မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုရှိဟု ပြင်သစ်သမ္မတ မက်ခရွန် ပြောကြား

မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုရှိဟု ပြင်သစ်သမ္မတ မက်ခရွန် ပြောကြား
Published 22 September 2017

စက်တင်ဘာ ၂၀ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆွေးနွေးပွဲ၌ ဆွေးနွေးနေသော ပြင်သစ်သမ္မတ မက်ခရွန် (Photo ; AFP)

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်တို့အား တိုက်ခိုက်မှုများသည် “လူမျိုးတုံးသတ်ဖြတ်မှု” မြောက်သည်ဟု ပြင်သစ်သမ္မတမက် ခရွန်က စက်တင်ဘာ ၂၀ တွင် ပြောကြားခဲ့သည်။

“ကျယ်ပြန့်လာနေတဲ့ ဒီလူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးစုလိုက်သန့်စင်မှု” ကို လုံခြုံရေးကောင်စီက ရှုတ်ချရန်အတွက် ပြင်သစ်က အခြားအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြင်သစ်ရုပ်သံ TMC နှင့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များ (ရိုဟင်ဂျာဟု ဆိုသူများ) အား စစ်ရေးအရ တိုက်ထုတ်မှုကို မက်ခရွန်က “လူမျိုးတုံးသတ်ဖြတ်မှု” ဟု စကားလုံးသုံးစွဲခဲ့ပြီး သူ၏ အပြင်းထန်ဆုံးသော နှုတ်ဖြင့်တိုက်ခိုက်မှု ဖြစ်သည်။

လူမျိုးစုလိုက် သန့်စင်မှုကို ရှုတ်ချရမည်ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့ပြီး “အကြမ်းဖက်မှု ရပ်တန့်ဖို့၊ လူသားချင်းစာနာ ထောက်ထားမှု ဆောင်ရွက်ခွင့်ရဖို့ တောင်းဆိုမှုတွေဟာ ကုလသမဂ္ဂရဲ့ကမကထပြုမှု အောက်မှာ တိုးတက်မှုတွေရနေပါပြီ” ဟု မက်ခရွန်က ပြောကြားခဲ့သည်။

“ကုလသမဂ္ဂက ရှုတ်ချမှု ထုတ်ပြန်ပြီဆိုရင် ကုလရဲ့ဦးဆောင်မှုနဲ့ ဝင်ရောက်စွက်ဖက်မှုအတွက် မူဘောင်တစ်ခုကို ဆောင်ရွက်နိုင်တဲ့ အကျိုးဆက်တွေ ရှိလာမှာပါ” ဟု မက်ခရွန်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ခေါင်းဆောင်က ဘင်္ဂါလီမွတ်စလင်တို့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ တိုက်ခိုက်နေပြီး “လူမျိုးစုအလိုက် သန့်စင်မှုဆိုင်ရာ သင်ရိုးနမူနာ” ဟု ဖော်ပြပြောဆိုခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပထမဆုံးအကြိမ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည့် မက်ခရွန်က ‘လက်ခံနိုင်ဖွယ်ရာ မရှိသော လူမျိုးစုလိုက်သန့်စင်မှု’ ဟု ဝေဖန်ခဲ့သည်။ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ကူညီပေးရေးများ ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဦးဆောင် ဆောင်ရွက်မှုကို စတင်သွားမည်ဟု မက်ခရွန်က ပြောကြားခဲ့သည်။             Ref း AFP

Most Read

Most Recent