မြောက်ကိုရီးယားဆိုင်ရာ ဆုံးဖြတ်ချက်အား ကုလသမဂ္ဂတွင် မဲခွဲမဆုံးဖြတ်မီ အမေရိကန်က အလျှော့ပေးမှုများ ပြုလုပ်ခဲ့

မြောက်ကိုရီးယားဆိုင်ရာ ဆုံးဖြတ်ချက်အား ကုလသမဂ္ဂတွင် မဲခွဲမဆုံးဖြတ်မီ အမေရိကန်က အလျှော့ပေးမှုများ ပြုလုပ်ခဲ့
Published 12 September 2017

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုတွင် ပါဝင်ခဲ့ကြသည့် ပညာရှင်များအား ဂုဏ်ပြုသည့် ဖျော်ဖြေပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က စက်တင်ဘာ ၁၀ ရက်တွင် တက်ရောက်ခဲ့စဉ် (Photo: AFP)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်သွင်းမည့် မြောက်ကိုရီးယားဆိုင်ရာ ပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက်သစ်အား အမေရိကန်က တောင်းဆိုချက်များကို လျှော့ချပေးခဲ့ပြီး တင်သွင်းထားကြောင်း သံတမန်များက ပြောကြားခဲ့သည်။ ယခုလအစောပိုင်းက မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရေးကို အမေရိကန်က ဦးဆောင်ကြိုးပမ်းနေသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ပိုင်ဆိုင်မှုများအား ထိန်းသိမ်းခြင်း၊ ရေနံကုန်သွယ်မှုကို ပိတ်ဆို့အရေးယူခြင်းတို့ အတွက် ဆုံးဖြတ်ချက်ချမှတ်ရန် အမေရိကန်က တောင်းဆိုထားခဲ့သည်။ သို့သော်လည်း စက်တင်ဘာ ၁၀ ရက်နှောင်းပိုင်းတွင် အမေရိကန်က တရုတ်နှင့် ရုရှားတို့ကို စည်းရုံးသည့် အနေဖြင့် ၎င်း၏တောင်းဆိုချက်များကို လျှော့ချပေးခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်း၌ ပိုင်ဆိုင်မှုများ ထိန်းသိမ်းခြင်းကို ဖယ်ရှားပေးခဲ့ကြောင်း သံတမန်များက ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယား၏ ပြည်ပအလုပ်သမားများအား ကန့်သတ်မှုများ ချမှတ်ရန် အကြံပြုထားခြင်းကို ဆုံးဖြတ်ချက်မူကြမ်း၌ အလျှော့ပေးခဲ့ကြောင်း သိရသည်။ အဓိက အရေးယူ ပိတ်ဆို့မှုများအနက် တစ်ခုဖြစ်သော ချည်မျှင်နှင့် အထည်လိပ်ပို့ကုန်များ တားမြစ်ခြင်းကိုမူ အမေရိကန်က မပြောင်းလဲဘဲ ဆက်လက်ထားရှိခဲ့သည်။

လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်များဖြစ်ကြသော ပြင်သစ်၊ ဗြိတိန်တို့က အမေရိကန်၏ ပိတ်ဆို့အရေးယူမှု တောင်းဆိုချက်များကို ထောက်ခံထားပြီးဖြစ်သည်။ မြောက်ကိုရီးယားကို အဓိကထောက်ခံသူများဖြစ်သော တရုတ်နှင့် ရုရှားတို့က မြောက်ကိုရီးယားအစိုးရ ပြိုလဲပြီး ဒုက္ခသည်များ စုပြုံဝင်ရောက်လာနိုင်မှုကို စိုးရိမ်နေကြပြီး ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်နေကြသည်။ မော်စကိုနှင့် ပေကျင်းအား စည်းရုံးသည့်အနေဖြင့် ဝါရှင်တန်က မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေးဆက်နွှယ်မှုများ ဆက်လက် ဆောင်ရွက်သည့်နိုင်ငံများကို စီးပွားရေးဆက်နွှယ်မှုများ ဖြတ်တောက်ရန်နှင့် စစ်ရေးအရေးယူမှု ဆောင်ရွက်မှု အလားအလာတို့အကြား ရွေးချယ်ကြရန် ပြောကြားထားသည်။ မြောက်ကိုရီးယား၏ ပို့ကုန်ရာခိုင်နှုန်း ၉၀ သည် တရုတ်သို့ တင်ပို့နေသည်။

မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယားနှင့် ဒုံးစီမံကိန်းများအတွက် မည်သည့် အရေးယူပိတ်ဆို့မှုကိုမဆို လက်ခံမည်မဟုတ်ဟု စက်တင်ဘာ ၁၁ အစောပိုင်းတွင် ပြောကြားခဲ့သည်။ ဝါရှင်တန်က ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ဆုံးဖြတ်ချက်ကို အကွက်ဆင်ဆောင်ရွက်ခဲ့လျှင် အမေရိကန်သည် မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားသည် မကြာသေးခင်လများအတွင်း ဒုံးစမ်းသပ်မှုများ အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီး တိုက်ချင်းပစ်ဒုံးကိုပင် စမ်းသပ်ခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှု ခုနစ်ကြိမ် ချမှတ်ထားသော်လည်း မြောက်ကိုရီးယားက ဆက်လက်အာခံနေခဲ့ပြီး ယခုလအစောပိုင်းတွင် ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ဆောင်ရွက်ခဲ့သည်။

Ref: AFP

Most Read

Most Recent