မြန်မာနိုင်ငံရဲ့ အနောက်ဘက်ဆုံးမြို့ မောင်တော ကျဆုံးလို့မဖြစ်ပါ

မြန်မာနိုင်ငံရဲ့ အနောက်ဘက်ဆုံးမြို့ မောင်တော ကျဆုံးလို့မဖြစ်ပါ
Published 3 September 2017

မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာနှင့် ခူတိုင်ကျေးရွာမှ ကျောင်းဆရာများနှင့် ရွာသူရွာသားများ မေယုတောင်ပေါ်တွင် ပုန်းခိုနေကြရစဉ်

မောင်တောမြို့ဟာ အခုအချိန်မှာ ကမ္ဘာကသိတဲ့မြို့တစ်မြို့ ဖြစ်လို့ နေပါပြီ။

မောင်တောမြို့ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ပိုင်းက တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ ကုန်သွယ်ရေးမြို့ အနောက်ဘက်တံခါးမြို့လို့ ထင်ရှားခဲ့ပေမယ့် အခုအချိန်မှာတော့ အကြမ်းဖက်တိုက်ခိုက်မှုကို ခံနေရတဲ့ မြို့တစ်မြို့ဆိုလျှင်လည်း မမှားပါဘူး။ မောင်တောမြို့ဟာ အခုအချိန်မှာ အကြမ်းဖက်မှု ထူပြောရာဒေသ၊ အထူးသဖြင့် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ နယ်မြေလု စစ်ပွဲဆင်နွှဲရာ စစ်မြေပြင်တစ်ခုလည်း ဖြစ်လာခဲ့ပါပြီ။

သြဂုတ် ၂၄ ရက် ညသန်းခေါင်ကျော် သြဂုတ် ၂၅ ရက် နံနက်အစောပိုင်းမှာပဲ မောင်တောနယ်စပ်တစ်လျှောက်မှာရှိတဲ့ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်ကို ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေက တံတားတွေကို မိုင်းခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်၊ လက်လုပ်မိုင်း၊ တုတ်၊ ဓား၊ လှံတွေနဲ့ အင်အားသုံးကာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခံခဲ့ရပါတယ်။

သြဂုတ် ၂၅ ရက်ကနေ ၃၀ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ ထိတွေ့တိုက်ပွဲ ၉၀ ကြိမ်ဖြစ်ခဲ့ပြီး ဖြစ်စဉ်မှ တပ်မတော်မှ စစ်သည်နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ နိုင်ငံဝန်ထမ်းနှစ်ဦး စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ပြီး စစ်သည်ငါးဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်သည်တစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တပ်မတော်မှ လက်နက်ငယ်တစ်လက်၊ ကျည်အိမ်သုံးခု၊ ကျည်၂၄၀ တောင့် နဲ့ဆက်စပ်ပစ္စည်းတွေ၊ ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၄၂၅ တောင့်၊ ဗုံးသီးမျိုးစုံ ၁၁ လုံး၊ ဆက်သွယ်ရေးစက်တစ်လုံးတို့ ဆုံးရှုံးခဲ့ရပြီး ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ခုနစ်စီး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

သြဂုတ်၂၅ ရက်မှာ ရဲကင်းစခန်းတွေနဲ့ တပ်ဌာနချုပ်တွေကို အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ထိတွေ့တိုက်ပွဲ ၃၈  ကြိမ် ဖြစ်ခဲ့ပြီး ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေထံမှ အလောင်း ၇၈ လောင်းနဲ့ အရှင်တစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့  တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ် ၃၀ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေလုံခြုံရေးနဲ့ စိုးမိုးရေးဆောင်ရွက်စဉ် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက အင်အားသုံး ဝိုင်းဝန်းတိုက်ခိုက်မှု ၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း သြဂုတ် ၂၅ ရက် အပါအဝင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေထံမှ အလောင်း ၃၇၀၊ အရှင် ဖမ်းမိကိုးဦး၊ ပွိုင့် ၂၂ သေနတ် အပါအဝင် လက်နက်ငယ်ရှစ်လက်၊ ကျည်မျိုးစုံ ၇၉ တောင့်၊ မိုင်း ၂၃ လုံး၊ ဓား ၆၁ ချောင်း၊ ဂျင်ကလိ ၁၂၃ ချောင်း၊ ဆက်သွယ်ရေးစက်လေး လုံး၊ လှံ ၁၅ ချောင်း၊ ယမ်းထုပ်၂၇ ထုပ်နဲ့ ဝိုင်ယာကြိုးခွေတွေ၊ ပြောက်ကျား ယူနီဖောင်းတွေ၊ WFP တံဆိပ်ပါ စားသောက်ဖွယ်ရာတွေနဲ့ ဆေးဝါးပစ္စည်းမျိုးစုံကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

