IS တို့ မျှော်မှန်းတဲ့ အစ္စလာမ္မစ်လွတ်မြောက်နယ်မြေနဲ့ အနာဂတ်မြန်မာနိုင်ငံ (၁)

IS တို့ မျှော်မှန်းတဲ့ အစ္စလာမ္မစ်လွတ်မြောက်နယ်မြေနဲ့ အနာဂတ်မြန်မာနိုင်ငံ (၁)
Published 3 September 2017

Greater Bangladesh (United Bengal) အမည်ဖြင့် မြန်မာ့ပိုင်နက်များပါ ပါဝင်နေသည့်မြေပုံအား ဝီကီပီဒီးယားတွင် ဖော်ပြထားမှုကို တွေ့ရစဉ်

ဆီးရီးယားနဲ့ အီရတ်မှာ အခြေမလှတော့တဲ့ IS စစ်သွေးကြွတွေအနေနဲ့ ဥရောပဒေသမှာ ခြေကုပ်ယူလို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ အာဖရိက၊ အရှေ့တောင်အာရှစတဲ့ ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသတွေကို ခြေကုပ်ယူဖို့ ကြိုးပမ်းလာကြပါတယ်။ ဒီလိုကြိုးပမ်းလာရာမှာ ဖိလစ်ပိုင်နိုင်ငံက မာရာဝီမြို့နဲ့ မင်ဒါနာ အိုကျွန်းဟာ ကနဦးကံဆိုးသူ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကတော့ ဒုတိယမြောက်ကံဆိုးတဲ့နေရာ ဖြစ်လာပါတယ်။  မွေးဖွားမှုနှုန်းအလွန်မြင့်ပြီး လူဦးရေပေါက်ကွဲမှု ပြဿနာကြုံနေရတဲ့ အိမ်နီးချင်းနိုင်ငံက ခိုးဝင်ပြဿနာကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာကလည်း သြဂုတ် ၂၄ ရက်မှာ ထွက်လာခဲ့သလို ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်တွေရဲ့ တိုက်ခိုက်မှုကလည်း သြဂုတ် ၂၅ ရက်မှာစတင်ခဲ့တာကြောင့် ပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ သေကျေပြီး ပြည်သူများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုဟာ ဘင်္ဂါလီလူမျိုးတွေက ဘူးသီးတောင်၊ မောင်တောနယ်မြေကို ရိုဟင်ဂျာနယ်မြေအဖြစ်သိမ်းဖို့ ရည်ရွယ်ထားတာကို အကြမ်းဖျင်းဖော်ထုတ်ရရှိထားပြီး အုပ်ချုပ်ရေးစနစ် ပျက်ယွင်းအောင် ဆောင်ရွက်လာတာကို တွေ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံး အသီးသီးက သံတမန်တွေကို ရှင်းလင်းခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယတပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်သန်း ထွဋ်သိန်းက “အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်များ၊ ယခုထက် ပိုမိုပြင်းထန်လာပါက နိုင်ငံ၏ အနောက်ဘက်တံခါး ကျိုးပေါက်သွားနိုင်ပြီး အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်မြောက်နယ်မြေ ဖြစ်သွားနိုင်သောကြောင့် နိုင်ငံတော်လုံခြုံရေးဆောင်ရွက်မှုတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအ စည်းအဝေးခေါ်ယူ၍ လိုအပ်သလို ညှိနှိုင်းလုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။

မာရာဝီတိုက်ခိုက်ခံရမှုမှာ IS စစ်သွေးကြွတွေရဲ့ သစ္စာခံတွေပါခဲ့သလို မြန်မာနိုင်ငံ တိုက်ခိုက်ခံရမှုတွေလည်း IS စစ်သွေးကြွတွေရဲ့ ထောက်ပံ့မှု၊ ဆက်နွှယ်မှုတွေ ရှိနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ ဒီလို သုံးသပ်နေတဲ့ကာလမှာ မြန်မာနိုင်ငံက အကြမ်းဖက်နှိမ်နင်းနေတဲ့ဖြစ်စဉ်ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဝေဖန်မှုပြင်းထန်နေတာကြောင့် အကြမ်းဖက်မှုတွေကို ထိရောက်အောင်ရှင်းလင်းနိုင်မှု မရှိသေးတဲ့အခြေအနေပါ။ လက်ရှိမှာဆိုရင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာကလည်း ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ အချက်တစ်ချက်ကလည်း ပါဝင်နေပြန်ပါတယ်။ ၂၀၁၂ ခုနှစ်ကနေ အခြေတည်လာတဲ့ အစွန်းရောက်အကြမ်းဖက် စိတ်ဓာတ်တွေဟာ ငါးနှစ်အတွင်းမှာ အပြင်းထန်ဆုံးအခြေအနေကို ဆိုက်ရောက်လာပြီး လက်ရှိမှာဆိုရင်လည်း နယ်မြေသိမ်းတိုက်ပွဲတွေပါ ဆင်နွှဲလာတာတွေ့ရပါတယ်။ ဒီအချိန်မှာ နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့ ဖိအားပေးမှု အခြေအနေအရပ်ရပ်က မြန်မာနိုင်ငံမှာ IS စစ်သွေးကြွတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အစ္စလာမ်မစ်လွတ်မြောက်နယ်မြေ တစ်ခုပေါ်ထွက်ဖို့ အခြေအနေဆီကို တွန်းပို့နေပြီလားလို့ မေးခွန်းထုတ်စရာ အခြေအနေဖြစ်လာပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလူ့အခွင့်အရေး ဦးတည်ပြီး မြန်မာနိုင်ငံမှာ အစ္စလာမ္မစ် အစွန်းရောက်တွေ ခြေကုပ်ယူနိုင်အောင် ဖိအားပေးနေတာကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကလည်း အရေးပါလာတာကို တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်တွေရဲ့ ကျုးကျော်မှုဟာ နိုင်ငံ့ရဲ့ အမျိုးသားလုံခြုံရေးပြဿနာတင်မကတော့ဘဲ နယ်မြေချဲ့ထွင်လိုမှုပြဿနာ၊ IS စစ်သွေးကြွတွေရဲ့ ထောက်ပံ့မှုရ ထားနိုင်တဲ့ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်မြောက်နယ်မြေဟာ မြန်မာ့မြေ ဖြစ်မလာရေးအတွက် ကြိုးပမ်းဖို့ လိုအပ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အစ္စလာမ် ဘာသာဝင်တွေအတွက်လည်း ရုံးပိတ်ရက်ရှိတယ်။ ဒီပါဝလီနေ့ အတွက်လည်း ရုံးပိတ်ရက် ရှိတယ်။ ခရစ္စမတ်နေ့အတွက်လည်း ရုံးတွေပိတ်ပေးထားတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တင်မဟုတ်ဘဲ တခြားဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တွေအတွက်ပါ ပိတ်ပေးထားတာ ကမ္ဘာက နိုင်ငံပေါင်း ၁၉၀ မှာ ဘယ်နှစ်နိုင်ငံရှိလို့လဲ။ အမေရိကန်မှာတောင် မရှိဘူး။ ဗြိတိန်မှာလည်း မရှိဘူး။ ဒီမိုကရေစီနိုင်ငံတွေ၊ လူ့အခွင့်အရေး အလေးထားတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ဒီလိုမျိုး မရှိဘူး။ မြန်မာနိုင်ငံမှာက အသိအမှတ်ပြုပေးထားတယ်။ ဒီပြဿနာက ကြီးတယ်လို့မြင်တယ်။ ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မြန်မာတွေကပဲ ပိုင်ရမယ်။ သူများက လာပြီးတော့ အမိန့်ပေးတာစေခိုင်းတာ လုပ်စရာမလိုဘူး။ မြန်မာဆိုတာက ပြည်တွင်းမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားအားလုံးကို ဆိုလိုတာပါ။ နိုင်ငံခြားကနေလာပြီးတော့ လုပ်ပါဆိုတာပြောတာ မျိုးကျတော့ ရှင်းရှင်းပြောရရင် လက်မခံချင်ဘူး။ မနေ့ကတင် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် ရုံးပိတ်ထားတယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှမရှိဘူး။ အစ္စလာမ်နိုင်ငံတွေမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်အတွက် တရားဝင်ရုံး ပိတ်ရက်မရှိဘူး။ အဲဒါတွေကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့မှာ လူ့အခွင့်အရေးတွေ ဘာသာတွေခွဲခြားမှု ရှိ၊ မရှိ သိနိုင်တာပဲ။ ပြီးတော့ ပြည်တွင်းမှာဆိုလည်း ဆွန်နီပဲဖြစ်ဖြစ် ရှီအိုက်ပဲဖြစ်ဖြစ် သူ့ဘာသာ ရှိနေကြတယ်။ အစ္စလာမ်နိုင်ငံတွေမှာတောင် ဆွန်နီပဲဖြစ်ဖြစ် ရှီအိုက်ချနေကြတယ်။ ဆော်ဒီအာရေးဗီးယားလို နိုင်ငံမှာလည်းချနေတယ်။ ကျွန်တော်တို့ဆီမှာ အဲဒါမျိုး မရှိဘူး။ ဒီလိုမရှိတာမျိုးကို ရှိနေသယောင် တိုင်းပြည်မငြိမ်မသက် ဖြစ်အောင်လုပ်နေတာ။ စီးပွားရေးဆိုတာ နိုင်ငံရေးရော၊ စစ်ရေးရော အားလုံးနဲ့ဆိုင်တယ်။ တစ်နေရာမှာ ပိုသုံးရင် တစ်နေရာမှာလျှော့သုံးရတယ်။ လိုတဲ့နေရာမသုံးနိုင်ဘဲ မလိုတဲ့နေရာတွေမှာ ပိုသုံးနေရတာမျိုး ဖြစ်နေမှာစိုးတယ်။ အမျိုးသားလုံခြုံရေးဆိုတာ အရေးအကြီးဆုံးကိစ္စပါ။ ဒါပေမဲ့ ဘာပဲပြောပြော အားလုံးငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားရင်အကောင်းဆုံးပါ။ ပြည်တွင်းမှာ ကြည့်ရင် သူ့ဘာသာနဲ့ သူနေနေကြတာပဲ။ မြန်မာပြည်ထဲမှာနေတဲ့ အစ္စလာမ်ဘာသာဝင် အများကြီးပါ။ သူဌေးဖြစ်နေတဲ့သူတွေလည်း အများကြီး၊ ပညာတတ်ဖြစ်နေတဲ့သူတွေလည်း အများကြီးပါ။ ဆရာဝန်ကြီးတွေ ဖြစ်နေတာလည်း အများကြီးပဲ။ ဒါတွေကို ကြည့်လိုက်ရင် ဒီတိုင်းပြည်မှာ လူမျိုးရေးဘာသာရေး ခွဲခြားမှုမရှိဘူးဆိုတာ တွေ့ရမှာပါ” လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင်ဒေါက်တာ အောင်ကိုကိုက ဘင်္ဂါလီအစွန်းရောက်တွေရဲ့ နယ်မြေချဲ့ထွင်မှုပြဿနာကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ဘာသာရေး၊ လူမျိုးရေးပြဿနာ အသွင်ပုံဖော်နေမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို ပြောကြားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ အကြံပြုရုံသာဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ဖို့အတွက်  မလုပ်ချင်လည်းရတယ်ဆိုတဲ့ ဆင်ခြေတချို့ရှိခဲ့ပေမယ့် လက်တွေ့မှာတော့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း လုပ်ဆောင်ဖို့ ဖြစ်လာနေပါတယ်။ အကြံပြုချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်မယ်လို့ အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ပေးထားသလို ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကို လက်မခံနိုင်သူက အနည်းစုသာဖြစ်လို့ ဆက်လက်လုပ်ဆောင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဗဟိုပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောထားပါတယ်။

ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ကောင်းမွန်တဲ့ အချက်အလက်တွေပါသလို ဘင်္ဂါလီတွေချည်းရှိတဲ့ နေရာမှာ “အရပ်သားများအား အကာအကွယ်ပေးမှုဆိုင်ရာ သင်တန်းများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းဆိုင်ရာသင်တန်းများကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြုလုပ်ပေးသင့်ပါသည်” ဆိုတဲ့ အရပ်သားဘင်္ဂါလီတွေကို ပြည်သူ့စစ်သဘောမျိုးဖွဲ့စည်းဖို့ ညွှန်းဆိုခဲ့တာတွေလည်း တွေ့ရပါတယ်။ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်တွေက နယ်မြေဒေသခံ ဘင်္ဂါလီတွေကို စည်းရုံးပြီး ၂၀၁၆ ခုနှစ်ကထက် အကြမ်းဖက်မှုတွေကို အင်အားသုံးလုပ်လာနိုင်နေတဲ့ လက်ရှိကာလမှာ ဘင်္ဂါလီအရပ်သားတွေ ပူးပေါင်းပါဝင်တဲ့ရဲလုပ်ငန်းဆိုင်ရာ သင်တန်းဆိုတာ မလျော်ကန်တဲ့အကြံပြုချက်အဖြစ် မြင်ရပါတယ်။

ဒါ့အပြင် ကမ္ဘာအရပ်ရပ်က ရိုဟင်ဂျာအမည်ခံလုပ်စားဘင်္ဂါလီ လေးသန်းကျော် စီးဝင်လာမှာကို မြန်မာနိုင်ငံက လက်ခံပေးရမယ့် အခြေအနေဖြစ်စေတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ချိန်ညှိဖို့ အကြံပြုခဲ့သလို နိုင်ငံတကာမှာလည်း အပြင်းအထန်တိုက်ခိုက်နေရတဲ့ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဉ်ကြောင့် နှစ်ဖက်ကြားက ပဋိပက္ခပိုမိုဖြစ်စေခဲ့သလို ရေးသားထားတဲ့အပြင် လူ့အခွင့်အရေးကိုပဲ ရှေ့တန်းတင်ထားပြီး နိုင်ငံသားဖြစ်ခွင့်ကိုပဲ အဓိကဦးတည်အကြံပြု ထားသလို ဘယ်နိုင်ငံမှမပေးတဲ့ဌာနေ တိုင်းရင်းသားအခွင့်အရေးတွေနဲ့ တန်းတူဖြစ်ရေးတွေလည်း တောင်းဆိုထားတာ တွေ့ရပါတယ်။

ခိုးဝင်ဘင်္ဂါလီတွေနဲ့  AA, ARSA  လက်နက်ကိုင်တွေရဲ့ မူးယစ်ဆေးဝါးပြဿနာကို အနည်းငယ်ပဲ ဖော်ပြထားတဲ့အပြင် ဘင်္ဂါလီတွေကို နိုင်ငံသားပေးဖို့ပဲအကြံပြုထားပြီး နိုင်ငံသားမဖြစ်ထိုက်တဲ့ ခိုးဝင်ဘင်္ဂါလီတွေကို သူတို့ရဲ့ မိခင်နိုင်ငံက ပြန်လက်ခံဖို့ တိုက်တွန်းမှုမျိုးနဲ့ ဒီလိုခိုးဝင်တွေကို တိုင်းပြည်ရဲ့ တည်ဆဲဥပဒေနဲ့အညီ အရေးယူသင့်ကြောင်း ဆိုတဲ့အချက်တွေ ပါဝင်မလာတာကိုလည်း တွေ့ရပါတယ်။

ခိုးဝင်ဘင်္ဂါလီတွေနဲ့  AA, ARSA လက် နက်ကိုင်တွေရဲ့ မူးယစ်ဆေးဝါးပြဿနာတွေမှာ အသေးစားရောင်းဝယ်သူတွေကို အဓိကမထားဘဲ အကြီးစားရောင်းဝယ်သူတွေကို အဓိကစစ်ဆေးအရေးယူဖို့ အကြံပြုချက်အပြီးမှာ AA က ချုံခိုတိုက်ခိုက်မှုတွေလည်း ရှိလာခဲ့တဲ့ ဖြစ်စဉ်တွေဟာ ကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ ဒါ့အပြင် ရခိုင်တိုင်းရင်းသားတွေ လက်သင့်မခံနိုင်တဲ့ အကြံပြုချက်တွေလည်း ပါဝင်နေပြီး အစီရင်ခံစာဟာ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ ပြည်နယ်ထဲက တခြားတိုင်းရင်းသား အရေးထက် ဘင်္ဂါလီတွေကိုပဲ ဦးစားပေးထားတာ တွေ့ရပါတယ်။

အစီရင်ခံစာမှာဆိုရင် ကောင်းမွန်တဲ့ အချက်တွေအဖြစ် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယအကူအညီတွေနဲ့  ရခိုင်ပြည်နယ်တည်ငြိမ်ရေးလုပ်ပါ။ ဒေသဖွံ့ဖြိုးရေးလုပ်ပါ။ ဟိုတယ်လိုင်စင်တွေကို အသေးစား လုပ်ငန်းတွေအတွက် ဖြေလျှော့ပါ ဆိုတာမျိုး အကြံပြုထားသလို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုတွေ မြှင့်တင်ဖို့နဲ့ လာဘ်စားတဲ့ နိုင်ငံဝန်ထမ်းတွေကို စစ်ဆေးအရေးယူဖို့ဆိုတဲ့ အချက်တွေက ကောင်းမွန်သင့်မြတ်တဲ့ အခြေအနေတွေလို့ ဆိုရမှာပါ။

ကောင်းမွန်တဲ့ အကြံပြုချက်တွေကို အမြန်ဆုံးအကောင်အထည် ဖော်ဖို့လိုအပ်သလို မဖြစ်နိုင်တဲ့ အကြံပြုချက်တွေကိုလည်း လုံး၀ မလုပ်ဆောင်ဖို့ လိုအပ်လာတဲ့ ဒီအခြေအနေတွေကို လက်ရှိအစိုးရအနေနဲ့ စိစစ်ဖို့ လိုအပ်လာမှာပါ။

ဘင်္ဂါလီများက မိမိအိမ်မိမိ မီးရှို့မှုကြောင့် မောင်တောမြို့ အမှတ် (၄) ရပ်ကွက် မီးလောင်နေမှုကို သြဂုတ် ၂၈ ရက်က တွေ့ရစဉ်

အာနန်ကော်မရှင်ဖွဲ့အပြီး ပိုဖြစ်လာတဲ့ ပြည်သူများသေဆုံးမှု

၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက် မှာ  ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင်စတင်ဖွဲ့စည်းစဉ်ကတည်းက ပြည်တွင်းရေးပြဿနာကို ရခိုင်အရေးမှာ ဘင်္ဂါလီတွေအပေါ် ဘက်လိုက်ဆုံးဖြတ်တဲ့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်းကို ခန့်အပ်ခြင်းဟာ အခန့်မသင့်ရင် နိုင်ငံတွင်း မီးဟုန်းဟုန်းတောက်သွားစေနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒီလိုထောက်ပြမှု မှန်တယ်ဆိုတာကိုလည်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ဖွဲ့စည်းချိန်ကတည်းက အရှိန်မြှင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်က သက်သေခံနေပါတယ်။ ၂၀၁၆ စက်တင်ဘာကနေ ၂၀၁၇ ခုနှစ် သြဂုတ်အတွင်းမှာ လူသေဆုံးမှု အမြဲမပြတ်ခဲ့သလို ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့်လည်း လစဉ်ပြည်သူတွေ သေဆုံးခဲ့ရပါတယ်။ ဒါဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို နယ်ခြားမလုံခြုံမှု၊ လူဝင်မှုကြီးကြပ်ရေးပြဿနာနဲ့ ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာ ပြဿနာဖြစ်လာအောင် လုပ်ဆောင်လိုသူတွေရဲ့ ဆင်ကွက်ထဲကို ဝင်သွားခဲ့တာဖြစ်ပြီး ကော်မရှင်ရဲ့ အစီရင်ခံစာထုတ်ပြန်ပြီးနောက်မှာ ဆင်နွှဲတဲ့ထိုးစစ်က အဆိုးဆုံးပါ။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးရေးကော်မရှင်ဖွဲ့စည်းပြီး တစ်လအကြာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက အမှတ်(၁) နြယ်ခားစောင့်ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနဲ့ ငါးခူရ နယ်မြေရုံးတွေကို အကြမ်းဖက်သမားတွေက အလစ်အငိုက်ရယူပြီး အကြမ်းဖက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် စုစုပေါင်းကိုးဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည် မျိုးစုံ  ၆၆၂၄  တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံတာကြောင့် ဖြစ်စဉ်မှာပါဝင်တဲ့ အကြမ်းဖက်သမား ရှစ်ဦးရဲ့ အလောင်းတွေကို ရရှိခဲ့ပြီး နှစ်ဦးကိုတော့ အရှင်ဖမ်းမိခဲ့ပါတယ်။

သူတို့ဆီကနေ လုပ်သေနတ် ပစ္စတိုတစ်လက်၊ ကျည်နှစ်တောင့်နဲ့ ကျည်အိမ်တစ်ခု သိမ်းဆည်းရမိခဲ့ပါတယ်။ အရှင်ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်သမားနှစ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ အကြမ်းဖက်သမားနှစ်ဦးကို ပဏာမ စစ်ဆေးဖော်ထုတ်ချက်အရ မောင်တောဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဟာ ပြည်ပကနေ ငွေကြေးထောက်ပံ့မှု၊ ပြည်ပအကြမ်းဖက်အဖွဲ့အစည်းဝင်တွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့အချိန်ယူပြီး စနစ်တကျကြိုတင်ဆောင်ရွက်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ အောက်တိုဘာ ၁၄ ရက်က နိုင်ငံတော် သမ္မတရုံးကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မောင်တောဒေသမှာ အများစုရောက်ရှိ နေထိုင်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေဆီ အစွန်းရောက် အကြမ်းဖက်ဝါဒတိုးမြှင့်လာစေဖို့ အချိန်ယူ စည်းရုံးသိမ်းသွင်းခဲ့တယ်လို့ သိရပါတယ်။

