နယူးဇီလန် လွှတ်တော်အမတ်တစ်ဦး တရုတ်သူလျှိုဟု စွပ်စွဲခံနေရ

နယူးဇီလန် လွှတ်တော်အမတ်တစ်ဦး တရုတ်သူလျှိုဟု စွပ်စွဲခံနေရ
Published 14 September 2017

စက်တင်ဘာ ၁၃ ရက်က နယူးဇီလန်နိုင်ငံ အောက်လန်းတွင် သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားနေသော နယူးဇီလန်အမတ် ကျန်ယန်း (Photo - AFP)

နယူးဇီလန်ဥပဒေပြု လွှတ်တော်အမတ်တစ်ဦးသည် တရုတ်နိုင်ငံ၌ စစ်ရေးနှင့် ထောက်လှမ်းရေးသင်တန်းများ တက်ရောက်ခဲ့ဖူးသည့်အကြောင်း ထွက်ပေါ်လာခဲ့သည်။ သို့သော်ထိုအမတ်က တရုတ်အစိုးရ၏ သူလျှိုဆိုသော ၎င်းအား စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ၎င်းသည် လူမျိုးရေး ခွဲခြားသော သားပုပ်လေလွင့်ပြောကြားမှုများ၏ သားကောင်တစ်ဦးသာဖြစ်သည်ဟု စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်သော ကျန်ယန်းနှင့် တရုတ်အထူးသူလျှို သင်တန်းကျောင်းတို့ကြားမှ ဆက်နွှယ်နေမှုအား နယူးဇီလန် ထောက်လှမ်းရေးများက အဓိကထား စုံစမ်းနေကြသည်ဟု Financial Times (FT) နှင့် newsroom.co.nz တို့၏ ပူးတွဲသတင်း စုံစမ်းမှုအရ သိရသည်။ ၂၀၁၁ ခုနှစ်က ပါလီမန်အမတ်အဖြစ် ရွေးကောက်ခံရသော ကျန်ယန်းသည် တရုတ်ထောက်လှမ်းရေး အရာရှိများအတွက် ထိပ်တန်းဘာသာစကား လေ့လာရေးအကယ်ဒမီတွင် ဆရာဖြစ်ခဲ့ဖူးသည့် ၎င်း၏ နောက်ကြောင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိဟု ထိုသတင်းအဖွဲ့အစည်းများက ဆိုသည်။

နယူးဇီလန်သည် ထောက်လှမ်းရေး သတင်းအချက်အလက်ဝေမျှသည့် ကွန်ရက် Five Eyes ၏အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ထိုကွန်ရက်ထဲတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျတို့လည်း ပါဝင်သည်။ အခြားအနောက်နိုင်ငံများတွင်မူ တရုတ်သူလျှိုအသိုင်းအဝိုင်းနှင့် ထိုမျှလောက် အဆက်အသွယ်ရှိသော လွှတ်တော်အမတ် တစ်ဦးရှိသည်ဟု မသိရကြောင်း FT က ဆိုသည်။

ယခုကိစ္စထွက်ပေါ်လာမှုက နိုင်ငံခြား အစိုးရများကို လွှမ်းမိုးပြီး သူလျှိုလုပ်ရန်ပိုမို ထက်သန်လာသည့် တရုတ်နှင့် ရင်ဆိုင်ရာတွင် အနောက်နိုင်ငံများ၏ ပြင်ဆင်မှုအား မေးခွန်းထုတ်မှုများ ဖြစ်ပေါ်စေသည်ဟု သတင်းစာထဲတွင် ဖော်ပြခဲ့သည်။

ကျန်ယန်းကမူ ၎င်းသည် နောက်ကြောင်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိပြီး နယူးဇီလန်နိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူသူတစ်ဦးဖြစ်ကြောင်း ပြောကြားပြီး ၎င်းအား ဂုဏ်သရေပျက်စေသော ထုတ်ပြန်ချက်များကို ရှုတ်ချခဲ့သည်။ ထို့ပြင်  အာဏာရပါတီမှဖြစ်သည့် ကျန်ယန်းက ယခုစွပ်စွဲမှုများသည် စက်တင်ဘာ ၂၃ ရက် ရွေးကောက်ပွဲ မတိုင်မီကပ်၍ ထွက်ပေါ်လာခြင်းကို  ပြန်လည်မေးခွန်း ထုတ်ခဲ့သည်။ ထို ရွေးကောက်ပွဲတွင် အာဏာရပါတီက အနိုင်ပြန်လည်ရရှိရေးအတွက် အကြိတ်အနယ် ရင်ဆိုင်ရမည့် အခြေအနေရှိနေသည်။

နယူးဇီလန်ဝန်ကြီးချုပ် ဘီလ်အင်္ဂလိပ်ကမူ နယူးဇီလန်ထောက်လှမ်းရေးအဖွဲ့သည် ကျန်ယန်းကို စုံစမ်းနေခြင်း ရှိ မရှိ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ သို့သော် ကျန်ယန်းက ၎င်းသည် တရုတ်စစ်ရေးနှင့် ထောက်လှမ်းရေး သင်တန်းများမှ လာသူဖြစ်ကြောင်းကို ဖုံးကွယ်ရန် မကြိုးပမ်းခဲ့ဖူးကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

အခြားသော နိုင်ငံများ၏ ပြည်တွင်းရေးနှင့်ပတ်သက်ပြီး ဝင်ရောက်မှတ်ချက် ပေးလေ့မရှိသည့် တရုတ်နိုင်ငံခြားရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က “အချို့သောမီဒီယာတွေရဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ၊ မှားယွင်းတဲ့ အချက်အလက်တွေ၊ သတင်းတွေကို ကျွန်တော်တို့ဘက်က ခိုင်ခိုင်မာမာ ဆန့်ကျင်လိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent