ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ကုန်သွယ်ရေးဆက်ဆံမှုအားလုံး ဖြတ်တောက်ကြောင်း မော်လဒိုက်ကြေညာ

ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ကုန်သွယ်ရေးဆက်ဆံမှုအားလုံး ဖြတ်တောက်ကြောင်း မော်လဒိုက်ကြေညာ
Published 5 September 2017

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော အခြေအနေနှင့် ဘင်္ဂါလီတို့အား ကျူးလွန်မှုများနှင့် ပတ်သက်ပြီး မြန်မာနှင့် ကုန်သွယ်ရေး ဆက်ဆံမှုအားလုံးကို မော်လဒိုက်က ဖြတ်တောက်လိုက်ကြောင်း သိရသည်။

ဘင်္ဂါလီ (ရိုဟင်ဂျာဟု မူးရင်းတွင် သုံးနှုန်းထား) တို့အား ကျူးလွန်လျက်ရှိသော လုပ်ရပ်များအား ကာကွယ်ရန် မြန်မာအစိုးရက အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်မှု မပြုမခြင်း မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေး ဆက်ဆံမှုအားလုံးကို ဖြတ်တောက်ကြောင်း မော်လဒိုက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်စောင် စက်တင်ဘာ ၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဘင်္ဂါလီများအား လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတို့က စုံစမ်းစစ်ဆေးရန် မော်လဒိုက်အစိုးရက တောင်းဆိုလိုက်ကြောင်း ယင်းကြေညာချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

မော်လဒိုက်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ယင်းကြေညာချက်ထဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ အသိုင်းအဝိုင်းအပေါ် ရက်စက်စွာ လုပ်ဆောင်ခံနေရမှု အခြေအနေများနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် အကြမ်းဖက်မှု အခြေအနေများအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ ကုန်သွယ်ရေးဆက်ဆံမှု ဖြတ်တောက်လိုက်သည်ဟု ကြေညာပြီးနောက်တွင် မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ မော်လဒိုက်နိုင်ငံ ခရီးစဉ်တစ်ခုကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

မော်လဒိုက်တွင် ကျန်းပရန်ရှိသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နှစ်ပတ်လည် အစည်းအဝေး တက်ရောက်ရန်ရှိနေသော ခရီးစဉ်ကို မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီးက ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မောင်တောခရိုင်အား စစ်ဆင်ရေးနယ်မြေအဖြစ် မြန်မာနိုင်ငံအစိုးရက စက်တင်ဘာ ၁ ရက်တွင် သတ်မှတ်လိုက်ပြီး လက်ရှိချိန်တွင် မောင်တောမြို့ တည်ငြိမ်စ ပြုလာပြီဖြစ်သော်လည်း မြို့ခံများနှင့် မောင်တောမြို့ ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံများမှာ ဘူးသီးတောင်နှင့် စစ်တွေမြို့များသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကြောင်း သိရသည်။

ထို့အပြင် ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၄ ရက်တွင် နေပြည်တော်သို့ လာရောက်၍ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး လာရောက်သည့် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၏ အခြေအနေ တိုးတက်မှု၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ အသိုက်အဝန်း နှစ်ခုအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှု ပေးအပ်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသော ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်လျက်ရှိကာ ဘင်္ဂါလီများအပေါ် ဖိနှိပ်မှု ရပ်တန့်ရန်ဟုဆိုကာ တူရကီ၊ အီရန် စသည့် နိုင်ငံများက တောင်းဆိုမှုများ ရှိနေပြီး ရုရှား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ချေချင်းညာတို့တွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

ထို့အတူ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများမှလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံး ထိန်းချုပ်ကာ အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးရန် တိုက်တွန်းတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

Most Read

Most Recent