မောင်တောဒေသကို ခြေကုပ်ယူပြီး အရှေ့အလယ်ပိုင်းနိုင်ငံအချို့က အစွန်းရောက်ပုဂ္ဂိုလ်တွေရဲ့ ငွေကြေးပံ့ပိုးမှု အလုံးအရင်းကို ရယူခဲ့တာဖြစ်ပြီး ငွေကြေးထောက်ပံ့ရာမှာ အဖွဲ့အစည်းအလိုက် ဆောင်ရွက်တာ မဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်း ဆက်သွယ်မှုနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မောင်တော အကြမ်းဖက်ဖြစ်စဉ်ဟာ RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့မောင်တောဒေသမှာ လှုပ်ရှားတဲ့ Aqa Mul Mujahidin (အကာလ်မူလ်မူဂျာဟီဒင်န်) အဖွဲ့ရဲ့ ဆောင်ရွက်ချက်ပါ။ ဒီအဖွဲ့ကို ဦးဆောင်သူက မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက် တစ်ဦးဖြစ်တဲ့ ဟာဗစ်တူဟာရ်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံက တာလီဘန်တွေဆီမှာ သင်တန်းခြောက်လ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဟာဗစ်တူဟာရ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်အနီးက ကျေးရွာတစ်ရွာမှာ သွားရောက်နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက အဖွဲ့အစည်းတချို့ထံကနေ ငွေကြေးထောက်ပံ့မှု ရယူခဲ့တာပါ။ သူနဲ့ပူးပေါင်းဆောင်ရွက်သူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ငါးခူရကျေးရွာမှာ ရောက်ရှိနေတဲ့ ပါကစ္စတန်နိုင်ငံသား ခါလစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူတာပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အီဗရာဟိန်း၊ အဇာ၊ အာရပ်တူလာ၊ နီလာဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဇူဘိုင်၊ အစ္စလာမ်ဆိုသူ အပါအဝင် ၁၂ ဦး ဖြစ်တယ်လို့ သိရပါတယ်။ သူတို့အနေနဲ့ လွန်ခဲ့တဲ့ ငါးလလောက်ကတည်းက ဟာဗစ်တူဟာရ်ရဲ့ အစီအစဉ်နဲ့ မောင်တောဒေသကို ဝင်ရောက်လာပြီး ဟာဗစ်တူဟာရ် စည်းရုံးထားတဲ့ ဒေသခံ အစွန်းရောက်လူငယ်တွေကို အကြမ်းဖက်သင်တန်းတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

ဟာဗစ်တူဟာရ်နဲ့ အဖွဲ့ဟာ မောင်တောဒေသအတွင်းက အစွန်းရောက် လူငယ်တွေကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သလို တောတွင်းနဲ့ တောင်ပေါ် လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေ၊ ငါးခူရ အလယ်ကျေးရွာက အဒူရာမန်ရဲ့ နေအိမ်ခြံဝင်းနဲ့ ကျောက်ပြင်ဆိပ်ကျေးရွာအနီး တောတွင်းနေရာတွေမှာ သေနတ်ပစ်သင်တန်းနဲ့ ကိုယ်ခံပညာသင်တန်းတွေကို တိတ်တဆိတ် သင်ကြားပေးခဲ့ပြီး အဲဒီနောက်မှာတော့ အကြမ်းဖက်တိုက်ခိုက်မှု စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အကြမ်းဖက်သမား အင်အား ၄၀၀ နီးပါးနဲ့ နေရာခြောက်နေရာကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် ကျီးကန်းပြင်ဌာနချုပ်၊ ငါးခူရနယ်မြေစခန်းနဲ့ ကိုးတန်ကောက် ရဲကင်းစခန်းသုံးနေရာကိုသာ အောက်တိုဘာ ၉ ရက်က တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စခန်းအားလုံး တိုက်ခိုက်ပြီးရင် လက်နက်တွေနဲ့ ပစ္စည်းတွေရယူပြီး အနီးပတ်ဝန်းကျင်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့စခန်းတွေကို ဆက်လက်တိုက်ခိုက်ဖို့ ဟာဗစ်တူဟာရ် ညွှန်ကြားထားပြီး ဝင်ရောက်တိုက်ခိုက်မှု မပြုလုပ်မီမှာ အဖွဲ့ခေါင်းဆောင်တွေက တိုက်ခိုက်မယ့် အစီအမံတွေ ချပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလိုလုပ်ဆောင်မှုအပြင် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းယူပြီးရင် ပြည်ပထောက်ခံမှု၊ ငွေကြေးပံ့ပိုးမှုတွေ မြင့်တက်လာစေဖို့အပြင် ပြည်တွင်း၊ ပြည်ပက ဘာသာရေး အစွန်းရောက်တွေ ပူးပေါင်းပါဝင်လာစေဖို့အတွက် တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ ISIS စတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ နည်းနာအတိုင်း အင်တာနက်နဲ့ လူမှုကွန်ရက်တွေမှာ ဗီဒီယိုဖိုင်တွေ လွှင့်တင်ပြီး ဝါဒဖြန့်ချိခဲ့ပါတယ်။

