ပွာတိုရီကိုတွင် ဆည်ကျိုးမှုကြောင့် လူ ၇၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်

ပွာတိုရီကိုတွင် ဆည်ကျိုးမှုကြောင့် လူ ၇၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်
Published 24 September 2017

မာရီယာဟာရီကိန်း ဝင်ရောက်ခဲ့ပြီး လေးရက်အကြာ စက်တင်ဘာ ၂၂ ရက်က ဒိုမီနီကာကျွန်းစုရှိ လမ်းတစ်လမ်းတွင် အပျက်အစီးများအား တွေ့ရစဉ် (Photo: AFP)

မာရီယာ ဟာရီကိန်း၏ဒဏ်ကို ခံခဲ့ရသော အမေရိကန်ပိုင်နက်ကျွန်း ပွာတိုရီကိုတွင် မိုးရေလျှံနေသည့် ဆည်ကြီးတစ်ခု ကျိုးပေါက်ခဲ့ပြီးနောက် လူပေါင်း ၇၀၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် စက်တင်ဘာ ၂၂ ရက်က အမိန့်ထုတ်ထားကြောင်း သိရသည်။

မာရီယာမုန်တိုင်းကြောင့် ပွာတိုရီကိုမှ လူ ၁၃ ဦးအပါအဝင် ကာရစ်ဘီယံဒေသတစ်ဝန်းတွင် သေဆုံးသူ ၃၃ ဦးအထိ မြင့်တက်လာပြီဖြစ်သည်။ ထိုစဉ် ၁၉၂၀ ပြည့်လွန်နှစ်များက တည်ဆောက်ခဲ့သော ထိုဆည်ကြီးသည် အလုံးစုံပြိုကျတော့မည့် အန္တရာယ်ရှိနေသဖြင့် ဂွါဂျာတာကာမြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်ကြသူများကို ရေကြီးမှု ဖြစ်ပွားနိုင်သည့် အန္တရာယ်အတွက် မိုးလေဝသဌာနက သတိပေးခဲ့သည်။ မြေသားတမံ ဖြစ်သော ဂွါဂျာတာကာ ဆည်သည် ပေ ၁၂၀ မြင့်ကာ ပေ ၁၀၀၀ နီးပါး ရှည်လျားသည်ဟု သိရသည်။

“ဂွါဂျာတာကာမြစ်ဝန်းကျင်မှာရှိတဲ့ နေရာအားလုံးက လူတွေ ချက်ချင်းရွှေ့ပြောင်းကြပါ။ အသက်အန္တရာယ် ရှိနေပါတယ်” ဟု မိုးလေဝသဌာနက Twitter ပေါ်တွင် ရေးသားခဲ့သည်။ မိုးလေဝသ သတိပေးချက်အပြီးတွင် အုပ်ချုပ်ရေးမှူး ရီကာဒိုရိုဆယ်လိုက ပွာတိုရီကိုကျွန်း၏ အနောက်မြောက်ပိုင်းဒေသတွင် နေထိုင်သူ ၇၀၀၀၀ ကိုထွက်ခွာကြရန် အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ သတင်းစာများတွင် ဖော်ပြချက်အရ ဆည်ထဲမှ ရေများ ထုတ်ပေးနေသော မြောင်း၏ ထိန်းချုပ်ရေး အပိုင်းသည် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ဒေသတွင်းသို့ သောက်သုံးရေဖြန့်ဝေရန် ရေကန်တစ်ခု ဖန်တီးရေးအတွက် ယင်းဆည်ကို ပွာတိုရီကို လျှပ်စစ်စွမ်းအင်အာဏာပိုင်တို့က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၀ ရက်က မာရီယာ ဟာရီကိန်းသည် ပွာတိုရီကိုကျွန်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် ဒေသထဲတွင်အန္တရာယ်များသော ရေကြီးမှုကြီးများ ဖြစ်ပေါ်လျက်ရှိပြီး ပိတ်မိနေသည့် ဒေသခံများကို ကယ်တင်ရန် ကယ်ဆယ်ရေးသမားများသည် အပြင်းအထန် ရုန်းကန်နေကြသည်။ ပွာတိုရီကိုတွင် မာရီယာဟာရီကိန်းကြောင့် လျှပ်စစ် နှင့်ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ ပျက်စီးကာ ကျွန်းတစ်ခုလုံး၌ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့သည်။ အုပ်ချုပ်ရေးမှူး ရိုဆယ်လိုက မာရီယာသည် ရာစုနှစ်တစ်ခုတွင် ဖျက်အားအပြင်းဆုံးမုန်တိုင်းဟု ခေါ်ဆိုခဲ့သည်။ လက်ရှိတွင် အဆင့်သုံး ဟာရီကိန်းအဖြစ်သို့ အားလျော့သွားသည့် မာရီယာသည် Turks and Caicos ကျွန်းစုသို့ ဆက် လက်ရွေ့လျားနေသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မုန်တိုင်းကြောင့် အလုံးစုံ ပျက်စီးခဲ့ရသော ပွာတိုရီကိုသို့ လာရောက်မည်ဟု ကတိပြုထားသည်။

Ref: AFP

Most Read

Most Recent