သြဂုတ် ၂၇ ရက်အထိ မောင်တောမြို့ပေါ် ရပ်ကွက်တွေမှာ ဘင်္ဂါလီအကြမ်းဖက်သမားတွေက မီးရှို့မှုတွေ၊ ပစ်ခတ်မှု ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂါလီအကြမ်ဖက်သမားတွေဟာ တိုင်းရင်းသား နေအိမ်တွေနဲ့ ထိစပ်နေတဲ့ ဘင်္ဂါလီတွေကို လာရောက်မီးရှို့တာတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်းပစ်ခတ်တာတွေ၊ မိုင်းခွဲတာတွေကို ဆက်တိုက်ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

မြို့ခံ တိုင်းရင်းသားတွေဟာ မောင်တောမြို့ပြင်ကို မထွက်နိုင်ဘဲ မြို့ထဲက တိုင်းရင်းသားရပ်ကွက်တွေမှာသာ ကျီးလန့်စာ စားနေခဲ့ရပါတယ်။ သြဂုတ် ၂၈ ရက်ကစလို့ မောင်တော - ဘူးသီးတောင် ကားလမ်းပေါ်ကမြို့ကို ပိတ်ဆို့သလို ဖြစ်နေတဲ့ မြို့သူကြီးဆိုတဲ့ ဘင်္ဂါလီရွာကြီးက နေအိမ်တွေကို ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေ ဝင်ရောက်မီးရှို့ ထွက်ပြေးခဲ့ကြပါတယ်။ မောင်တောမြို့ခံတွေဟာ မြို့သူကြီးဘင်္ဂါလီရွာကြီးကို အရဲစွန့်ကာ မော်တော်ကားတွေနဲ့ ဖြတ်ကျော်ပြီး ဘူးသီးတောင်မြို့ကို ထွက်ပြေးနေကြတာ အခုဆိုရင်မြို့မှာ တိုင်းရင်းသား သုံးပုံတစ်ပုံတောင် မကျန်တော့ပါဘူး။

ဒါ့အပြင် ဘင်္ဂါလီအကြမ်းဖက်သမားတွေ ဝိုင်းဝန်းတိုက်ခိုက်တာကို ခံခဲ့ရတဲ့မောင်တောမြို့နယ်တောင်းက တိုင်းရင်းသားကျေးရွာတွေက ဒေသခံတွေဟာရွာမှာ မနေရဲတော့ဘဲ ရပ်ရွာတွေကိုစွန့်ခွာပြီး လေးမိုင်ရွာကိုပြောင်းရွှေ့ပြီး စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေခဲ့ကြပါတယ်။

မောင်တောဒေသ တိုင်းရင်းသားတွေဟာ ကိုယ့်ဇာတိရပ်ရွာကို မျက်ရည်စက်လက်နဲ့ စွန့်ခွာနေကြရပါပြီ။ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက အကြမ်းဖက်သမားတွေဟာ ကျီးကန်းပြင် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ် ကိုးတန်ကောက်ရဲစခန်းနဲ့ ငါးခူရ နယ်မြေရုံးတွေကို အလစ်အငိုက် အကြမ်းဖက်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်းမှာ မောင်တောဒေသက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြပါတယ်။

နယ်မြေတည်ငြိမ်တယ်လို့ ယူဆပြီး ဒေသခံတွေ ပြန်လာနေထိုင်ခဲ့ပေမယ့်  ၁၀ လအကြာ ၂၀၁၇ သြဂုတ် ၂၅ ရက် နံနက်မှာ အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးတာတွေ၊ ရဲစခန်းတွေ မီးရှို့ခံရတာတွေ၊ အကြမ်းဖက်သမားတွေက ရွာကို ဝိုင်းဝန်းတိုက်ခိုက်တာတွေကို ခံခဲ့ရလို့ ဒေသခံတွေဟာ ကျေးရွာတွေမှာ မနေရဲတော့ဘဲ ဘေးလွတ်ရာကို အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရ ပြန်ပါတယ်။