၂၀၁၆ ခုနစ် အောက်တိုဘာ ၉ ရက် နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ဆက်တိုက်ဆိုသလို အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေနဲ့ အပြစ်မဲ့ ပြည်သူတွေ ရက်ရက်စက်စက် အသတ်ခံရမှု၊ ဖမ်းဆီးခေါ်ဆောင်ခံရမှုတွေကြောင့် ပျောက်ဆုံးမှုတွေ လစဉ်ဆက်ဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာကနေ ၂၀၁၇ ခုနစ် ဇွန် ၃၀ ရက်အထိ အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူ ၄၁ ဦး သေဆုံးပြီး အကြမ်းဖက်သူတွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ ပြည်သူ ၂၃ ဦးပျောက်ဆုံးနေတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကနေ ဇူလိုင် ၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လအလိုက် သတင်းထုတ်ပြန်မှုကို ဇူလိုင်နဲ့ သြဂုတ်အတွင်းမှာ မထုတ်ပြန်ရသေးပေမယ့် ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ ထိုးစစ်က ပိုမိုဆိုးရွားလာပြီး အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့အပြင် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို ဦးတည်သတ်ဖြတ်လာပြီး အစိုးရနဲ့ ပူးပေါင်းရင် ဒီလိုရက်ရက်စက်စက် သတ်ဖြတ်ခံရမယ်ဆိုတဲ့ အသိကို ပြည်သူတွေရင်ထဲ ရောက်အောင် ပို့ပေးနိုင်ခဲ့ပါတယ်။ အစီရင်ခံစာထုတ်ပြန်ပြီးတဲ့နောက် တစ်ရက် သြဂုတ် ၂၅ ရက်မှာ တိုက်ခိုက်မှုဟာ အခြေအနေ အလွန်ဆိုးရွားခဲ့ပြီး ရဲကင်းစခန်း ၃၀ ကို စနစ်တကျ ဝင်တိုက်ခိုက်ခဲ့တာပါ။ ဒါဟာ ၂၀၁၆ တုန်းကထက် ၁၀ ဆပိုများတဲ့ ပမာဏပါ။ ဒီလိုတိုက်ခိုက်နိုင်ခြင်းဟာ နိုင်ငံတကာရဲ့ ဖိအားကြောင့်ဖြစ်ပြီး အရှေ့အလယ်ပိုင်း နိုင်ငံအချို့ဆီကထောက်ပံ့မှုတွေ ပိုရလာတဲ့သဘော၊ အစွန်းရောက်အကြမ်းဖက်မှုတွေ ပိုလုပ်လာနိုင်ဖို့ ဒေသခံတွေကို တစ်နှစ်အတွင်း အရင်ကထက် စည်းရုံးနိုင်တဲ့ အသွင်သဏ္ဌာန်တွေကို တွေ့မြင်ရပါတယ်။

သြဂုတ် ၂၅ ရက်ကနေ ၃၁ ရက်အတွင်း ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမား ARSA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု တစ်ပတ်အတွင်း ၅၂ ကြိမ်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ပါတယ်။ ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်က စစ်သည်နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ နိုင်ငံ့ဝန်ထမ်းနှစ်ဦး စုစုပေါင်း ၁၅ ဦး နိုင်ငံ့အတွက် အသက်စွန့်လွှတ်ခဲ့ရတဲ့အပြင် တပ်မတော်က စစ်သည်ငါးဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ စစ်သည်တစ်ဦး ပျောက်ဆုံးနေပါတယ်။

ဒီလို ရခိုင်ပြည်နယ် မောင်တောဒေသအတွင်းက မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်အတွင်းကို ARSA အစွန်းရောက်အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်တာကြောင့် အပြစ် မဲ့တဲ့အရပ်သား ပြည်သူတွေဖြစ်တဲ့ ဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဒိုင်းနက်တိုင်းရင်းသား သုံးဦး၊ ရခိုင်တိုင်းရင်းသားလေးဦး စုစုပေါင်း ၁၄ ဦးသေဆုံးပြီး ဒိုင်းနက်တိုင်းရင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နှစ်ဦးပျောက်ဆုံးနေပါတယ်။

ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေဖြစ်တဲ့ ARSA ရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်ထံမှ လက်နက်ငယ်တစ်လက်၊ ကျည်အိမ်သုံးခု၊ ကျည် ၂၄၀ နဲ့ ဆက်စပ်ပစ္စည်းတွေ၊ ရဲတပ်ဖွဲ့ဆီက လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၄၂၅ တောင့်၊ ဗုံးသီးမျိုးစုံ ၁၁ လုံး၊ ဆက်သွယ်ရေးစက်တစ်လုံး ဆုံးရှုံးခဲ့ပြီး ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် ခုနစ်စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် ကိုးတန်ကောက်၊ မြင်းလွတ်နဲ့ ကျီးကန်ပြင်ကျေးရွာတွေ အပါအဝင် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေ အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၃၂ ရွာနဲ့ မောင်တောမြို့က ရပ်ကွက်နှစ်ခုတို့ကို ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေပေါင်း ၂၆၂၅ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၄ ရွာမှ ဒေသခံတိုင်းရင်းသား ၂၃၂၆ဦး၊ မောင်တောမြို့နယ်အတွင်းက ကျေးရွာပေါင်း ၄၃ ရွာက ဒေသခံတိုင်းရင်းသား ၉၄၀၂ ဦး စုစုပေါင်း ၁၁၇၂၈ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိပြီး လုံခြုံရေး စိတ်ချရတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ရွှေ့ပြောင်းပေးထားရပါတယ်။

ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေကလည်း ၂၀၁၆ ခုနှစ် အောက်တိုဘာနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်မှာ ၄၀၀ လောက်သေခဲ့တာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုဟာ တစ်နှစ်အတွင်း အလွန်များနေခဲ့သလို ပဋိပက္ခဒေသတစ်ခုအတွက် အလွန်များတဲ့ပမာဏပါ။

ရခိုင်ပြည်နယ်ကို ပြန်ကြည့်မယ်ဆိုရင်  ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဘင်္ဂါလီဦးရေ ၁၀ သိန်းခန့် (တစ်သန်းနီးပါး) ရှိနေပါတယ်။ မောင်တောဒေသမှာဆိုရင် ဘင်္ဂါလီလူဦးရေက ရာခိုင်နှုန်း ၉၀ ကျော်ရှိနေပြီး လက်ရှိမှာဆိုရင် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်  ခြောက်ရာခိုင်နှုန်းလောက်ပဲရှိတဲ့ ရခိုင်ဒေသခံတွေက နေအိမ်တွေ စွန့်ခွာထွက်ပြေးနေရပြီဖြစ်လို့ မောင်တောဒေသဟာ ဘင်္ဂါလီတွေ ရာနှုန်းပြည့်နေထိုင်တဲ့ ဒေသအဖြစ် အသွင်ပြောင်းသွားပါပြီလို့ ဆိုရမယ့်အခြေအနေ ဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂါလီတွေချည်းရှိ တဲ့နေရာမှာ “အရပ်သားများအား အကာအကွယ်ပေးမှု ဆိုင်ရာ သင်တန်းများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းဆိုင်ရာ သင်တန်းများကိုလည်း လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် ပြုလုပ်ပေးသင့်ပါသည်” ဆိုတဲ့အရပ်သားဘင်္ဂါလီတွေကို ပြည်သူ့စစ်သဘောမျိုး ဖွဲ့စည်းဖို့ညွှန်းဆိုခဲ့တာတွေလည်း တွေ့ရပါတယ်။ ဘင်္ဂါလီအစွန်း ရောက်အကြမ်းဖက်တွေက နယ်မြေဒေသခံ ဘင်္ဂါလီတွေကို စည်းရုံးပြီး ၂၀၁၆ ခုနှစ်ကထက် အကြမ်းဖက်မှုတွေကို အင်အားသုံးလုပ်လာ နိုင်နေတဲ့ လက်ရှိကာလမှာ ဘင်္ဂါလီ အရပ်သားတွေ ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းဆိုင်ရာ သင်တန်းဆိုတာ မလျော်ကန်တဲ့ အကြံပြုချက်ပါ။ အလားတူ အချက်အဖြစ် ဆွေးနွေးစရာရှိတာက ဘင်္ဂါလီအကြမ်းဖက် အုပ်စုတွေ အခိုင်အမာခြေကုပ် မယူခင်မှာ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ဒေသခံကျေးရွာတွေကို ပြည်သူ့စစ် ပုံစံစနစ်တကျ လေ့ကျင့်ပေးပြီး လက်နက်တွေ တပ်ဆင်ထားမယ်ဆိုရင် ဒေသလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်မယ်လို့ အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃) က ဦးခင်မောင်လတ်က အဆိုတင်သွင်းခဲ့တာပါ။ ဒါဟာ လုံးဝမဖြစ်နိုင်တဲ့အဆိုဖြစ်ပြီး မောင်တောဒေသက ကျေးရွာတွေမှာ ဘင်္ဂါလီတွေချည်းကျန်နေမယ့် အနေအထားမှာ အကြမ်းဖက်အစွန်းရောက် ဘင်္ဂါလီတွေကို တိုက်ခိုက်ဖို့ ဘင်္ဂါလီတွေကိုပဲ လက်နက်တပ်ဆင်ပေးရမယ်ဆိုတာက ဘယ်လိုမှ မဖြစ်သင့်သလို လက်နက်ထောက်ပံ့သလို ဖြစ်သွားနိုင်တာကိုလည်း ကြိုတွေးဖို့လို အပ်မှာပါ။ ဒီဒေသတွေအတွက် လုပ်အပေးသင့်ဆုံးကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးနဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျခံရနိုင်တဲ့ ပြစ်ဒဏ်တွေ သေကျေပျက်စီးရင် အားလုံးနစ်နာတယ်ဆိုတာတွေကို နောက်တစ်ကြိမ်ပဋိပက္ခ မဖြစ်ခင် ကြိုတင်အသိပညာပေးဖို့ပါ။

 

