မာကယ်နှင့် ပြိုင်ဘက်ရှူဇ်တို့က နောက်ဆုံးမဲဆွယ်စည်းရုံးမှု၌ လူကြိုက်များရေး ဝါဒီများအား မဲမပေးကြရန် တိုက်တွန်း

မာကယ်နှင့် ပြိုင်ဘက်ရှူဇ်တို့က နောက်ဆုံးမဲဆွယ်စည်းရုံးမှု၌ လူကြိုက်များရေး ဝါဒီများအား မဲမပေးကြရန် တိုက်တွန်း
Published 24 September 2017

စက်တင်ဘာ ၂၂ ရက်က ဂျာမနီတောင်ပိုင်း မြူးနစ်မြို့တွင် ရွေးကောက်ပွဲ မဲဆွယ်မှု၌ စကားပြောနေသော ဝန်ကြီးချုပ် မာကယ် (Photo: AFP)

ဂျာမနီဝန်ကြီးချုပ် အင်ဂျလာ မာကယ်နှင့် အဓိကပြိုင်ဘက် မာတင်ရှူဇ်တို့သည် စက်တင်ဘာ ၂၄ ရက် ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးအကြိမ် မဲဆွယ်စည်းရုံးရန် နေရပ်များသို့ အသီသီး ပြန်ရောက်လာကြပြီဖြစ်သည်။ ထိုနှစ်ဦးစလုံးက ရွှေ့ပြောင်းအခြေချသူ ဆန့်ကျင်သည့် လူကြိုက်များရေး ဝါဒီများအား တွန်းလှန်ကြရန် တိုက်တွန်းခဲ့ကြသည်။

မာကယ်သည် ပင်ပန်းလှသော ၎င်း၏ မဲဆွယ်စည်းရုံးရေး အစီအစဉ်ကို ၎င်း၏ ဘော်လ်တစ်ကမ်းရိုးတန်း မဲဆန္ဒနယ်တွင် စက်တင်ဘာ ၂၃ ရက်၌ အဆုံးသတ်ခဲ့သည်။ ထို့နေ့တွင် မာကယ်သည် Greifswald မြို့ထဲမှ ၎င်း၏ ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံပါတီ (CDU) အခိုင်မာဆုံး ထောက်ခံမှု ရရှိထားသည့် ဒေသများသို့ မသွားဘဲ ယမန်နှစ် ပြည်နယ်ရွေးကောက်ပွဲတွင် အစ္စလာမ်ဆန့်ကျင်ရေး Alternative for Germany (AfD) ပါတီ အနိုင်ရခဲ့သည့် ဒေသများနှင့် Ruegen ကျွန်းသို့ သွားမည် ဖြစ်သည်။ ဆိုရှယ်ဒီမိုကရက်ပါတီ (SPD) ဥက္ကဋ္ဌ ရှူဇ်မှာမူ ၎င်း၏မွေးရပ်မြို့ Wuerselen ၏ ကပ်ရပ်ရှိ Aachen မြို့တွင် လူထုစုဝေးပွဲများ ပြုလုပ်မည်ဖြစ်သည်။

မာကယ်၏ ပါတီသည် ဒုတိယနေရာရှိ SPD ပါတီထက် လူထုထောက်ခံမှု ၁၀ ရာခိုင်နှုန်းကျော် အသာရနေသည်။ သို့သော် နောက်ဆုံး လူထုသဘောထား စစ်တမ်းများအရ သဘောထားတင်းမာသော လက်ယာယိမ်း AfD ပါတီအပေါ် ထောက်ခံမှုနှုန်းသည် ၁၁ မှ ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသဖြင့် အဓိကနိုင်ငံရေးပါတီကြီးများကြားတွင် ထိတ်လန့်မှုများ ကြီးထွားလာကြသည်။ ယင်းအဓိပ္ပာယ်မှာ ရွှေ့ပြောင်းအခြေချမှုကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်သည့် ပါတီတစ်ခုမှ လွှတ်တော်အမတ် ၆၀ ဝန်းကျင်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျာမန်ပါလီမန်ထဲတွင် ပထမဆုံးအကြိမ် ထမ်းဆောင်ခွင့်ရမည်ဆိုသည့် သဘောဖြစ်သည်။ ထို့ကြောင့် အဓိက ပါတီကြီးများက နောက်ပေါ်သည့် ထိုလူကြိုက်များရေး ဝါဒီများကို လက်မခံကြရန် မဲဆန္ဒရှင်များအား တိုက်တွန်းနေခြင်း ဖြစ်သည်။

“ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံး အနေနဲ့ နာဇီအစစ်တွေ ဂျာမနီပါလီမန်ထဲမှာ ထိုင်ကြပါတော့မယ်” ဟု ဆိုရှယ်ဒီမိုကရက် တစ်ဦးဖြစ်သည့် နိုင်ငံရေးခြားရေးဝန်ကြီး ဆစ်မာဂါဘရီရယ်က ပြောကြားခဲ့သည်။ ရှူဇ်ကိုယ်တိုင်ကလည်း AfD သည် နိုင်ငံ၏ အရှက်ရစရာ တစ်ခုဟု ဘာလင်တွင် ပြောကြားခဲ့သည်။

နိုင်ငံအနှံ့ မဲဆွယ်စည်းရုံရေး ခရီးစဉ်များတွင် AfD ထောက်ခံသူများ၏ ဒုက္ခပေးခြင်းကို ခံခဲ့ရသော မာကယ်မှာမူ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရာနှုန်းပြည့် သစ္စာရှိသည့် ပါတီများကိုသာ မဲပေးကြရန် တိုက်တွန်းထားသည်။ AfD ၏ ဦးဆောင်ကိုယ်စားလှယ်လောင်း နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် အလက်ဇန္ဒာဂူလန်ကမူ ဂျာမန်တို့သည် စစ်ပွဲအတိတ်အတွက် ပြေရာပြေကြောင်း လုပ်ဆောင်နေမှုများကို ရပ်လိုက်ကြရန် ဆော်သြထားသည်။

Ref: AFP

 

ဂျာမနီရွေးကောက်ပွဲတွင် စောင့်ကြည့်ရမည့် ဂဏန်း ခြောက်ခု

လေး
လူထုသဘောထား စစ်တမ်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းနေကြသည့်အတိုင်း အင်ဂျလာမာကယ် အနိုင်ရခဲ့ပါက ၎င်းသည် နောက်ထပ်လေးနှစ် သက်တမ်းကို လေးကြိမ်မြောက် ထမ်းဆောင်ခွင့်ရသည့် ဂျာမနီ ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။

ငါး
ပါတီငယ်လေးများသည် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ငါးရာခိုင်နှုန်းကျော်မှ ပါလီမန်ထဲသို့ ဝင်ခွင့်ရှိမည်ဖြစ်သည်။

ခုနစ်
၁၉၅၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ယခုရွေးကောက်ပွဲတွင် စံချိန်တင် အရေအတွက်ဖြစ်သည့် ပါတီခုနစ်ခုသည် ပါလီမန်ထဲသို့ ဝင်ခွင့်ရှိမည်ဟု ခန့်မှန်းထားသည်။

၂၃
မာကယ်၏ ညွန့်ပေါင်းအဖွဲ့ဟောင်း ဆိုရှယ်ဒီမိုကရက်တစ်ထဲမှ မိတ်ဖက်ငယ်များသည် ထောက်ခံမဲ ၂၃ ရာခိုင်နှုန်းဝန်းကျင်ရရန် မျှော်မှန်းနေကြသည်။

၃၅
မာကယ်နှင့် ၎င်း၏ CDU ပါတီမှာလည်း ၎င်းတို့၏ ထောက်ခံမဲမှာ အနိမ့်ဆုံး ၃၅ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက် မရောက်ကို စောင့်ကြည့်နေကြသည်။

၇၆ ဒသမ ၇
၂၀၀၅ ခုနှစ်က မာကယ်အာဏာရလာပြီး နောက်ပိုင်း နှစ်စဉ် Oktoberfest ဘီယာပွဲတော် လာသူများသည် ဘီယာလီတာ ၇၆ ဒသမ ၇ သန်းကို သောက်သုံးခဲ့ကြသည်။

Most Read

Most Recent