အခုဆိုရင် မောင်တောမြို့နယ်တောင်ပိုင်းက မောရဝတီ၊ ကိုင်းကြီး၊ ကင်းချောင်း၊ သရေကုန်းဘောင်၊ ရွှေဗဟို၊ စိန်ပန်းမြိုင်၊ ကိုင်းကြီး (မြို ရွာ)၊ ဗောဓိကုန်း၊ကံသာယာ၊ ခရေမြိုင်၊ ရွှေရင်အေးစတဲ့ တိုင်းရင်းသား ကျေးရွာတွေဟာ ရွာလုံးကျွတ်နေ ရပ်စွန့်ခွာမှု ဖြစ်လာခဲ့တာပါ။

မောင်တောမြို့နယ် မြောက်ပိုင်းကဆိုရင်လည်း အောင်ဗလ ကျေးရွာသားများဟာ မြို့ပေါ်ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေပြီး မြို့ပေါ်က ဟိန္ဒူဘာသာဝင်တွေဟာလည်း နေအိမ်မီးရှို့ခံရတာ၊ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရတာတွေကြောင့် ရပ်ကွက်အတွင်းက နေအိမ်တွေကနေ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်နေကြပါတယ်။ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေသခံ တိုင်းရင်းသားနှစ်ထောင်ကျော်၊ မောင်တောမြို့နယ်အတွင်း ကျေးရွာပေါင်း ၄၃ ရွာက ဒေသခံ ပြည်သူတစ်သောင်းနီးပါး စုစုပေါင်း ဒေသခံတိုင်းရင်းသား တစ်သောင်းကျော်ဟာ လုံခြုံဘေးကင်းရာဆီ ရွှေ့ပြောင်းနေကြတာ ဖြစ်ပါတယ်။

မောင်တောမြို့နယ်အတွင်း နယ်မြေခံတပ်ဌာနချုပ်တွေ အပါအဝင် ကျေးရွာ ၃၃ ရွာရှိ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေကို ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။ သူတို့ဟာ မောင်တောမြို့နဲ့ လုံးဝဆက်သွယ်သွားလို့ မရဘဲပိတ်မိနေတာ ဖြစ်ပါတယ်။ ဘေးလွတ်ရာကို ရွှေ့ပြောင်းသွားနေတဲ့ တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေကို အကြမ်းဖက်ဘင်္ဂါလီတွေက သတ်ဖြတ်ခဲ့ရာမှာ ဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဒိုင်းနက် တိုင်းရင်းသားသုံးဦး၊ ရခိုင်တိုင်းရင်းသားလေးဦး စုစုပေါင်း အပြစ်မဲ့ ပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး ဒိုင်းနက်တိုင်းရင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ နှစ်ဦးပျောက်ဆုံးလျက် ရှိတယ်လို့လည်း သိရပါတယ်။ ဒါအပြင်မောင်တောမြို့နယ်အတွင်း တိုင်းရင်းသားကျေးရွာသုံးရွာရှိ အိမ်ခြေ ၁၃၈ လုံးကို ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ARSA အစွန်းရောက် အကြမ်းဖက်သမားတွေဟာ မောင်တောမြို့တစ်မြို့လုံးကို မီးလောင်ပျက်စီးစေရန် ရည်ရွယ်ပြီး တိုင်းရင်းသားရပ်ကွက်တွေနဲ့ ထိစပ်နေတဲ့ ဘင်္ဂါလီနေအိမ်တွေကို မီးရှို့တာတွေ ဆက်တိုက်လုပ်ခဲ့တဲ့အပြင် မိုင်းဖောက်ခွဲတာတွေ၊ မီးသတ်တပ်ဖွဲ့နဲ့ မီးသတ်ဖို့လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တိုင်းရင်းသားတွေကို ချောင်းမြောင်းပစ်ခတ်တာတွေ လုပ်ခဲ့ပါသေးတယ်။  မောင်တောမြို့ပေါ်က ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ နေထိုင်တဲ့ ကျောင်းသားတွေကို ကျောင်းနောက်ဘက် ဘင်္ဂါလီနေအိမ်တွေ ကသေနတ်နဲ့ ချောင်းမြောင်းပစ်ခဲ့လို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေဟာ မြို့ပေါ်မှာ မီးရှို့တာတွေ၊ မိုင်းခွဲတာတွေ၊ မိုင်းထောင်တာတွေ ပစ်ခတ်တာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး မြို့ပြင်ရပ်ကွက်မှာရှိတဲ့ ဘင်္ဂါလီကျေးရွာတွေကိုပါ ဆက်တိုက်မီးရှို့တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာပြီး မြို့ဟာလုံခြုံမှုကင်းမဲ့တယ်လို့ ခံစားလာရတဲ့ မြို့ခံတွေဟာ ရပ်ကွက်အတွင်းက နေအိမ်တွေမှာ မနေရဲတော့ဘဲ စုရပ်စခန်းတွေကို ပြောင်းရွှေ့ခဲ့ရသလို ဘူးသီးတောင်ကနေတစ်ဆင့် နီးစပ်ရာစခန်းတွေကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

