အကြမ်းဖက်မှုများ မိမိတို့နိုင်ငံများတွင် အမြစ်မတွယ်ရန် အတူတကွဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အကြမ်းဖက်မှုများ မိမိတို့နိုင်ငံများတွင် အမြစ်မတွယ်ရန် အတူတကွဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 7 September 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီတို့ စက်တင်ဘာ ၆ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဓာတ်ပုံ-နေရိုင်း)

အကြမ်းဖက်မှုများ မိမိတို့နိုင်ငံများတွင် အမြစ်မတွယ်ရန် အတူတကွဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့သည် စက်တင်ဘာ ၆ ရက်တွင် နိုင်ငံတော်သမ္မတအိမ်တော်တွင် တွေ့ဆုံကာ နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ပြီးနောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း မိမိတို့နိုင်ငံ အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်နှင့် ရင်ဆိုင်တွေ့ခဲ့ရချိန်တွင် မိမိတို့နှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့သည့်အတွက် အိန္ဒိယနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။

“အကြမ်းဖက်မှုတွေ ကျွန်မတို့နိုင်ငံတွေမှာ အမြစ်မတွယ်ဖို့အတွက် အတူတကွ ဆောင်ရွက်နိုင်မယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အတူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရင် ဒရာမိုဒီက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အဆွေတော်၏ ရဲရင့်သည့် ဦးဆောင်မှု အောက်တွင် ရှိနေပါကြောင်း၊ အဆွေတော် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကိုလည်း မိမိတို့အနေဖြင့် ပြည့်ပြည့်၀၀ နားလည်သဘောပေါက်ကြောင်း ပြောကြားသည်။

“ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ သေဆုံးရမှုနဲ့ ပတ်သက်ပြီး စာနာနားလည်ပါတယ်။ ကြီးမားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပဲဖြစ်ဖြစ်၊ ပြဿနာ တစ်စုံတစ်ခုကိုဖြေရှင်းတဲ့ ကိစ္စရပ်ပဲဖြစ်ဖြစ် အဲဒီလိုအခြေအနေတစ်ခုကို ဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံး အတူလက်တွဲ ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံသားများ အိန္ဒိယနိုင်ငံသို့လာရောက်ပါက ဗီဇာကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် အိန္ဒိယအကျဉ်းထောင်များတွင် အကျဉ်းကျနေသည့် မြန်မာအကျဉ်းသား ၄၀ ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ စက်တင်ဘာ ၆ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-နေရိုင်း)

နိုင်ငံတော် သမ္မတအိမ်တော်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ ဦးဆောင်၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြီးနောက် ၎င်းတို့နှစ်ဦးရှေ့မှောက်တွင် နှစ်နိုင်ငံကိုယ်စားလှယ်များက နှစ်နိုင်ငံ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေးဝန်ကြီးဌာနများ အပါအဝင် အခြားသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ စုစုပေါင်း ၁၁ စောင်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်သည် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲပြီးနောက် စက်တင်ဘာ ၆ ရက်၌ ပုဂံဒေသသို့ သွားရောက်ခဲ့ပြီး ညနေတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားရုံ၌ အိန္ဒိယ နွယ်ဖွားများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ လာရောက်ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီအား စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုအခမ်းအနား ဖြင့်ကြိုဆိုပြီးနောက် လက်ခံတွေ့ဆုံခဲ့ကာ ညပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ပင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် လာရောက်ဖူးသော်လည်း နှစ်နိုင်ငံဆက်ဆံရေး တရားဝင်ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် လာရောက်ခြင်းလည်းဖြစ်သည်။ အလားတူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီ မြန်မာနိုင်ငံသို့မလာရောက်မီကာလအတွင်း အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယသို့ အဓိကတင်သွင်းနေသည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ စသည့်ပဲများတင်ပို့မှု ရပ်ဆိုင်းထားရပြီး ပဲများပြန်လည်တင်ပို့နိုင်ရေး လက်ရှိတွင်လည်း နှစ်နိုင်ငံအစိုးရတာဝန်ရှိများ ဆွေးနွေးနေဆဲဖြစ်သည်။

Most Read

Most Recent