအား ကင်းလှည့်ရန်နှင့် IS စတိုင် စစ်သွေးကြွတို့အား ခြေရာခံ စောင့်ကြည့်နိုင်ရန် အသုံးပြုနိုင်သည့် လေယာဉ်များဖြစ်ကြောင်း သိရသည်။

လှူဒါန်းခဲ့သော ယင်းလေယာဉ်များနှင့်အတူ ကာကွယ်ရေး ကိရိယာများကိုလည်း အမေရိကန်က ရောင်းချခဲ့သည်။ အမေရိကန်သည် တောင်ပိုင်း မာရာဝီမြို့ရှိ စစ်သွေးကြွ ပဋိပက္ခတွင် ဖိလစ်ပိုင် အစိုးရကို ကြီးကြီးမားမား ထောက်ပံ့ကူညီနေသည်။ ၆၅ နှစ်ရှိပြီဖြစ်သော အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ မဟာမိတ်ဖြစ်မှုကို သမ္မတ ဒူတာတေးက လျှော့ချပြီး တရုတ်နှင့် ဆက်ဆံရေး ပိုမိုနီးကပ်ရန် ကြိုးပမ်းနေသည်။

သို့သော်လည်း အမေရိကန်က မာရာဝီမြို့တွင် စစ်သွေးကြွများ နှိမ်နင်းရေး၌ P3 Orion ထောက်လှမ်းရေးလေယာဉ်ဖြင့် ကူညီနေပြီး အမေရိကန် အထူးတပ်ဖွဲ့ဝင်များသည်လည်း မင်ဒါနာအို၌ အခြေစိုက်၍ ဒရုန်းများဖြင့် ထောက်ပံ့ကူညီနေသည်။

ဒူတာတေး အစိုးရအတွက် အကြီးမားဆုံးသော လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်သည့် မာရာဝီ အကျပ်အတည်းတွင် လူ ၆၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

အမေရိကန်သည် ဖိလစ်ပိုင်က ဝယ်ယူထားသော ပစ္စတိုများ၊ လက်ပစ်ဗုံးများ၊ ၂၂၇ ကီလို (ပေါင် ၅၀၀) ရှိသော ဗုံး ၂၀၀ ကျော်နှင့် ရော့ကက် ၁၀၀၀ ခန့်ကိုလည်း ပေးအပ်ခဲ့ကြောင်း သံအမတ်ကြီးကင်က ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်သည် ဖိလစ်ပိုင်၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုများအား ရင်ဆိုင်နိုင်ရန် ဖိလစ်ပိုင်၏ စွမ်းရည်ကို မြှင့်တင်ပေးရန်အတွက် လေကြောင်း ထောက်လှမ်းရေး စနစ်များကိုလည်း မကြာမီ လများအတွင်း လွှဲပြောင်းပေးမည်ဟု ကင်က ပြောကြားခဲ့သည်။

Cessna ထောက်လှမ်းရေး လေယာဉ်များသည် မာရာဝီနှင့် တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်မှုများ ဆောင်ရွက်သွားမည်ဟု လိုရင်ဇာနာက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့် ဒေသတွင်း အိမ်နီးချင်းများသည် တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်ပြီး တရုတ်နှင့် ဆက်ဆံရေး တင်းမာနေကြသည်။ ဖိလစ်ပိုင်သည် လွန်ခဲ့သည့် တစ်လခန့်က ပေကျင်းထံမှ ဒေါ်လာ ၇ ဒသမ ၃၅ သန်း တန်ဖိုးရှိသော ရိုင်ဖယ်များနှင့် လက်နက်ခဲယမ်းများကို လက်ခံရရှိခဲ့သည်။

ဒူတာတေးက ပေကျင်း၏ ထောက်ပံ့မှုကို ရရှိရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့ပြီး နောက်ပိုင်း တရုတ်စစ်ဘက်က ဖိလစ်ပိုင်ကို ပထမဆုံး ကူညီခဲ့ခြင်းဖြစ်သည်။

Ref: AFP

Most Read

Most Recent