အမေရိကန် အမျိုးသမီးတစ်ဦး ပထမဆုံးအနေဖြင့် မရိန်းတပ်မကြီး၏ အရာရှိ ဖြစ်လာ

အမေရိကန် အမျိုးသမီးတစ်ဦး ပထမဆုံးအနေဖြင့် မရိန်းတပ်မကြီး၏ အရာရှိ ဖြစ်လာ
Published 27 September 2017

စက်တင်ဘာ ၁၈ ရက်က ကယ်လီဖိုးနီးယားရှိ မရိန်းလေကြောင်း မြေပြင်တိုက်ခိုက်ရေး စင်တာ၌ ခြေလျင်အရာရှိသင်တန်း တက်ရောက်နေသည့် အမျိုးသမီးတစ်ဦး (Photo : AFP)

ခြေလျင်အရာရှိများကို အလွန်ပြင်းထန်သော လေ့ကျင့်မှုများ ပေးသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသော အမေရိကန် မရိန်းတပ်မှ အမျိုးသမီးတစ်ဦးသည် စက်တင်ဘာ ၂၅ ရက်က မရိန်းတပ်မကြီး၏ သင်တန်းကို ပြီးဆုံးသည့် ပထမဆုံး အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သည်။

မရိန်းတပ်နှင့် အမေရိကန်လက်နက်ကိုင် တပ်ဖွဲ့များ၏ အခြားသော အဖွဲ့ခွဲများစွာတွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီး အများအပြား ရှိသော်လည်း ယခုအမျိုးသမီးသည် မရိန်းတပ်မကြီး၏ သီတင်း ၁၃ ပတ်ကြာ ခြေလျင်အရာရှိများအတွက် လေကျင့်မှုကို ပြီးဆုံးခဲ့သော ပထမဆုံး အမျိုးသမီးဖြစ် လာခဲ့သည်။ ထိုအမျိုးသမီးက ၎င်းသည် မည်သူမည်ဝါဖြစ်ကြောင်း မထုတ်ပြန်ရန် တောင်းဆိုထားသည်။

“ဒီအရာရှိနဲ့ သူရဲ့အတန်းထဲကသူတွေ အတွက် ဂုဏ်ယူမိပါတယ်” ဟု မရိန်း တပ်မကြီး၏ အုပ်ချုပ်သူ အရာရှိဖြစ်သော ဗိုလ်ချုပ်ကြီး ရောဘတ်နယ်လာက ပြောကြားခဲ့သည်။

“မရိန်းတွေဟာ အရည်အချင်းပြည့်မီတဲ့၊ လုပ်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တွေဖြစ်ဖို့ ထိုက်တန်ပါပြီ။ ခြေလျင်အရာရှိသင်တန်း ပြီးဆုံးတဲ့ သူတို့တစ်တွေဟာ နောက်ထပ်စိန်ခေါ်မှုဖြစ်တဲ့ ခြေလျင်မရိန်းတပ်တွေကို ဦးဆောင်ဖို့၊ နောက်ဆုံး တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေကြရင်း လိုအပ်တဲ့လေ့ကျင့်ရေး လိုအပ်ချက်တွေအားလုံး ပြည့်စုံခဲ့ပြီ ဖြစ်ပါတယ်” ဟု နယ်လာက ပြောကြားခဲ့သည်။

ခြေလျင်အရာရှိ (ဗိုလ်) တစ်ဦးဖြစ်သွားသည့် ထိုအမျိုးသမီးသည် မရိန်းတပ်သား ၄၀ ပါဝင်သော တပ်စုတစ်ခုကို ဦးဆောင်ရန် တာဝန်ပေးခံရမည်ဖြစ်သည်။ ၎င်းသည် ကယ်လီဖိုးနီးယားရှိ Pendleton စခန်းမှ ပထမ မရိန်းတပ်မနှင့် ပူးပေါင်းမည်ဟု သိရသည်။

ဇူလိုင်လက စတင်ခဲ့သော ခြေလျင်အရာရှိ လေ့ကျင့်ရေးသင်တန်းကို မရိန်းတပ်သား ၁၃၁ ဦးဖြင့် စတင်ခဲ့ပြီး ယင်းတို့ထဲမှ ၈၈ ဦးသည် ဗာဂျီးနီးယားပြည်နယ်၊ ကွန်တီကိုတွင် သင်တန်းပြီးဆုံး အောင်မြင်သွားကြသည်ဟု မရိန်းတပ်မကြီးက ထုတ်ပြန်ခဲ့သည်။ ခြေလျင်အရာရှိသင်တန်းသို့ ယခင်က စာရင်းသွင်းခဲ့ကြသည့် အမျိုးသမီး သုံးဒါဇင်ခန့် ရှိသော်လည်း မည်သူမျှ ပြီးဆုံးအောင်မြင်ခဲ့ကြခြင်း မရှိခဲ့ပေ။

အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လက်ရှိတာဝန်ထမ်းဆောင်နေသည့် အမှုထမ်း ၁ ဒသမ ၄ သန်းအနက် အမျိုးသမီးများ ပါဝင်မှုသည် ၁၅ ရာခိုင်နှုန်းကျော်ရှိသည်။ သမ္မတဟောင်း ဘာရက်အိုဘားမားသည် ၂၀၁၆ ခုနှစ်မတ်လအတွင်း တိုက်ခိုက်တပ်ရင်းများ အပါအဝင် စစ်တပ်ရာထူးများ အားလုံးကို အမျိုးသမီးများအတွက် လမ်းဖွင့်ပေးခဲ့သည်။

ယခင်က တိုက်ခိုက်ရေးကဏ္ဍများတွင် အမျိုးသမီးများကို ပိတ်ပင်ထားသော်လည်း အာဖဂန်နှင့် အီရန်တို့တွင် အမေရိကန် စစ်တပ်မှ အမျိုးသမီး ထောင်ပေါင်းများစွာ ပါဝင်တိုက်ခိုက်နေသည်ဟု သိရသည်။

Ref : AFP

Most Read

Most Recent