စက်တင်ဘာ ၁၅ ရက်မှစ၍ ပြည်ပမှ ပဲမျိုးစုံ တင်သွင်းခွင့် ယာယီရပ်ဆိုင်းမည်ဟု ထုတ်ပြန်

စက်တင်ဘာ ၁၅ ရက်မှစ၍ ပြည်ပမှ ပဲမျိုးစုံ တင်သွင်းခွင့် ယာယီရပ်ဆိုင်းမည်ဟု ထုတ်ပြန်
Published 14 September 2017

မန္တလေးကုန်စည်ဒိုင်တွင် ရောင်းဝယ်မှုပြုလုပ်နေသည်ကို တွေ့ရစဉ်

ကုန်သွယ်မှုဆိုင်ရာ ပြောင်းလဲလျက်ရှိသော အခြေအနေများနှင့် ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်ထွက်ရှိမှု ပြည်ပရောင်းလိုအား၊ ဝယ်လိုအား အခြေအနေများအရ ပဲ အမျိုးအစား အချို့သည် ပြည်တွင်းဈေးကွက်တွင် ပိုလျှံနေကြောင်း တွေ့ရှိရသဖြင့် ပြည်တွင်းပဲ ဈေးကွက် တည်ငြိမ်လာစေရန် ရည်ရွယ်၍ ပြည်ပမှ ပဲမျိုးစုံ တင်သွင်းခွင့်အား စက်တင်ဘာ ၁၅ ရက်မှ  စတင်၍ ယာယီရပ်ဆိုင်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ပမှ ပဲမျိုးစုံတင်သွင်းခွင့်ပြုခြင်းအား ယာယီရပ်ဆိုင်းရန်  သြဂုတ် ၃၁ ရက် က ပြုလုပ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ (၁၈/၂၀၁၇)ကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုဆုံးဖြတ်ခဲ့ကြပြီး ပြည်ပမှ ပဲမျိုးစုံ တင်သွင်းခွင့်အား စက်တင်ဘာ ၁၅ ရက်မှ  စတင်၍ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည်။

“နိုင်ငံခြားက တင်သွင်းတဲ့ပဲတွေကို ကန့်သတ်မယ်လို့ပြောတဲ့ အခါမှာလည်း တင်သွင်းတဲ့ ပဲက အများဆုံးတင်သွင်းတဲ့ပဲက စားတော်ပဲ ဖြစ်ပါတယ်၊ စားတော်ပဲကို အများဆုံးတင်သွင်းတဲ့အတွက် ဒီဘက်မှာ ကုလားပဲ အစားထိုး သုံးနေကြတာ တော်တော်များများလည်း ရှိပါတယ်။ သို့သော်လည်း ပဲ ခု စက်တင်ဘာ ၇ ရက်က ထွက်ထားတဲ့ စာလေးက ၁၅ ရက် နောက်ပိုင်းမှာ သွင်းတာတွေကို ယာယီ ရပ်ဆိုင်းမယ်ဆိုတဲ့ အခါကျတော့ သွင်းထားပြီးသား ပဲတွေရဲ့ ဈေးနှုန်းက မြင့်တက်သွားတာပဲ ဖြစ်ပါတယ်၊ နေပြည်တော်မှာ လူကြီးတွေနဲ့ ပဲစဉ်းငုံအတွက် ဆွေးနွေးတဲ့ အခါမှ တစ်ဦးက ထပြီး တင်ပြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို စတော်ပဲတွေ တင်သွင်းနေပါတယ်။ တင်သွင်းနေတဲ့အတွက် ကျန်တဲ့ဟာတွေရှိပါတယ် ပြောပါတယ်။ ဒါပေမဲ့ စားတော်ပဲ မသွင်းတဲ့အတွက် ပဲစဉ်းငုံက ဈေးကောင်းရမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပဲစဉ်းငုံး က အိန္နိယက ဝယ်တာ စားတော်ပဲက ကနေဒါ နဲ့ EU ပေါ့နော်။ ယူကရိန်းတို့ အာဂျင်တီးနားတို့က သွင်းတာ ဖြစ်ပါတယ်။ စတော်ပဲ သွင်းလိုက်တဲ့ ကျွန်တော်တို့မှာ ကုလားပဲ အစားထိုး သုံးလို့ရပါတယ်။ စားတော်ပဲက စားသုံးမှုအတွက်လည်း အဆင်ပြေပါတယ်။ စားသုံးရတာအတွက်လည်း တော်တော်လေး ကောင်းပါတယ်။ ဈေးနှုန်းကလည်း သင့်တင့်ပဲ ဖြစ်တဲ့အတွက်  ပဲကြော်၊ ပဲမှုန့်နဲ့ သရေစာ တော်တော်များများဟာ စားတော်ပဲနဲ့ အစားထိုးပြီး သုံးစွဲနေကြတာ ဖြစ်ပါတယ်။ တစ်ပိုင်းတော့ ရှိပါတယ်။ စားတော်ပဲ ဝင်မလာတော့ရင် နောက်စိုက်တဲ့ အခါ ပေါ်လာမယ့် ကုလားပဲဈေးက အနည်းအကျင်းတော့ မြင့်လာနိုင်ဖွယ်ရှိပါတယ်။ ပေါပေါလောလောနဲ့ သိပ်ကန့်သတ်နေရင်တော့ ကျွန်တော်တို့ဆီမှာ စိုက်တဲ့ကုလားပဲဈေးနှုန်းတော့ ဈေးသိပ်မရနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ လူကြီးတွေရဲ့ အမျှော်မြင်ကြီးကြီးနဲ့ ပိတ်လိုက်တဲ့အတွက် ဆိုရင်တော့ စိုက်လိုက်လို့ရနိုင်မယ် ကုလားပဲ ဈေးမြင့်လာ ခဲ့တော့ ကုလားပဲ စိုက်တောင်သူတွေအတွက် တော့ အကျိုးရှိမှာ ဖြစ်ပါတယ်” ဟု မန္တလေး တိုင်းဒေသကြီး ပဲနှမ်းအသင်းမှ ဥက္ကဋ္ဌ ဦးချွန်က ပြောကြားသည်။

