ထိုင်းတောင်ပိုင်းတွင် လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် ရိန်းဂျားလေးဦး သေဆုံး

ထိုင်းတောင်ပိုင်းတွင် လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် ရိန်းဂျားလေးဦး သေဆုံး
Published 23 September 2017

စက်တင်ဘာ ၂၂ ရက်က ထိုင်းတောင်ပိုင်းရှိ ပတ္တာနီပြည်နယ်တွင် လမ်းဘေးဗုံးပေါက်ကွဲသည့် နေရာ၌ တွေ့ရသော ထိုင်းစစ်သားများ (Photo: AFP)

ထိုင်းနိုင်ငံတောင်ပိုင်းတွင် စက်တင်ဘာ ၂၂ ရက်က လမ်းဘေးဗုံး ကွဲမှုကြောင့် စစ်တပ်မှ ရိန်းဂျားလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထိုစစ်ကွန်မန်ဒိုတပ်ဖွဲ့သည် ကျောင်းဆရာများ အသုံးပြုသည့်လမ်းအား လုံခြုံမှု ရှိစေရန်အတွက် ထရပ်ကားတစ်စီးဖြင့် နံနက်ခင်း ပုံမှန်ကင်းလှည့်မှု ပြုလုပ်နေစဉ် ယခုကဲ့သို့ လမ်းဘေးဗုံးဖြင့် ကြုံခဲ့ရခြင်း ဖြစ်သည်။

ပတ္တာနီပြည်နယ် ဆိုင်ဘူရီခရိုင်ထဲ၌ ဖြစ်ပေါ်ခဲ့သည့် ထိုဖြစ်စဉ်အတွင်း အရပ်သားတစ်ဦး အပါအဝင် ဒဏ်ရာရသွားသူ ခြောက်ဦးလည်း ရှိသေးသည်ဟု နိုင်ငံတောင်ပိုင်းဆိုင်ရာ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ယူသန်နမ်ပက်မိုက ပြောကြားခဲ့သည်။ ဗုံးကွဲမှုကြောင့် ရိန်းဂျားတို့၏ ငွေရောင်ပစ်ကပ်ကားမှာ နှစ်ခြမ်းကွဲသွားပြီး လမ်းပေါ်တွင်လည်း ချိုင့်ကြီးဖြစ်၍ ကျန်နေခဲ့သည်။

“ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ အသက်မွေးဝမ်းကျောင်းတွေကို အမှုမထားတဲ့ ဒီဖြစ်စဉ်ဟာ ဒေသတွင်းမှာ မတည်ငြိမ်မှု၊ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေဖို့ ရည်ရွယ်တာပဲ ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ထိုင်းစစ်အစိုးရသည် သူပုန်မျိုးစုံကို ကိုယ်စားပြုသော အဖွဲ့တစ်ဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ကြိုးပမ်းနေစဉ် ယခု တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုဆွေးနွေးပွဲသည် အကျိုးဖြစ်ထွန်းမှုများစွာ မရှိသေးဘဲ သူပုန်ဘက်မှ ညှိနှိုင်းသူများသည် တိုက်ခိုက်ရေးသမားများအား ထိန်းချုပ်နိုင်စွမ်း မရှိဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်သော ထိုင်းနိုင်ငံထဲ၌ မလေးရှားနိုင်ငံနှင့် ထိစပ်နေပြီး မွတ်စလင်အများစု နေထိုင်သည့် တောင်ပိုင်းဒေသတွင် မလေးမျိုးနွယ်စု သူပုန်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုမိုရရှိရေးအတွက် ပုန်ကန်ထကြွနေသည်မှာ ဆယ်စုနှစ်တစ်ခုကြာ ရှိပြီဖြစ်သည်။ ထိုသူပုန်များသည် အများအားဖြင့် လုံခြုံရေး အမှုထမ်းများကို ပစ်မှတ်ထား တိုက်ခိုက်ကြသော်လည်း ကျောင်းဆရာများ၊ ဒေသဆိုင်ရာ အစိုးရ အရာရှိများ၊ အစိုးရနှင့် ပူးပေါင်းသူများကိုလည်း ရံဖန်ရံခါ တိုက်ခိုက်လေ့ ရှိကြသည်။

Ref: AFP

Most Read

Most Recent