ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများတွင် လူဦးရေ တစ်ရှိန်ထိုး မြင့်တက်လာမည်ကို တာဝန်ရှိသူများက စိုးရိမ်နေ

ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများတွင် လူဦးရေ တစ်ရှိန်ထိုး မြင့်တက်လာမည်ကို တာဝန်ရှိသူများက စိုးရိမ်နေ
Published 21 September 2017

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပြည့်ကျပ်နေသော ဘင်္ဂါလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ။) ဒုက္ခသည်စခန်းများတွင် လူဦးရေ တိုးပွားမှုထိန်းချုပ်ရန် အစီအစဉ်ကို လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့ပြီး လူဦးရေ တစ်ရှိန်ထိုး တိုးတက်လာမှုသည် နယ်စပ်တစ်လျှောက် လူသားချင်းစာနာမှု အကူအညီပေးရေး အကျပ်အတည်းကို ပိုမို ဆိုးရွားစေမည်ကို စိုးရိမ်နေကြသည်။

ပြည့်စုံလုံလောက်မှုမရှိသော ဒုက္ခသည်စခန်းများတွင် မိသားစုစီမံကိန်းဆိုင်ရာအဖွဲ့များအား ချထားခဲ့ပြီး အကြံဉာဏ်များပေးခြင်း၊ ကွန်ဒုံးများနှင့် အခြား သားဆက်ခြား  ပစ္စည်းများပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။

မြန်မာမှ နောက်ဆုံးထွက်ပြေးလာကြသူများတွင် ကိုယ်ဝန်ဆောင် သို့မဟုတ် ကိုယ်ဝန်ဆောင်မည့်သူ ၇၀၀၀၀ ခန့်ပါလာကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။ ၎င်းတို့သည် နောက်ထပ်ခြောက်လမှ တစ်နှစ် အတွင်း ယင်းနေရာတွင် နေထိုင်ပါက ကလေး ၂၀၀၀၀ ထပ်မွေးလာမည်ဖြစ်ကြောင်း ယင်းဒုက္ခသည်စခန်းများ တည်ရှိသော ကော့ဘဇားခရိုင်ရှိ မိသားစုစီမံကိန်းဆိုင်ရာဌာနဥက္ကဋ္ဌ ပင်တူကန်တီဘတ္တာချာချီက ပြောကြားခဲ့သည်။

ဒုက္ခသည်စခန်းများတွင် ကွန်ဒုံးနှင့် သားဆက်ခြားပစ္စည်းများ ပေးဝေမှုတွင် လက်ခံသူနှင့် ငြင်းဆန်သူများလည်း ရှိနေသည်။ အသက် ၂၅ နှစ်ရှိ မူဂျီဘာရာမန်က ကွန်ဒုံးများနှင့် သားဆက်ခြား ဆေးပြားများသည် အကူအညီပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ဇနီးနှစ်ဦးနှင့် ကလေး ၁၄ ဦး ရှိသော အသက် ၄၀ ရှိ မိုဟာမက်မိုစတာဖစ်ကမူ ယင်းပစ္စည်းများအား စားစရာများဟု ထင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ကလေးယူရန်သည် ဘာသာရေးအရ ၎င်းတို့၏တာဝန်ဖြစ်ကြောင်း၊ ကလေးမရစေရန် ဆေးဖြင့်တားခြင်းသည် မကောင်းမှုဖြစ်ကြောင်း၊ ၎င်းတို့၏ မိသားစုက ယင်းပစ္စည်းများအား သုံးမည်ဟု မထင်ကြောင်း ၎င်းက ပြောကြားခဲ့ သည်။

 

 

Most Read

Most Recent