အမေရိကန်၏ စစ်လေယာဉ်များ မြောက်ကိုရီးယား ကမ်းရိုးတန်းအလွန်တွင် အင်အားပြပျံသန်း

အမေရိကန်၏ စစ်လေယာဉ်များ မြောက်ကိုရီးယား ကမ်းရိုးတန်းအလွန်တွင် အင်အားပြပျံသန်း
Published 25 September 2017

စက်တင်ဘာ ၂၃ ရက်က အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည့်ဓာတ်ပုံထဲတွင် စက်တင်ဘာ ၁၈ ရက်က ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ပျံသန်းနေကြသည့် လေတပ်နှင့် ရေတပ်မှ လေယာဉ်များအား တွေ့ရစဉ် (Photo: AFP)

တင်းမာမှုများသည် မိုးထိအောင် မြင့်တက်နေစဉ် မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းများကိုဆန့်ကျင်ပြီး အင်အားပြသည့်အနေနှင့် စက်တင်ဘာ ၂၃ ရက်က အမေရိကန်တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များသည် မြောက်ကိုရီးယားကမ်းရိုး တန်းအလွန် နိုင်ငံတကာရေပိုင်နက်အပေါ်တွင် ပျံသန်းပြခဲ့ကြကြောင်း သိရသည်။

အမေရိကန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းအား ဝိုင်းဝန်းထိန်းချုပ်ရန်ကြိုးပမ်းနေကြစဉ် ယခင်ကလည်း အမေရိကန်ဗုံးကြဲလေယာဉ်များသည် အလားတူပျံသန်းမှုများအား ပြုလုပ်ခဲ့ဖူးသည်။

သို့သော် အင်အားပြသသည့်အနေနှင့် နောက်ဆုံးပြုလုပ်ခဲ့သည့် ပျံသန်းမှုနှင့် ပတ်သက်ပြီး ပင်တဂွန်၏ ပြောကြားချက်အရ ၂၁ ရာစုနှစ်အတွင်း ယခုပျံသန်းမှုမတိုင်မီ မည်သည့် အမေရိကန်တိုက်လေယာဉ် သို့မဟုတ် ဗုံးကြဲလေယာဉ်များကမှ မြောက်ကိုရီးယား ကမ်းရိုးတန်းလွန် ပင်လယ်ပြင်ပေါ်တွင် ဖြတ်၍ မပျံသန်းခဲ့ဖူးကြောင်း သိရသည်။ ယင်း အမေရိကန်လေယာဉ်များသည် ကိုရီးယားနှစ် နိုင်ငံကြားတွင် ပိုင်းခြားထားသည့် စစ်မဲ့ဇုန် (DMZ) ၏ မြောက်ပိုင်း အစွန်းဆုံးနေရာတွင် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်ထုတ်ပြန်ချက်ထဲ၌ အလေးပေးဖော်ပြခဲ့သည်။

“သမ္မတမှာ မည်သည့်ခြိမ်းခြောက်မှုကိုမဆို နှိမ်နင်ရေးအတွက် စစ်ရေးရွေးချယ်မှုတွေ အများကြီးရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိစေဖို့နဲ့ အမေရိကန်ရဲ့ စိတ်ပိုင်းဖြတ်မှုတို့ကို သိစေဖို့အတွက် ဒီပျံသန်းမှုက သရုပ်ဖော်လိုက်တာပါ” ဟု ပင်တဂွန် ပြောခွင့်ရ ပုဂ္ဂိုလ်ဒါနာဝှိုက်က ပြောကြားခဲ့သည်။ “အမေရိကန်ဟာ ကိုယ့်နိုင်ငံနဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့အတွက် စစ်ရေးစွမ်းရည်ကို အစွမ်းကုန်အသုံးချဖို့ ပြင်ဆင်ထားပါတယ်” ဟုလည်း ဝှိုက်က ဆိုသည်။

စက်တင်ဘာ ၂၃ ရက်ကပျံသန်းမှုတွင် ဂူအမ်ကျွန်းတွင် အခြေစိုက်သည့် Air Force B-B Lancer ဗုံးကြဲလေယာဉ်များကို ဂျပန် နိုင်ငံ အိုကီနာဝါမှ SF-15 Eagle တိုက်လေယာဉ်များက အစောင့်အကြပ်အဖြစ် အတူလိုက်ပါ ပျံသန်းခဲ့ကြသည်။ ထိုလေယာဉ်များသည် မြောက်ကိုရီးယား၏ အရှေ့ဘက် ကမ်းရိုးတန်းအလွန် နိုင်ငံတကာရေပိုင်နက်အပေါ်တွင် ပျံသန်းခဲ့ကြခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကုလသမဂ္ဂ အစည်းအဝေးတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြုံယမ်းသည် နိုင်ငံဧရိယာပြင်ပတွင် ဟိုက်ဒရိုဂျင်ဗုံးခွဲရန် စဉ်းစားနေပြီဟု သတင်းထောက်များကို ပြောသွားခဲ့သည်။

Most Read

Most Recent