နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတ မစ္စတာအာဒိုဂန်တို့ ရခိုင်ပြည်နယ် အရေးကိစ္စ အပြန်အလှန် ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတ မစ္စတာအာဒိုဂန်တို့ ရခိုင်ပြည်နယ် အရေးကိစ္စ အပြန်အလှန် ဆွေးနွေး
Published 6 September 2017

ဓာတ်ပုံ - Myanmar State Counsellor Office

စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တူရကီသမ္မတ တေယစ်အာဒိုဂန်၏ တယ်လီဖုန်းခေါ်ဆိုမှုအား လက်ခံပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ အပြန်အလှန် ဆွေးနွေးရာတွင် တူရကီသမ္မတ မစ္စတာအာဒိုဂန်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့်စပ်လျဉ်း၍ တယ်လီဖုန်းခေါ်ဆိုရခြင်း ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ စိန်ခေါ်မှု အများအပြားကို ကျော်ဖြတ်ပြီး လူ့အခွင့်အရေး အပြောင်းအလဲများ ဆောင်ရွက်ခဲ့သော ခေါင်းဆောင်တစ်ဦး အနေဖြင့် ရခိုင်အရေးကိစ္စကို အမြော်အမြင်ဖြင့် ချဉ်းကပ် ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မကြာသေးခင်က ဖြစ်ရပ်များနှင့် ပတ်သက်၍ စဉ်းစားသုံးသပ် ဆောင်ရွက်မည်ကို သံသယ မရှိပါကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ လူအများ ဖြန့်ဝေနေသော ရုပ်ပုံများကြောင့် ကမ္ဘာတစ်ဝှမ်းမှ စိုးရိမ်ပူပန်မှု ကြီးစွာဖြစ်လာခဲ့ကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့အနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အကာအကွယ်များ ပိတ်ပင်ခံရခြင်း၏ ဆိုလိုရင်းသဘောကို ကောင်းစွာသိရှိနားလည်ပြီး အစဉ်အမြဲ အလေးထားပါကြောင်း၊ ထို့ကြောင့်လည်း မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးသာမက လူမှုရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးများကိုလည်း မြှင့်တင်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးအတွက် အဖြစ်နိုင်ဆုံး နည်းလမ်းဖြင့် ကာကွယ်မှုပေးနိုင်ရန် စတင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီသာမက ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ရေရှည်မျှော်မှန်းကာ ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သတင်းအချက်အလက် အမှားများ ဖန်တီးခြင်းကြောင့် မိမိတို့နှစ်နိုင်ငံအကြား ကာလရှည်ကြာ ရင်းနှီးချစ်ကြည်သော မိတ်ဆွေကောင်း ဆက်ဆံရေး ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းကို အမြဲထိန်းသိမ်းထားလိုသော မြန်မာနိုင်ငံ၏ သဘောထားကို မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးက တင်ပြပြီး ဖြစ်မည်ဟု ယူဆပါကြောင်း၊ တူရကီ ဒုတိယဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ အခြားနိုင်ငံများမှ သတင်းဓါတ်ပုံအမှားများကို ဖြန့်ဝေခဲ့သည်ကိုသိရှိပြီး ဖြစ်မည်ဟု ယူဆပါကြောင်း၊ တူရကီဒုတိယဝန်ကြီးချုပ် ကြုံတွေ့ခဲ့ရသည့် အဖြစ်သည် သတင်းအမှားများ ထုနှင့်ထည်နှင့် ပြန့်နှံ့နေခြင်းအတွက် ကြီးမားသောပြဿနာ၏ မြင်သာသော (The Tip of a huge Iceberg of Misinformation) အစိတ်အပိုင်း တစ်ခုသာ ဖြစ်ကြောင်း၊ ထိုကဲ့သို့ သတင်းဓါတ်ပုံ အမှားများကို မတူညီသော အသိုင်းအဝိုင်းများအကြား ပြဿနာအများအပြား ဖြစ်ပွားစေရန်နှင့် အကြမ်းဖက်သမားများ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးနေကြသည်ကို မှန်းဆကြည့်နိုင်ကြောင်း၊ တူရကီနိုင်ငံအနေဖြင့် ပီကေကေ (the Kurdistan Workers' Partyor PKK -Kurdish: PartiyaKarkerên Kurdistan) ကို နှိမ်နင်းခဲ့ရခြင်းကြောင့် အကြမ်းဖက်ဝါဒ၏ စိန်ခေါ်မှုများကို ကောင်းစွာနားလည်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်သမားများကို ရင်ဆိုင်ရသည်မှာ အတွေ့အကြုံအသစ် ဖြစ်သော်လည်း ယင်းအကြမ်းဖက်ဝါဒ ပိုမိုကျယ်ပြန့်မလာစေရန်နှင့် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးသို့ ပြန့်နှံ့မသွားနိုင်စေရန် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်ဝါဒ မြန်မာနိုင်ငံ၌ အမြစ်မတွယ်စေရေး အတွက် ကမ္ဘာတစ်ဝှမ်းမှ မိတ်ဆွေများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်း နေထိုင်သူအားလုံး ဘေးကင်းလုံခြုံ စိတ်အေးချမ်းသာစေရန် လိုအပ်သည့် ကာကွယ်မှုအားလုံး ခံစားပိုင်ခွင့် ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မည့် အကောင်အထည်ဖော်ရေး ကော်မတီကို အမြန်ဆုံး ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တူရကီသမ္မတ မစ္စတာအာဒိုဂန်က မြန်မာအစိုးရ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို သိရှိပါကြောင်း၊ ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ကူညီပံ့ပိုးရန် တူရကီနိုင်ငံအနေဖြင့် အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent