ကုလသမဂ္ဂက မြန်မာနိုင်ငံ၌ ဖြစ်ပွားသော အကြမ်းဖက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုကို သက်တမ်းတိုး

ကုလသမဂ္ဂက မြန်မာနိုင်ငံ၌ ဖြစ်ပွားသော အကြမ်းဖက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုကို သက်တမ်းတိုး
Published 1 October 2017

စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့၌ လုံခြုံရေးကောင်စီက ပြုလုပ်သော မြန်မာ့အရေး အစည်းအဝေးသို့ တက်ရောက်လာသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် (Photo: AFP)

ကုလသမဂ္ဂက မြန်မာနိုင်ငံ (အထူးသဖြင့် ဘင်္ဂါလီ မွတ်စလင် သိန်းနှင့်ချီလျက် ထွက်ပြေးစေခဲ့ရသည့် ရခိုင်ပြည်နယ်) တွင် ကျူးလွန်ခဲ့သော မတော်မတရားမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို တိုးချဲ့ဆောင်ရွက်ရန် စက်တင်ဘာ ၂၉ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ဥရောပသမဂ္ဂက တောင်းဆိုထားသည့် အပြည်ပြည်ဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင်ကို နောက်ထပ် ခြောက်လ အချိန်ပေးရန် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။

တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာက ယင်းဆုံးဖြတ်ချက်နှင့် ခပ်ကင်းကင်း နေခဲ့သော်လည်း မည်သည့်နိုင်ငံကမျှ ယင်းကိစ္စကို နိုင်ငံပေါင်း ၄၇ နိုင်ငံပါသော ကောင်စီ၌ မဲခွဲရန် တောင်းဆိုခဲ့ခြင်း မရှိသောကြောင့် ယင်းအဆိုပြုချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကောင်စီသည် မြန်မာနိုင်ငံတစ်လွှား (အထူးသဖြင့် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ မွတ်စလင်များကို ပြစ်မှုကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များအပေါ် အဓိကထားလျက်) ဖြစ်နိုင်ဖွယ် ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် မတ်လတွင် မစ်ရှင်တစ်ရပ် ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံ၌ လူနည်းစု မွတ်စလင်များကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ကာ ဘင်္ဂါလီများ သို့မဟုတ် ခိုးဝင်လာသူများဟု သတ်မှတ်ထားသည်ဟု ဆိုသည်။

သြဂုတ် ၂၅ ရက် နောက်ပိုင်း ဘင်္ဂါလီ မွတ်စလင် သန်းထက်ဝက်ခန့်သည် ကုလသမဂ္ဂက လူမျိုးစုလိုက် သုတ်သင်မှုဟု ခေါ်ဆိုသော အကြမ်းဖက်မှုများနှင့် မြန်မာတပ်မတော်၏ စစ်ဆင်ရေးတို့ကြောင့် ထွက်ပြေးလာကြရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများတွင် ကျပ်ညပ်စွာ နေထိုင်နေရသည်။

ယခုလ အစောပိုင်းတွင် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်က မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့်နှင့် ပတ်သက်၍ စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရပြီးနောက် အချိန်ပိုပေးရန် တောင်းဆိုခဲ့သည်။ စက်တင်ဘာ ၂၉ ရက် ဆုံးဖြတ်ချက်ကြောင့် ၎င်းတို့ အနေဖြင့် နောက်ဆုံး အစီရင်ခံစာ တင်ပြရန် နောက်နှစ် စက်တင်ဘာအထိ အချိန်ရသွားမည်ဖြစ်သည်။

မြန်မာအရပ်သား အစိုးရ အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုကို အထောက်အကူ မပြုဟုဆိုကာ အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီး သူ၏ အစိုးရအဖွဲ့ အနေဖြင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က သူ၏ အစိုးရအဖွဲ့သည် ရခိုင်ပြည်နယ်မှ အခြေအနေရပ်များနှင့် ပတ်သက်၍ ပြည်ပမှ စစ်ဆေးစိစစ်မှုများကို တံခါးဖွင့်ထားသည်ဟု ယခုလ အစောပိုင်း၌ ပြောကြားခဲ့သည်။

Ref: AFP