ဘာလီတွင် မီးတောင်လှုပ်ရှားမှုကြောင့် လူသောင်းနှင့်ချီလျက် ထွက်ပြေးခဲ့ရ

ဘာလီတွင် မီးတောင်လှုပ်ရှားမှုကြောင့် လူသောင်းနှင့်ချီလျက် ထွက်ပြေးခဲ့ရ
Published 25 September 2017

စက်တင်ဘာ ၂၄ ရက်က ဘာလီကျွန်းပေါ်မှ Agung မီးတောင်ကြီးအား ကြည့်နေကြသူများကို တွေ့ရစဉ် (Photo: AFP)

အပန်းဖြေကျွန်းဘာလီပေါ်မှ မီးတောင်တစ်လုံး၏ လှုပ်ခါမှုများသည် ပိုမိုပြင်းထန်လာစဉ် လူပေါင်း ၃၄,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြကြောင်း အစိုးရအရာရှိတစ်ဦးက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ Agung မီးတောင် ပေါက်ကွဲပါက နှစ် ၅၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခြင်းဖြစ်လာမည် ဖြစ်သည်။

Agung မီးတောင်သည် အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေးချက်များ မြင့်တက်လာစဉ် စက်တင်ဘာ ၂၂ ရက်ကတည်းက မီးတောင်ဝန်းကျင်ရှိ နေအိမ်များမှ ထွက်ပြေးရသူ ဦးရေသည် သုံးဆမြင့်တက်လာခဲ့သည်ဟု အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ “ဘေးလွတ်ရာသို့ ဆက်လက်ရွှေ့ပြောင်းနေကြတဲ့အတွက် ထွက်ပြေးရတဲ့သူတွေ မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု အေဂျင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝူ နျူဂရိုဟုက  ပြောကြားခဲ့သည်။

သြဂုတ်လကတည်းက လှုပ်ရှားနေသည့် ထိုမီးတောင်သည် ခရီးသွားဗဟိုချက်ဖြစ်သော ကူတာ၏ ၇၅ ကီလိုမီတာ (မိုင် ၅၀) အကွာတွင် တည်ရှိခြင်းဖြစ်သည်။

မီးတောင်၏လှုပ်ရှားမှုများ မြင့်တက်လာပြီးနောက်ပိုင်း အစိုးရအရာရှိများသည် စက်တင်ဘာ ၂၂ ရက်ကတည်းက သတိပေးချက်ကို အမြင့်ဆုံးမြှင့်တင်လိုက်ခြင်းဖြစ်ပြီး ဒေသခံများကို မီးတောင်နှင့် အနည်းဆုံး ကိုးကီလိုမီတာသို့ ထွက်ပြေးကြရန် တိုက်တွန်းထားသည်။

“အမှန်တကယ်တော့ အခုလို ထွက်ပြေးရတာကို အရမ်းစိုးရိမ်နေပါတယ်။ သူတို့တွေက ရွာကနေချက်ချင်း ထွက်ခွာကြလို့ ပြောတဲ့အတွက် ကျွန်မရဲ့ နွားတွေ၊ ဝက်တွေကို အိမ်မှာ ထားခဲ့ရပါတယ်”ဟု မိသားစုလိုက် ထွက်ပြေးခဲ့ရသည့် ရွာသူ ညိုမန်အက်စီက ပြောကြားခဲ့သည်။

ဘာလီ အပြည်ပြည်ဆိုင်ရာလေဆိပ် Denspar သည် မီးတောင်ကြောင့် ပိတ်ရန် ပြင်ဆင်ရဖွယ်ရှိသော်လည်း စက်တင်ဘာ ၂၄ ရက်အတွက် မည်သည့်လေယာဉ်ခရီးစဉ်ကိုမျှ ထိခိုက်မည်မဟုတ်ဟု သိရသည်။ မီးတောင်ပေါက်ပါကလည်း အနီးအနားရှိ ပြည်နယ်များမှ လေဆိပ်များသို့ ခရီးသည်များအား ပို့ပေးရန် ကားနှင့် ရထားများကို စီစဉ်ထားပြီးပြီဟု သိရသည်။

စက်တင်ဘာ ၂၄ ရက်တွင် မီးတောင်လှုပ်ရှားမှုသည် ယခင်နေ့များလောက် မကြာခဏ လှုပ်ရှားခြင်းမရှိတော့သော်လည်း ပိုမို အင်အားပြင်းထန်စွာ လှုပ်ရှားလာသည်ဟု အင်ဒိုနီးရှား မီးတောင်နှင့် ဘူမိဗေဒအန္တရာယ် လျော့ပါးစေရေးစင်တာက ထုတ်ပြန်ခဲ့သည်။ “အခုအထိတော့ မီးတောင်မပေါက်သေးပါဘူး။ ငလျင်လှုပ်ခတ်မှုဟာ ကြိမ်ရေနည်းသွားပေမယ့် ပြင်းအားကတော့ အင်အားကြီးလာပါတယ်”ဟု ထိုအေဂျင်စီမှ အကြီးတန်း မီးတောင်ဗေဒဆိုင်ရာ ပညာရှင် ဂျီဒီဆူအန်တီက ပြောကြားခဲ့သည်။ Agung မီးတောင်သည် ၁၉၆၃ ခုနှစ်က နောက်ဆုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က သေဆုံးသူဦးရေမှာ ၁၀၀၀ ကျော်အထိ ရှိခဲ့သည်။ Agung မီးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀၀၀ ကျော်တွင် တည်ရှိပြီး ဘာလီအရှေ့ပိုင်းတွင် တည်ရှိခြင်းဖြစ်သည်။

Agung မီးတောင်သည် အင်ဒိုနီးရှား နိုင်ငံထဲရှိ မီးတောင်ရှင် ၁၃၀ ခန့်ထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။ ပစိဖိတ်မီးဝိုင်းဒေသပေါ်တွင် တည်ရှိသည့် အင်ဒိုနီးရှားကျွန်းစု သည် မီးတောင်ပေါက်ကွဲမှုများ၊ မြေငလျင်များ နှင့် မကြာခဏ ကြုံရလေ့ရှိသည်။

Most Read

Most Recent