အီရတ်တွင် IS တို့၏ ရက်စက်မှုများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်

အီရတ်တွင် IS တို့၏ ရက်စက်မှုများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်
Published 23 September 2017

စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တွေ့ရသည့် အာမယ်ကလူနီ (ဝဲ) နှင့် အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေ (ယာ) (Photo: AFP)

အီရတ်တွင် အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ IS တို့က ကျူးလွန်သော ရက်စက်မှုများနှင့် အီရတ်၏ လူနည်းစု တိုင်းရင်းသားများဖြစ်သော ယာဇီဒစ်တို့ကို အစုအပြုံလိုက် သတ်မှုအတွက် သက်သေအထောက်အထား ရှာဖွေစုဆောင်းရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ တည်ထောင်မည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စက်တင်ဘာ ၂၁ ရက်တွင် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။

IS တို့၏ စစ်ရာဇဝတ်မှုများကို တရားစီရင်ရန်အတွက် အထောက်အကူဖြစ်စေမည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဗြိတိန်က ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဟောလိဝုဒ်သရုပ်ဆောင် ဂျော့ကလူနီ၏ ဇနီးဖြစ်သော လူ့အခွင့်အရေးရှေ့နေ အာမယ်ကလူနီက IS တို့ကို တရားစီရင်ရန်အတွက် အဓိက လှုံ့ဆော်ခဲ့ပြီး လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်မှုတွင်လည်း လူကိုယ်တိုင် တက်ရောက်ခဲ့သည်။

လက်ဘနွန်-ဗြိတိန်အနွယ်ဖြစ်သော အာမယ်ကလူနီသည် IS တို့၏ ပြန်ပေးဆွဲခြင်း ခံခဲ့ရသော ယာဇီဒစ်မိန်းကလေးများဘက်မှ ရှေ့နေလိုက်ပေးသူဖြစ်သည်။ IS တို့သည် ၂၀၁၄ ခုနှစ် သြဂုတ်တွင် အီရတ်၏ ဆင်ဂျာဒေသကို သိမ်းပိုက်ခဲ့ပြီး ယာဇီဒစ်မိန်းကလေးများအား လိင်ကျွန်အဖြစ် အသုံးပြုခဲ့ကြသည်။ လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ချိန်၌ IS တို့၏ လိင်ကျွန်ပြုမှုမှ ပြန်လည်လွတ်မြောက်လာသည့် နာဒီယာမူရက် တက်ရောက်ခဲ့ပြီး သူနှင့်အတူ ထိုင်နေခဲ့သော အာမယ်က လူနီက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်သည် IS တို့၏ မတရားမှုများအတွက် တရားမျှတမှုကို တောင်းဆိုနေကြသူများ၏ အောင်ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယာဇီဒစ်ကို အစုပြုံလိုက် သတ်မှုသည် လူမျိုးတုံးသတ်ဖြတ်မှုဟု ကုလသမဂ္ဂက ဖော်ပြခဲ့ပြီး ကုလသမဂ္ဂက အရေးယူဆောင်ရွက်ရန် အာမယ်ကလူနီက အင်တိုက်အားတိုက် ကြိုးပမ်းခဲ့သည်။ လပေါင်းများစွာ ဖိအားပေး ခံရပြီးနောက် အီရတ်က သြဂုတ်လတွင် စုံစမ်းစစ်ဆေးမှုကို သဘောတူညီခဲ့ပြီး IS တို့၏ ကျူးလွန်မှုများအား သက်သေအထောက်အထား စုဆောင်းရှာဖွေရန် ဆုံးဖြတ်ချက်ကို ထောက်ခံမည်ဟု ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်သည် အီရတ်စုံစမ်းစစ်ဆေးသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်မည့် စုံစမ်းရေး စစ်ဆေးရေးအဖွဲ့အား အခွင့်အာဏာအပ်နှင်းရန် ရက် ၆၀ အတွင်း ဆောင်ရွက်မည် ဖြစ်သည်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများသည် IS အကြမ်းဖက်သမားတို့၏ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုအတွက် သက်သေအထောက်အထားများ စုဆောင်းမည် ဖြစ်ပြီး အီရတ်တရားရုံးများတွင် အကြမ်းဖက်သမားများကို ရုံးတင်စစ်ဆေးရန် ဆောင်ရွက်မည်ဖြစ်သည်။

၂၀၁၄ ခုနှစ်မှစပြီး IS တို့ အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သော အီရတ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မိုဆူးကို ယခုနှစ် ဇူလိုင်လတွင် အီရတ်တပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ ထိုနောက်ပိုင်းတွင် IS တို့ အီရတ်၌ ထွက်ပြေးနေရပြီး ၎င်းတို့၏ ဖမ်းဆီးခံထားရသော အမျိုးသမီး ၃၀၀၀ ခန့် ရှိနေဆဲဟု ယူဆထားကြသည်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး အီရတ်နှင့် အခြားတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သော ရက်စက်မှုများကို ဖြေရှင်းရန် လုံခြုံရေးကောင်စီက အခွင့်အရေး လက်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အီရတ်တွင် IS တို့က ရက်စက်မှုများ ကျူးလွန်ခဲ့မှုကို ဖြေရှင်းရန် အရေးကြီးသည်မှာ အငြင်းပွားရန် မလိုကြောင်း သို့သော်လည်း အီရတ်နှင့် အပြည်ပြည်ဆိုင်ရာ တပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့မှုများကို မျက်ကွယ်ပြုခဲ့ခြင်းဖြစ်ကြောင်း HRW ၏ တရားရေးကျွမ်းကျင်သူ ဘာကီးဂျာရတ်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent