ဘင်္ဂါလီ မွတ်စလင်တို့ကို မြန်မာက ပြန်လည်လက်ခံရမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောကြား

ဘင်္ဂါလီ မွတ်စလင်တို့ကို မြန်မာက ပြန်လည်လက်ခံရမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောကြား
Published 21 September 2017

ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မိန့်ခွန်းပြောနေစဉ် နားထောင်နေသော ဘိုလစ်ဗီယားသမ္မတ အီဗိုမိုရေးစ် (ဝဲ) (Photo: AP)

ရခိုင်ပြည်နယ်တွင် ပဋိပက္ခကြောင့် ထွက်ပြေးခဲ့ကြသည့် ဘင်္ဂါလီမွတ်စလင် ၄၂၀,၀၀၀ ကျော်ကို မြန်မာက ပြန်လည်လက်ခံရမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်နေသည့် ဟာဆီနာက နယူးယောက်တွင် ဘင်္ဂလားဒေ့ရှ် တက်ကြွ လှုပ်ရှားသူများအား တွေ့ဆုံရာတွင် ရခိုင် အကျပ်အတည်းအ တွက် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာက ပိုမိုကြီးမားသော ဖိအားပေးရန် တောင်းဆိုခဲ့သည်။

“သူတို့ဟာ မြန်မာနိုင်ငံသားတွေလို့ ကျွန်မတို့က ပြောထားပါတယ်။ အဲဒီလူတွေကို သူတို့က ပြန်လည်လက်ခံရမယ်။ ဘေးကင်းအောင် စောင့်ရှောက်ရမယ်။ နေစရာ ပေးရမယ်။ ဖိနှိပ်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ မရှိရဘူးလို့ ပြောထားပါတယ်”ဟု ဟာဆီနာက စက်တင်ဘာ ၁၉ ရက်နှောင်းပိုင်းတွင် နယူးယောက်၌ ပြောကြားခဲ့သည်။

ဘင်္ဂါလီဒုက္ခသည်များအား ပြန်ခေါ်ရန်အတွက် မြန်မာနိုင်ငံအား စည်းရုံးရန် ဘင်္ဂလားဒေ့ရှ်က သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးချုပ် ဟာဆီနာက ပြောကြားခဲ့သည်။

“ဒါပေမဲ့လည်း မြန်မာအစိုးရက အဲဒီတောင်းဆိုမှုတွေကို မတုံ့ပြန်ပါဘူး။ ဘင်္ဂါလီ မွတ်စလင်တွေ သူတို့နေရပ်ပြန်တာကို ဟန့်တားဖို့ နယ်စပ်တစ်လျှောက်မှာ မြန်မာက မြေမြှုပ်မိုင်းတွေ ထောင်နေပါတယ်” ဟု ဟာဆီနာက ပြောကြားခဲ့သည်။ အထောက်အထား အတည်ပြုနိုင်သော ဒုက္ခသည်များကို မြန်မာနိုင်ငံက ပြန်လည် လက်ခံမည်ဟု မြန်မာနိုင်ငံ၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ ဘေးဆွယ် အစည်းအဝေးတွင် အစ္စလာမ္မစ်နိုင်ငံများနှင့် တွေ့ဆုံခဲ့သော ဟာဆီနာက “လူမျိုးစုလိုက် သုတ်သင်မှု” ဟု ခေါ်ဆိုခဲ့သည့် ဒုက္ခသည်များ အစုအပြုံလိုက် ဝင်ရောက်လာမှုကို တုံ့ပြန်ဖြေရှင်းရန်အတွက် မွတ်စလင်နိုင်ငံများထံမှ “အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ” ပေးရန် တောင်းဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ သတင်း အေဂျင်စီ BSS က ဖော်ပြခဲ့သည်။

“ဒါက သည်းမခံနိုင်တဲ့ လူသားဆိုင်ရာ ကပ်ဆိုးတစ်ခုပါ။ ကျွန်မ ဒုက္ခသည်တွေဆီကို  သွားရောက်ခဲ့ပြီး သူတို့ရဲ့ ဒုက္ခတွေကို အထူး သဖြင့် မိန်းမတွေနဲ့ ကလေးတွေရဲ့ ဆိုးရွားတဲ့ ဒုက္ခတွေကို နားထောင်ခဲ့ပါတယ်” ဟု ဟာဆီနာက ပြောကြားခဲ့သည်။

“ကျွန်မက ရှင်တို့အားလုံးကို ဘင်္ဂလားဒေ့ရှ်ကို လာရောက်စေချင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက ရက်စက်မှုတွေအကြောင်း သူတို့ဆီက ပြောတာတွေကို နားထောင်စေချင်ပါတယ်” ဟု ဟာဆီနာက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် ဘင်္ဂါလီမွတ်စလင်များအတွက် တံခါးဖွင့်ပေးခဲ့သောကြောင့် အပြည်ပြည်ဆိုင်ရာ ချီးကျူးမှုကို ရရှိထားပြီး ကယ်ဆယ်ရေးအေဂျင်စီများက လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်း ပို၍ ဆိုးရွားလာနေကြောင်းနှင့် ထပ်မံရောက်ရှိ လာသူများအတွက် အခြေခံလိုအပ်ချက်များ ကိုပင် ဖြည့်ဆည်းပေးရန် အာဏာပိုင်များက ရုန်းကန်နေရကြောင်း ပြောကြားထားသည်။

နယ်စပ်မြို့ ကော့ဘဇားအနီးတစ်ဝိုက်တွင် ဒုက္ခသည်စခန်းများ တည်ဆောက်နေပြီး ယာယီတဲ ၁၄,၀၀၀ တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်က စီစဉ်ထားသည်။ တဲတစ်ခုလျှင် ဒုက္ခသည် မိသားစုခြောက်စု နေထိုင်နိုင်သော ယင်းယာယီတဲများကို ၁၀ ရက်အတွင်း တည်ဆောက်ရန် ဟာဆီနာက အမိန့်ပေးထားသည်ဟု ဘင်္ဂလားဒေ့ရှ် သဘာဝဘေးစီမံခန့် ခွဲရေး အတွင်းဝန် ရှားကာမာက အေအက်ဖ်ပီ ကို ပြောကြားခဲ့သည်။

 

Most Read

Most Recent