ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို အောက်စဖို့ဒ် တက္ကသိုလ်မှ ဖယ်ရှား

ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို အောက်စဖို့ဒ် တက္ကသိုလ်မှ ဖယ်ရှား
Published 1 October 2017

၂၀၁၂ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို လက်ခံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား အောက်စဖို့ဒ်တက္ကသိုလ် ဘော့လေယန်စာကြည့်တိုက်၌ တွေ့ရစဉ် (Photo: The Times)

ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင် အရေးကိစ္စနှင့် ပတ်သက်၍ ကိုင်တွယ်ပုံကို ဝိုင်းဝန်းဝေဖန်နေမှုများအကြား ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် အပ်နှင်းခဲ့သော အောက်စဖို့ဒ် တက္ကသိုလ်သည် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ၎င်းတို့ တက္ကသိုလ်မှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ဗြိတိန်နိုင်ငံမှ သတင်းဌာနများက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် ဘင်္ဂါလီ မွတ်စလင် ၄၀၀,၀၀၀ ကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ မြန်မာအရပ်သား အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက လူမျိုးစုလိုက် သုတ်သင်မှုဟု ပြောကြားထားသော ကိစ္စအား ပြောကြားပေးရန် ပျက်ကွက်သည့်အတွက် ဝိုင်းဝန်းဝေဖန်ခဲ့ကြသည်။

စိန့်ဟုချ်ကောလိပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံနေရာတွင် ဂျပန်ပန်းချီကား တစ်ကားဖြင့် အစားထိုးလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံနေရာ၌ အစားထိုးလိုက်သော ပန်းချီကားကို ဂျပန် ပန်းချီဆရာ ရိုရှီဟီရိုတာကာဒါက ရေးဆွဲထားခြင်း ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ဖယ်ရှားပစ်လိုက်ရခြင်း အကြောင်းရင်းများကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်းမရှိပေ။

တက္ကသိုလ်၏ ဆက်သွယ်ရေးမန်နေဂျာ ဘင်ဂျမင်ဂျုန်းက ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို လုံခြုံသောနေရာသို့ ရွှေ့ထားလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခု ချိတ်ဆွဲထားသော ပန်းချီကားကို ယခုလ အစောပိုင်းက ကောလိပ်သို့ လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကောလိပ်၏ ပင်မအဆောက်အအုံ အဝင်ဝတွင် ချိတ်ဆွဲထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီးနောက် အရပ်သား အစိုးရ အဖွဲ့ခေါင်းဆောင် ဖြစ်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် ကြီးထွားလာနေသော နိုင်ငံတကာ ဖိအားများနှင့် ရင်ဆိုင်နေရသည်။

လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ရပ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချခဲ့သော်လည်း လူမျိုးစုလိုက် သုတ်သင်မှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲမှုများနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း မရှိသကဲ့သို့ မြန်မာတပ်မတော်ကိုလည်း အပြစ်တင်မှု ပြုလုပ်ခဲ့ခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုချ်ကောလိပ်မှ ၁၉၆၇ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လတွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် အပ်နှင်းခံခဲ့ရသည်။

Ref: BBC

Most Read

Most Recent