စင်ကာပူကမ်းလွန်တွင် သင်္ဘောတိုက်မိမှု ထပ်မံဖြစ်ပွားခဲ့ရာ သင်္ဘောသားသုံးဦး ပျောက်ဆုံး

စက်တင်ဘာ ၁၃ ရက်က စင်ကာပူကမ်းလွန်အနီးတွင် နစ်မြုပ်သောင်တူးသင်္ဘောအား ဆွဲသင်္ဘောများဖြင့် ဆွဲယူလာစဉ်

စင်ကာပူကမ်းလွန်ပင်လယ်ပြင်တွင် သောင်တူးသင်္ဘောတစ်စင်းနှင့် ကုန်တင်သင်္ဘောတစ်စင်းတို့သည် စက်တင်ဘာ ၁၃ ရက်က တိုက်မိခဲ့ကြရာ ကနဦးတွင် သောင်တူးသင်္ဘောမှ သင်္ဘောသားငါးဦး ပျောက်ဆုံးခဲ့ပြီးနောက် အလောင်းနှစ်လောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါနေရာတွင် လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်ကပင် အမေရိကန်စစ်သင်္ဘောတစ်စင်းနှင့် ကုန်တင်သင်္ဘောတစ်စင်းတို့ တိုက်မိမှုဖြစ်ပွားခဲ့ကြသည်။

သင်္ဘောအသွားအလာများသော စင်ကာပူရေလက်ကြားဝန်းကျင်တွင် ယခုမတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် တရုတ်သင်္ဘော အမှုထမ်းလေးဦးနှင့် မလေးရှားတစ်ဦးတို့ကို ရှာဖွေမှုများစတင်ဆောင်ရွက်နေပြီဟု စင်ကာပူရေကြောင်းနှင့် ဆိပ်ကမ်းအာဏာ ပိုင်အဖွဲ့ (MPA) က ထုတ်ပြန်ခဲ့သည်။ နံနက်ပိုင်းတွင် တိုက်မိမှုဖြစ်ပွားခဲ့ပြီးနောက် ဒိုမီနီကန်နိုင်ငံ မှတ်ပုံတင်ထားသည့် ထိုသောင် တူးသင်္ဘောသည် မှောက်သွားခဲ့သည်။ အခြားသော တရုတ်သင်္ဘောသား ခုနစ်ဦးကိုမူ သောင်တူးသင်္ဘောကပင် ပြန်လည်ကယ်ဆယ်ခဲ့သည်။ အင်ဒိုနီရှားနိုင်ငံ မှတ်ပုံတင်ထားသော ကုန်တင်သင်္ဘောသည် အရှေ့ပိုင်းတွင် ထိခိုက်မှုရှိခဲ့သော်လည်း တည်တည်ငြိမ်ငြိမ် ဆက်လက်ရှိနေနိုင်ပြီး ဒဏ်ရာရသူလည်း မရှိဟု သိရသည်။

ယင်းမတော်တဆမှုကြောင့် စင်ကာပူရေလက်ကြားတွင် သင်္ဘော အသွားအလာ အနှောင့်အယှက်ဖြစ်ခြင်းမရှိဟု သိရသည်။ သြဂုတ် ၂၁ ရက်က အမေရိကန်ဖျက်သင်္ဘော USS John S.Mc Cain သည် စင်ကာပူကမ်းလွန်တွင် ကုန်တင်သင်္ဘောတစ်စင်းနှင့် တိုက်မိခဲ့ရာ ထိုဖျက်သင်္ဘော၏ ကိုယ်ထည်သည် ဟင်းလင်းပွင့်ထွက်သွားပြီး အမေရိကန်ရေတပ်အမှုထမ်း ၁၀ ဦး သေဆုံးခဲ့ရသည်။

Refး AFP