သြဂုတ် ၂၆ ရက်မှာတော့ မြို့ ပေါ်ကယ်ဆယ်ရေးစခန်းလေးခု၊ မြို့ပြင်ရပ်ကွက်တွေဖြစ်တဲ့ သုံးမိုင်၊ လေးမိုင်ရပ်ကွက်တွေက ကယ်ဆယ်ရေးစခန်းသုံးခုတွေမှာ စုစုပေါင်း လူဦးရေ ငါးထောင်ခန့်အထိရှိခဲ့ပြီး သြဂုတ် ၂၇ ရက်ကနေစလို့ ဘူးသီးတောင်ကို ပြောင်းရွှေ့ခဲ့တာ အခုဆိုရင် မောင်တောမြို့ပေါ်က ဒေသခံတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေသူတွေပါ ဘူးသီးတောင်မြို့ကနေတစ်ဆင့် စစ်တွေမြို့ကို ထွက်ခွာနေကြတာ တစ်နေ့ကို လူတစ်ထောင်ခန့်အထိ ရှိနေတာ ဖြစ်ပါတယ်။

မောင်တောမြို့ဟာ ပထဝီအနေအထားအရ မေယုတောင်တန်းနဲ့ နတ်မြစ်ကြားမှာ သာယာလှပစွာ တည်ရှိနေတဲ့ ဒေသတစ်ခုလည်း ဖြစ်သလို နှစ်ပရိစ္ဆေဒများစွာ ရခိုင်ဘိုးဘေးဘီဘင်တို့ နေထိုင်လာတဲ့ မြေလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ် ကိုလိုနီဆိုးမွေအဖြစ် လယ်ကူလီအဖြစ် ခေါ်လာတဲ့ စစ်တကောင်းသား ဘင်္ဂါလီတွေဟာ လူဦးရေ အဆမတန် ပေါက်ပွားမှု၊ နယ်စပ်ကနေ အလွယ်တကူ ဝင်လာပြီး အခြေချနေ ထိုင်လာမှုတွေဟာ နှစ်တွေကြာလာတာနဲ့အမျှ ဘင်္ဂါလီတွေဟာ နယ်မြေလိုချင်လာခဲ့တာကနေစပြီး အခုလို နယ်မြေလုစစ်ပွဲတွေ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

သြဂုတ် ၂၄ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာအပေါ် ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်အတွင်းရှိ နေသူအားလုံးအတွက် ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ရပ်ရှာဖွေရာမှာ နေ့ချင်းညချင်း ဖြေရှင်းနိုင်မှာမဟုတ်တဲ့ အခက်အခဲများ ရှိနေတာကို အသိအမှတ်ပြုလက်ခံဖို့လိုကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာထုတ်တဲ့အချိန် စက်တင်ဘာ ၁၂ ရက်ကနေ ၂၅ ရက်အထိ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမယ့်အချိန်တို့နဲ့ အချိန်ကိုက် အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဖန်တီးတိုက်ကွက်ဖော် ဆောင်လာတယ်လို့ သုံးသပ်ထားပါတယ်။

သြဂုတ် ၂၅ ရက် တစ်နေ့တည်းမှာ တိုက်ခိုက်ခံရတဲ့ ကင်းစခန်းပေါင်း ၃၀၊ ကျဆုံးတပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦး ( တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ) ၊ ဒုလဝကမှူး တစ်ဦး၊ ဒဏ်ရာရတပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦး (သုံးဦးစိုးရိမ်ရ) ရှိခဲ့ ပြီး လက်နက်ခြောက်လက်ဆုံးရှုံး ခဲ့ကာ အစွန်းရောက်ဘင်္ဂါလီ အ ကြမ်းဖက်သမားအလောင်း ၅၉ လောင်း တွေ့ရှိခဲ့ပြီး အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ သတင်းထုတ် ပြန်ခဲ့ပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ် ခမောင်းဆိပ်မြို့၊ တောင်ပြိုလက်ဝဲမြို့နဲ့ မြင်းလွှတ်မြို့တွေက ဝန်ထမ်းတွေနဲ့ မိသားစုတွေ၊ အပြစ်မဲ့ ကျေးရွာသားကျေးရွာသားတွေကို လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်း ကယ်ထုတ်ခဲ့ရပါတယ်။

