<

ဘင်္ဂါလီများက ကိုယ့်အိမ်ကိုယ် မီးရှို့သည့် ဓာတ်ပုံအများအပြား ထွက်ပေါ်လာ

စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းက မောင်တောမြို့ရှိ ရပ်ကွက် (၄) တွင် ဘင်္ဂါလီများ ကိုယ့်အိမ်ကိုယ် မီးရှို့နေပုံ အဆင့်ဆင့်

မောင်တောမြို့ပေါ် ရပ်ကွက် (၄) တွင် ဘင်္ဂါလီများ ကိုယ့်အိမ်ကိုယ် မီးရှို့သည့် ဓာတ်ပုံများ စက်တင်ဘာ ၆ ရက် ညနေပိုင်း၌ လူမှုကွန်ရက်စာမျက်နှာများတွင် အများအပြား ထွက်ပေါ်လာခဲ့ပြီး ဘင်္ဂါလီများအနေဖြင့် ကိုယ့်အိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group က ရရှိခဲ့သော ဓာတ်ပုံအထောက်အထားများနှင့် အဆိုပါဓာတ်ပုံများအား ကိုယ်တိုင်ရိုက်ကူးခဲ့သူက Eleven Media Group ၏ တိုက်ရိုက်ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်မှာ စက်တင်ဘာလ ၃ ရက် မွန်းလွဲပိုင်းခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မောင်တောမြို့ရှိ ရပ်ကွက် (၄) ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်း အနောက်ဘက်မှ ဘင်္ဂါလီရပ်ကွက်အတွင်းတွင် ဘင်္ဂါလီအချို့က ကိုယ့်အိမ်ကိုယ် မီးရှို့ခဲ့ကြခြင်းဖြစ်ကြောင်း ဓာတ်ပုံရိုက်ယူခဲ့သူ၏ ဖြေကြားချက်အရ သိရသည်။ ၎င်းက စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်း အနောက်ဘက်ရှိ ဘင်္ဂါလီရပ်ကွက်အတွင်း မီးရှို့နေကြောင်း ကြားသိရသည့်အတွက် သွားရောက်ကြည့်ရှုရာတွင် ဘင်္ဂါလီများက ကိုယ့်အိမ်ကိုယ် မီးရှို့နေသည်ကို မြင်တွေ့ရသောကြောင့် ဓာတ်ပုံ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group ကို ဖြေကြားခဲ့သည်။

မောင်တောဒေသတွင် ပေါ်ပေါက်နေသော ဖြစ်စဉ်များတွင် ဘင်္ဂါလီများအနေဖြင့် ကိုယ့်အိမ်ကိုယ် မီးရှို့ခြင်းနှင့် ပတ်သက်၍ ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်း ဆရာတော်က “အဲ့ဒီကိစ္စကို ဘုန်းဘုန်းပြောပြမယ်၊ ဒီမှာ အချိန်ရတယ် ဆိုလို့ရှိရင် ဘုန်းဘုန်းဆီကို လာခဲ့၊ ဘုန်းဘုန်း ဓာတ်ပုံမှတ်တမ်းတွေ အကုန်ရှိတယ်၊ သူတို့ဟာ သူတို့ မီးရှို့သွားတာ၊ သူတို့ဟာသူတို့ မီးရှို့ရုံမကဘူး ဘုန်းဘုန်းကျောင်း ခြံစည်းရိုးနဲ့ ကပ်နေတော့ ဘုန်းဘုန်းကျောင်းကိုလည်း သူတို့က မီးလောင်စေချင်တဲ့ ဆန္ဒရှိတယ်၊ သူတို့အိမ်ကို မီးရှို့လိုက်တယ်ဆိုရင် ဘုန်းဘုန်းကျောင်းကိုလည်း မီးထဲမှာ ပါသွားစေချင်တဲ့ ဆန္ဒရှိတယ်၊ အဲ့ဒီတော့ အခုခေတ်က သားတို့သိတဲ့အတိုင်းပဲ ဖုန်းတွေ ဘာတွေ ညာတွေက ကလေးတိုင်းလိုလိုမှာ ရှိနေတာလေ၊ မီးရှို့တဲ့အခါ ဘုန်းဘုန်းက သွားပြီးတော့ တားတာပေါ့။ မင်းတို့ မလုပ်နဲ့ မလုပ်နဲ့။ အဲ့ဒီဘင်္ဂါလီတွေကို။ ဓာတ်ပုံတွေ အကုန်လုံးရှိတယ်၊ မှတ်တမ်းမှတ်ရာတွေ၊ ဘုန်းဘုန်းသားတို့ကို သေချာရှင်းပြဖို့အတွက် ပရိုဂျက်တာတွေ ဘာတွေ လုပ်ထားတယ်၊ ဒါပေမယ့် အချိန်မရဘူး၊ သားတို့ တိကျပြတ်သားတဲ့ သတင်းအတိအကျတွေ လိုချင်တယ် ဆိုလို့ရှိရင် ဘုန်းဘုန်းမှာ အချက်အလက်တွေ အများကြီးရှိတယ်” ဟု စက်တင်ဘာ ၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ မောင်တောမြို့သို့ ရောက်ရှိလာစဉ် မေးမြန်းမှုများနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း မိန့်ကြားခဲ့သည်။ အဆိုပါခရီးစဉ်တွင် Eleven Media Group အပါအ၀င် AP ၊ NHK ၊ BBC ၊ TBS ၊ RFA ၊ Swiss TV ၊ Aljazeera ၊ CNA ၊ Mizzima ၊ မြန်မာတိုင်းမ် ၊ Central News Bureau စသည့် မီဒီယာများနှင့် သမ္မတအိမ်တော် သတင်းထောက်အဖြစ် အမည်စာရင်းပေးသွင်းထားသူများ ပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်စောင်တွင် မွတ်စလင်ကျေးရွာများ မီးရှို့ခံရကြောင်းကို ထည့်သွင်း ဖော်ပြခဲ့သည်။ ယင်းဖော်ပြချက်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီကျေးရွာမှ အိမ်ခြေ ၇၀၀ ခန့် မီးလောင်နေကြောင်း ဂြိုဟ်တုရုပ်ပုံဖြင့် ထည့်သွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ပင် နိုင်ငံတကာ မီဒီယာများအနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများ၏ နေအိမ်များအား မီးရှို့ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်သည်ဟု စွပ်စွဲမှုများ ပြုလုပ်ခဲ့သော်လည်း ယင်းနှင့်ပတ်သတ်သည့် ခိုင်လုံသည့် အထောက်အထားများ ဖော်ပြနိုင်ခြင်း မရှိသည့်အချိန်တွင် ဘင်္ဂါလီများက ကိုယ့်အိမ်ကိုယ် မီးရှို့သည့် ဓာတ်ပုံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီအိမ်များကို မီးရှို့သည်ဟု စွပ်စွဲမှုများ ရှိသော်လည်း ဘင်္ဂါလီများက ကိုယ့်အိမ်ကိုယ် မီးရှို့သည့် ဓာတ်ပုံအများအပြား ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဘင်္ဂါလီများအနေုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့အား ပြန်လည်တုံ့ပြန်ရာတွင် ဘင်္ဂါလီများက အရွယ်မရောက်သေးသော ကလေးများနှင့် အမျိုးသမီးများကို ရှေ့တွင်ထား၍ ပြန်လည်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။ တရားဝင် သတင်းထုတ်ပြန်ချက်များအရ  ရခိုင်ပြည်နယ်မြောက်ခြမ်း အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်  ကျေးရွာပေါင်း ၆၀၊ အိမ်အလုံးရေ ၆၈၄၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့် ပတ်သက်၍ မိမိကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ဆိုထားသူ ဘင်္ဂါလီအကြမ်းဖက်များ ကျူးလွန်သည့် အထောက်အထားများ ထပ်မံ ထွက်ပေါ်လာဖွယ် ရှိနေကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတတို့ စက်တင်ဘာ ၅ ရက်က တယ်လီဖုန်းဖြင့် အပြန်အလှန်ဆွေးနွေးရာတွင် “ . . . တူရကီ ဒုတိယဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ အခြားနိုင်ငံများမှ သတင်းဓာတ်ပုံ အမှားများကို ဖြန့်ဝေခဲ့သည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ တူရကီဒုတိယဝန်ကြီးချုပ် ကြုံတွေ့ခဲ့ရသည့် အဖြစ်သည် သတင်းအမှားများ ထုနှင့်ထည်နှင့် ပြန့်နှံ့နေခြင်းအတွက် ကြီးမားသောပြဿနာ၏ မြင်သာသော (The Tip of a huge Iceberg of Misinformation) အစိတ်အပိုင်း တစ်ခုသာ ဖြစ်ကြောင်း၊ ထိုကဲ့သို့ သတင်းဓာတ်ပုံ အမှားများကို မတူညီသော အသိုင်းအဝိုင်းများအကြား ပြဿနာအများအပြား ဖြစ်ပွားစေရန်နှင့် အကြမ်းဖက်သမားများ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးနေကြသည်ကို မှန်းဆကြည့်နိုင်ကြောင်း . . . ” ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတင်းအမှားများ ထုတ်လွှင့်ပျံ့နှံ့နေမှုနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောဒေသတွင် ဘင်္ဂါလီများက တိုင်းရင်းသားနေအိမ်များကို လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် မွန်းလွဲပိုင်းက ဘင်္ဂါလီ ထောင်ဂဏန်းခန့်သည် မောင်တောမြို့ မြို့မပရိယတ္တိစာသင်တိုက်နှင့် ရနံ့သစ်တည်းခိုခန်းတို့အား ခဲများဖြင့် ပစ်ပေါက်ရာမှာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူနေအိမ်များ၊ ဈေးဆိုင်တန်းများ၊ တည်းခိုခန်း စသည်တို့ကို မီးရှို့ဖျက်ဆီးခြင်း၊ ရန်ပြုသတ်ဖြတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မောင်တောမြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးသည့် ဂေါ်ဒူသာရကျေးရွာအုပ်စု၊ သရေကမုံရွာကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းလုယက်မှုများ ကျူးလွန်ခဲ့ကြောင်းလည်း သိရသည်။

 

September 6, 2017














Copy Protected by Chetan's WP-Copyprotect.