စက်တင်ဘာ ၁၅ ရက်မတိုင်ခင် ပြည်ပမှတင်သွင်းရန် တင်သွင်းခွင့်လိုင်စင်  လျှောက်ထားလာမှုများအား စဘော်တင် အထောက်အထား (Bill Of Landing) ပါရှိမှသာ ခွင့်ပြုသွားမည်အပြင် ယခင်က ခွင့်ပြုခဲ့သော ပဲမျိုးစုံ တင်သွင်းခွင့် လိုင်စင်များအပေါ်  သက်တမ်းတိုးခြင်းများလည်း သတင်းလွှာ ထုတ်ပြန်သည့်နေ့မှစ၍ ရပ်ဆိုင်းလိုက်ကြောင်း နှင့် ပြည်ပမှ ပဲမျိုးစုံ တင်သွင်းခွင့်နှင့် စပ်လျဉ်း ၍ ပြည်တွင်း လိုအပ်ချက် အခြေအနေအပေါ် မူတည်ပြီး ပြန်လည် သုံးသပ်သွားမည် ဖြစ် ကြောင်း  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

“စားတော်ပဲကို ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ အရင်တုန်းကလည်း စိုက်ပါတယ်။ အများဆုံးစိုက်ခဲ့တာတော့ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်က အများဆုံးစိုက်တာ ဖြစ်ပါ တယ် ကျွန်းလှမြို့နယ်ဟောင်းနေရာက အခုချိန်မှာ သဖန်းဆိပ်ဆည်ကြီးနေရာဖြစ်ပါတယ်။ စားတော်ပဲဟာ စိုက်ရတဲ့နေရာမှာလည်း ပဲစိုက်လို့ရတယ်။ အပင်နုတဲ့အတွက် မြန်မာ နိုင်ငံမှာ စိုက်တဲ့ ဧကနည်းပါတယ် ရာသီဥတုလည်း လိုပါတယ်။ မြေဝင်နုကိုလည်း ကြိုက် တဲ့အတွက် ကျန်တဲ့နေရာတွေမှာဆို  စားတော်ပဲက လွယ်လွယ်နဲ့ မဖြစ်ပါဘူး။ ဒါကြောင့်မို့ လိုကျွန်တော်တို့ မြန်မာနိုင်ငံကထွက်တဲ့ ကျွန်း စတော်လို့ ခေါ်တဲ့ မျက်နှာမဲလို့ ခေါ်တဲ့ ကုလားပဲ ဈေးက တစ်သိန်းအထက် (၁၃၀၀၀၀)(၁၄၀၀၀၀)မှာ ရှိပါတယ်”  ဟု ဦးချွန်က ပြောကြားခဲ့သည်။

 

 

Most Read

Most Recent