အကြမ်းဖက်တိုက်ခိုက်နေမှု ကိစ္စရပ်တွေအပေါ် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကြီးကြပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မောင်တောဒေသမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အင်အားကို လက်ရှိ ရှိတဲ့ အင်အားထက် တိုးမြှင့်တာဝန်ချထားရေး၊ တပ်မတော်မှလည်း တပ်ဖွဲ့အင်အား ဖြည့်တင်းပြီး ဒေသခံ ပြည်သူတို့ရဲ့ လုံခြုံရေးကိုထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးဖို့ အစီအမံတွေ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချပြီး အကြမ်းဖက် တိုက်ခိုက်မှု မှန်သမျှကို တားဆီးကာကွယ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အကြမ်းဖက်မှုတွင် ပါဝင်ကျူးလွန်သူတွေ၊ ငွေကြေးထောက်ပံ့သူတွေ၊ စီစဉ်ဆောင်ရွက်သူတွေ၊ ပူးပေါင်းကြံစည်သူတွေ၊ အားပေးကူညီသူတွေအားလုံးကို ဥပဒေနဲ့ အညီအရေးယူဆောင်ရွက်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ ပါဝင်တဲ့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်သမားတွေအတွက် တာဝန်ရှိသော Arakan Rohingya Salvation Army (ARSA) တို့ကို အကြမ်းဖက်အုပ်စု ဖြစ်တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ  ၆ ၊ ပုဒ်မခွဲ (င)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့က သြဂုတ် ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။

ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားတာကို အဟန့်အတားဖြစ်စေဖို့ မိုင်းထောင်တာတွေ၊ ခေတ္တကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရုံးအကူနဲ့အစိုးရသတင်းပေးလို့ သံသယရှိသူတွေကို သတ်ဖြတ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ မော်တော်ယာဉ်တွေကို လက်လုပ်ရှောက်တိုက်မိုင်းတွေနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်ဖြစ်နေပါတယ်။

ဒါအပြင် တိုင်းရင်းသားကျေးရွာတွေ၊ ကင်းစခန်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ အပြစ်မဲ့ပြည်သူတွေကို မီးရှို့ခြင်း၊ မိုင်းထောင်ခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။

ARSA အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့စပ်လျဉ်းပြီး ကြေညာချက်မှာ သြဂုတ် ၂၆ ရက်က ဘူးသီးတောင်မြို့နယ်တောင်ဘဇာ ကျေးရွာကို ARSA အကြမ်းဖက်သမားတွေက ပိတ်ဆို့ဝိုင်းထားစဉ် အချို့သော INGO ဝန်ထမ်းတွေ ပါဝင်ခဲ့ကြောင်း သတင်းတွေ ပေါ်ထွက်နေပြီး အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အလားတူ ၂၀၁၇ ခုနှစ် ဇူလိုင် ၃၀ ရက်က မေယုတောင်ပေါ်မှာ အကြမ်းဖက်သမားတွေ ခိုအောင်းစခန်းချရာတဲတွေမှာ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဖြန်ဝေထားတဲ့ စွမ်းအားမြှင့် ဘီစကစ်တွေ တွေ့ရှိခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

သတင်းမီဒီယာတချို့မှာလည်း ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကို အကြမ်းဖက်သမားလို့ ရေးသားဖော်ပြတာတွေ မလုပ်ဘဲ အခြားဝေါဟာရတွေဖြစ်တဲ့ (ဥပမာ  Insurgents) လို့ အမျိုးမျိုး ရေးသားတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်းပဲ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ARSA အကြမ်းဖက်အုပ်စုကို ထောက်ခံတာတွေ၊ အားပေးကူညီတာတွေ၊ ထောက်ပံ့တာတွေ၊ မီဒီယာတွေက ထောက်ခံရေးသားတာတွေကို မပြုလုပ်ဖို့နဲ့ ပြည်တွင်းမှာ ထိုသို့ အကြမ်းဖက်အားပေး လုပ်ဆောင်ချက်တွေ တွေ့ရှိရင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပြီး ပြည်ပမှ လုပ်ဆောင်ချက်တွေ တွေ့ရှိရင် နိုင်ငံတကာ ရဲတပ်ဖွဲ့သို့ အသိပေးဆောင် ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ မောင်တောမြို့ဟာ ရက်ကွက်ခြောက်ခုနဲ့ ဖွဲ့စည်းထားပြီး အဲဒီရပ်ကွက်တွေထဲမှာ တိုင်းရင်းသားတွေနေထိုင်တဲ့ ရပ်ကွက်တွေကတော့ ရွာသစ်၊ ဗိုလ်မှူးရွာ၊ ကညင်တန်း၊ ဝိမလ၊ ဒက်ရွာ၊ မြို့ဦးရွာ၊ အလယ်ရွာတွေဖြစ်ပြီးတော့ မြို့ပတ်ပတ်လည်မှာ လူဦးရေသိန်းနဲ့ချီရှိတဲ့ ဘင်္ဂါလီရပ်ကွက်တွေက ဝိုင်းရံကာတားဆီးပိတ်ထားသလို ဖြစ်နေတာပါ။

မြို့ကို ဘင်္ဂါလီတွေ တိုက်ခိုက်မှုတွေ ပြုလာတာနဲ့ မြို့ခံတိုင်းရင်းသားတွေဟာ ထွက်ပေါက်မရှိတော့ပါဘူး။ ဒါကြောင့်လည်း သြဂုတ် ၂၅ ရက်ကနေ ၂၈ ရက်အထိ မောင်တောမြို့ခံတွေဟာ မြို့တွင်းရပ်ကွက်စုရပ်တွေမှာသာ စိုးရိမ်သောကတွေနဲ့ နေခဲ့ကြရပါတယ်။

မောင်တောမြို့ကို အဓိကဝင်ပေါက်က တစ်ခုပဲရှိပါတယ်။ အဲဒါက ဘူးသီးတောင်-မောင်တော ကားလမ်းပဲဖြစ်ပါတယ်။ အဲဒီကားလမ်းပေါ်မှာ အိမ်ထောင်စုတစ်ထောင်ကျော် လူဦးရေ ရှစ်ထောင်ကျော်ရှိတဲ့ မြို့သူကြီးဆိုတဲ့ ဘင်္ဂါလီရွာကြီးက ဆီးကာထားပါသေးတယ်။ မြို့သူကြီးကျေးရွာဟာ မောင်တောမြို့နဲ့ နှစ်မိုင်သာကွာဝေးတာပါ။  သြဂုတ်  ၂၅ ရက် နံနက်ပိုင်းမှာ သုံးမိုင်ရပ် ကွက်နားမှာတည်ရှိတဲ့ ခရိုင်ပညာရေးရုံး ညစောင့်ဝန်ထမ်းတစ်ဦးနဲ့ ခရေမြိုင်ကျေးရွာက မောင်တောမြို့ကိုသွားတဲ့ တိုင်းရင်းသားနှစ်ဦးဟာ မြို့သူကြီးဘင်္ဂါလီရွာမှာပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်ယာဉ်တန်းက မြို့သူကြီးကျေးရွာကို ဖြတ်စဉ်မှာ မိုင်းထောင်ထားတာ၊ မိုင်းရှင်းလင်းရေးလုပ်ဖို့သွားတဲ့ တပ်မတော်စစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်တာတွေ ရှိခဲ့တဲ့ရွာပါ။ ဟိန္ဒူဘာသာဝင်ခြောက်ဦးဟာလည်း မြို့သူကြီးကျေးရွာက အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေ သတ်ဖြတ်လို့ သေဆုံးခဲ့ရပါတယ်။

ဒီလိုအန္တရာယ်တွေရှိတဲ့ မြို့သူကြီးကျေးရွာကို ဘယ်သူမှ ဖြတ်သန်းမသွားနိုင်တာကြောင့် မောင်တောမြို့ဟာ သုံးရက်ကြာပိတ်မိနေခဲ့တာလည်း ဖြစ်ပါတယ်။ မြို့သူကြီးကျေးရွာကို ဘင်္ဂါလီအကြမ်းဖက်သမားတွေ ဝင်ရောက်မီးရှို့ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရပါတယ်။

လက်ရှိအနေအထားမှာ မြို့ပေါ်မှာ လုံခြုံရေးတွေသာ ရှိပေမယ့် မြို့ခံတွေဟာ ဘူးသီးတောင်ကို ရက်ဆက်ထွက်ခွာသွားနေတာမှာ မြို့ပေါ်မှာ ဒေသခံတွေ လေးပုံတစ်ပုံသာ ကျန်ရှိတော့ပြီး အဓိကလမ်းမကြီးတွေဟာ လူသူတိတ်ဆိတ်လို့ ချောက်ချားဖွယ် မြို့တစ်မြို့ ဖြစ်သွားပါပြီ။ မြို့ပတ်ပတ်လည်မှာ ဘင်္ဂါလီရပ်ကွက်ကြီးတွေက ကာရံထားပြီး အဲဒီကျေးရွာတွေမှာ စုဝေးနေတဲ့ ဘင်္ဂါလီဦးရေ လေးသိန်းခန့်ဟာ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်နိုင်တာကြောင့် မြို့ခံတိုင်းရင်းသားတွေဟာ ဘိုးဘွားပိုင်နေအိမ်တွေကို စွန့်ခွာကာ ဘေးလွတ်ရာဆီကို ထွက်ခွာသွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

မောင်တောမြို့ဟာ ခေတ်အဆက်ဆက် လျစ်လျူရှုခံခဲ့ရတာကြောင့် အခုအချိန်မှာ မြို့ခံတိုင်းရင်းသားတွေ တောင့်မခံနိုင်တာလည်း မဆန်းပါဘူး။ စည်ပင်သာယာခဲ့တဲ့ မောင်တောမြို့ဟာ အခုအချိန်မှာ လူသူကင်းမဲ့တဲ့ မြို့ပျက်တစ်ခုလည်း ဖြစ်ခဲ့ပါပြီ။ ဘယ်သူမှ အာမခံချက် မရှိတဲ့အခြေအနေမှာ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေးဟာ အောက်ဆုံးရောက်သွားပါပြီ။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် ငါးနှစ်တာကာလအတွင်းမှာ ဒေသခံတိုင်းရင်းသားတွေဟာ အကြိမ်ကြိမ်ထွက် ပြေးတိမ်းရှောင်ခဲ့ရပါပြီ။ လုံခြုံရေးအာမခံချက်မရှိတဲ့ အရပ်ကို စွန့်ခွာထွက်သွားသူတွေဟာလည်း မနည်းတော့ပါဘူး။

၁၉၄၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာလည်း ဘင်္ဂါလီတွေရဲ့ သတ်ဖြတ်ခံရခြင်းကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မေယုဒေသက တိုင်းရင်းသားတွေဟာ တစ်ယောက်မကျန် ထွက်ပြေးခဲ့ရပြီးပါပြီ။ အဲဒီနောက်ပိုင်း ပြန်လည်တည်ဆောက်ရေးတွေ လုပ်ခဲ့ပေမယ့် တိုင်းရင်းသားကျေးရွာအများစုဟာ ရခိုင်နာမည်နဲ့ ဘင်္ဂါလီရွာကြီးတွေ ဖြစ်သွားခဲ့ရပါတယ်။

၁၉၄၂ ခုနှစ်က ဖြစ်ခဲ့တဲ့ အလယ်သံကျော် ဖြစ်စဉ်ကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီတွေက ဒေသခံ တိုင်းရင်းသားတွေကို တိုက်ခိုက်သတ်ဖြတ်မောင်းထုတ်ပြီး ရခိုင်တိုင်းရင်းသားတွေပိုင်ဆိုင်တဲ့ နယ်မြေဆုံးရှုံးမှု ထပ်မံအဖြစ်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပွန်းပဲ့ထိခိုက်မှုလုံးဝမဖြစ်စေရန် တပ်မတော် အနေဖြင့် အပြည့်အ၀ ထိန်းသိမ်းကာကွယ်သွားမှာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သာမက နိုင်ငံဝန်ထမ်းအဖွဲ့အစည်း အားလုံး၊ ပြည်သူများအားလုံးကလည်း မျိုးချစ်စိတ်ဓာတ်အပြည့်အဝဖြင့် ဝိုင်းဝန်းကာကွယ်ရမယ်လို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားပါတယ်။

မောင်တောမြို့ကို ဆုံးရှုံးလို့ မဖြစ်ပါဘူး။ မောင်တောမြို့ဟာ ရခိုင့်ရိုးရာ  အမွေအနှစ်တွေကိန်းအောင်းနေတဲ့မြို့၊ ရခိုင်တိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက်တွေ ထာဝရတည်ရှိနေတဲ့မြို့၊ စာပေဂီတသုခုမတွေ ထွန်းကားတဲ့မြို့၊ မြို့သူ မြို့သားတွေဟာ ခင်မင်ဖော်ရွေပြီး ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေတဲ့မြို့၊ စီးပွားရေးရဲ့ ရွှေတံခါးမြို့ဖြစ်ပြီး ဒေါ်လာတွေ လှေကလေးနဲ့ နတ်မြစ်ကိုဖြတ်ပြီး ဝင်လာခဲ့တဲ့မြို့၊ အနောက်ဘက်စွန်းက လူသားတွေနဲ့ ကာရံထားတဲ့ တံတိုင်းမြို့လည်း ဖြစ်ပါတယ်။ အမှန်တကယ်မှာလည်း မောင်တောမြို့ ကျဆုံးလို့ မဖြစ်တော့ပါဘူး။

ရခိုင်ပိုင်နက်နယ်မြေဟာ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာအထိ ရှိခဲ့တာပါ။ ကိုလိုနီဆိုးမွေကြောင့် ရခိုင်ပိုင်နက်နယ်မြေဟာ ဒါကာမြို့ကနေ စစ်တကောင်း၊ စစ်တကောင်းမြို့ကနေ ကော့ဘဇား၊ ကော့ဘဇား မြို့ကနေ တက္ကနာ့ဖ်၊ တက္ကနာ့ဖ်မြို့ကနေ နတ်မြစ်အရှေ့ဘက်ခြမ်း မောင်တောအထိသာ ကျန်ရှိပါတော့တယ်။ အခုတစ်ဖန် မောင်တောမြို့ကို ကျဆုံးခံလို့ မဖြစ်တော့ပါဘူး။ ဒီမြေဒီရေမှာ ရခိုင်ဘိုးဘေးဘီဘင်တွေရဲ့ ဝိညာဉ်တွေ တည်ရှိနေပါတယ်။

ဒီမြေဒီရေဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ပိုင်နက်ဖြစ်ပါတယ်။ ခိုးဝင်ဘင်္ဂါလီတွေနဲ့ လားလားမျှ မသက်ဆိုင်ပါဘူး။ ဒါကြောင့် လက်နက်မဲ့ လူနည်းစုတိုင်းရင်းသားတွေ နတ်မြစ်နဲ့ မယူမြစ်ကြား မေယုဒေသမှာ ထာဝရတည်တံ့ဖို့အတွက် ဆိုရင်နယ်မြေလုစစ်ပွဲကို ဆင်နွှဲလာတဲ့ အစွန်းရောက်ဘင်္ဂါလီတွေ အကြမ်းဖက်သမားတွေကို အချိန်မဆွဲတော့ဘဲ အမြစ်ပြတ်ချေမှုန်းဖို့ အရေးတကြီး လိုအပ်နေပါပြီ။ ဒါ့အပြင် မောင်တောဒေသကို အစိုးရအဆက်ဆက်က မလုပ်နိုင်ခဲ့တဲ့မြို့ပြကျေးရွာ တည်ဆောက်မှုတွေနဲ့ နယ်မြေပိုင်ဆိုင်ခွင့်တွေ တိုင်းရင်းသား လက်ထဲပြန်ရောက်ဖို့ အရေးကို ပြတ်သားစွာ လုပ်ဆောင်ဖို့ လိုပါနေသလို အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ တပ်မတော်နဲ့ အစိုးရအပေါ် မူတည်သလို နိုင်ငံနယ်နိ မိတ်မဆုံးရှုံးရေးအတွက် တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးချင်းတိုင်းရင်းသားအားလုံး လက်ချင်းချိတ်ကာ နယ်မြေလု စော်ကားလာတဲ့ ဘင်္ဂါလီအကြမ်းဖက် သမားတွေကို တိုက်ထုတ်ဖို့ လိုပါတယ်။

မေယုဒေသဟာ ဘင်္ဂါလီတွေ လက်ထဲကျသွားပြီး အကြမ်းဖက်သမားတွေအတွက် ခြေကုပ်စခန်း ဖြစ်သွားရင် ကျွန်တော်တို့ မြန်မာနိုင်ငံမြေပုံကိုလည်း ပြန်ရေးဆွဲရတော့မှာဖြစ်သလို ရှေ့ဘိုးဘွားတွေရဲ့ အသက်သွေးချွေးတွေနဲ့ ကာကွယ်လာခဲ့တဲ့မြေဟာ ကျွန်တော်တို့လက်ထက်မှာမှ ကျဆုံးသွားခဲ့ရင် ကျွန်တော်တို့အားလုံး လူဖြစ်ရှုံးရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနောက်ဘက်ဆုံးမြို့ မောင်တောမြို့ကျဆုံးလို့ လုံးဝမဖြစ်ပါ။ အခုအချိန်မှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေကို တရားဥပဒေအတိုင်း ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့သာလိုပါတော့ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Most Read

Most Recent