အစ္စလာမ်မစ် အစွန်းရောက်တွေရဲ့ လွတ်မြောက်နယ်မြေဟာ ရခိုင်ပြည်နယ် ဖြစ်လာနိုင်တယ်။

ကမ္ဘာပေါ်က အစ္စလာမ်မစ် အစွန်းရောက်တွေကို ပြန်ကြည့်မယ်ဆိုရင် အယ်လ်ကိုင်းဒါးအခြေမလှတဲ့ နောက်မှာ ထွက်ပေါ်လာတဲ့ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့တွေ အများအပြားရှိလာနေပြီး တစ်ကမ္ဘာလုံးမှာ အစ္စလာမ်မစ်အစွန်းရောက် တွေရဲ့ဒဏ်ကို ကြောက်လန့်နေရတဲ့  Islamophobia ကပ်ဆိုးက နှိပ်စက်လာတဲ့ အခြေအနေပါ။ နောက်ဆုံးပေါ်လာပြီး လူသိများတာကတော့ ISIS ( Islamic State of Iraq and Syria) စစ်သွေးကြွတွေပါ။ ဆီးရီးယားနဲ့ အီရတ်မှာ အခြေမလှတော့တဲ့ IS စစ်သွေးကြွတွေအနေနဲ့ ဥရောပဒေသမှာ ခြေကုတ်ယူလို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေကို ခြေကုတ်ယူဖို့ ကြိုးပမ်းရာမှာ  မူဆလင်တွေ ခြေကုတ်ယူပြီးဖြစ်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖိလစ်ပိုင်တောင်ပိုင်းက မင်ဒါနာအိုကျွန်းနဲ့ ရိုဟင်ဂျာတွေကို ဖိနှိပ်နေပါတယ်ဆိုပြီး နိုင်ငံတကာကို လက်ဖြန့်လို့ကောင်းတဲ့ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းကို ပစ်မှတ်ထားလာတဲ့ အခြေအနေပါ။

ပြီးခဲ့တဲ့ မေ ၂၄ ရက် မင်ဒါနာ အိုကျွန်းက လူဦးရေ နှစ်သိန်းလောက်နေထိုင်တဲ့ မာရာဝီမြို့ကို လက်နက် ကိုင်စစ်သွေးကြွတွေက သိမ်းပိုက်လိုက်ပါတယ်။ လက်ရှိအချိန်ထိ ဖိလစ်ပိုင်အစိုးရအနေနဲ့ မင်ဒါနာအိုကျွန်းကို စစ်အုပ်ချုပ်ရေးကြေညာထားရပြီး အစိုးရတပ်တွေကလည်း မာရာဝီမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ နိုင်ငံတကာအကူအညီနဲ့ တိုက်ပွဲဝင်နေရဆဲပါ။ မာရာဝီပြီးရင် ဒုတိယ ခြေကုတ်ယူလာနိုင်တဲ့နေရာကတော့ ရခိုင်ပြည်နယ်ပါ။ ထိုင်းနိုင်ငံတောင်ပိုင်းက အခြေအနေဟာ မြန်မာနိုင်ငံနဲ့ ခြားနားပြီး ထိုင်းနိုင်ငံရဲ့ တခြားနေရာတွေကို မကူးစက်တာ၊ ချမ်းသာကြွယ်ဝသူများပြားပြီး အသိဉာဏ် မြင့်တယ်ဆိုတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ဒုတိယပစ်မှတ်ဟာ ဆင်းရဲမွဲတေမှုမြင့်တဲ့၊ ပညာတတ်မြောက်မှု နည်းပါးပြီး အစွန်းရောက် အကြမ်းဖက်ဖို့ အလွယ်တကူ စည်းရုံးနိုင်တဲ့၊ မြန်မာတစ်နိုင်ငံလုံးကရော အစိုးရကပါ မရှိပါဘူး ပြောထားပြီး ဘယ်တုန်းကမှ လက်မခံတဲ့ ရိုဟင်ဂျာတွေကို ဖိနှိပ်နေပါပြီဆိုပြီး အကြောင်းပြပြီး လက်ဖြန့်လို့ကောင်းတဲ့၊ နိုင်ငံတကာအထောက်အပံ့တွေ အလွယ်တကူရနိုင်တဲ့၊ နယ်စပ်စည်း မျဉ်းလုံခြုံရေးမကောင်းတဲ့၊ ကမ္ဘာ့နိုင်ငံတိုင်းက ကြောက်နေရတဲ့ Islamophobia ကပ်ဆိုးဟာ ငါ့နိုင်ငံဆီ ရောက်မလာရင်ပြီးတာပဲဆိုပြီး တွန်းပို့ချင်နေကြတဲ့ ရခိုင်ပြည်နယ် ဖြစ်လာပါလိမ့်မယ်။ ဒီလိုအခြေအနေတွေအတွက်ကြောင့်လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဒီဒေသအတွင်း အကြမ်းဖက်မှုတွေ အသစ်ထပ်မံ ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒီလိုအခြေအနေအတွက် နှစ်ဖက်လူ့ အဖွဲ့အစည်းအကြားတင်းမာမှုတွေ ထိန်းချုပ်ပေးနိုင်ဖို့နဲ့ အကြမ်းဖက်မှု အရှိန်မြင့်တက်မလာရေးအတွက် ဖွံ့ဖြိုးရေး၊ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ဖို့ လိုလာပြီလို့ အကြံပြုထားတာ တွေ့ရပါတယ်။ ကော်မရှင်ရဲ့ အကြံပြုချက်က မှန်ကန်ကောင်းမွန်ပြီး လက်ရှိအခြေအနေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ရင် ဒေသခံပြည်သူတွေဟာ အစွန်း ရောက်ဝါဒီတွေရဲ့ သိမ်းသွင်းမှုကို အလွယ်တကူခံရနိုင်တယ်လို့ သုံးသပ်ထားတဲ့အပြင် ရခိုင်ပြည်နယ်တစ်ခုလုံးကိုပါ ကူးစက်နိုင်တယ်လို့ အကြံပြုထားပါတယ်။

ဒီနေရာမှာဆိုရင် ၂၀၁၆ ခုနှစ် နိုဝင်ဘာတုန်းက မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုကို ရှင်းလင်းရာမှာ ရခိုင်အရေးအပေါ် နိုင်ငံတကာက ပြောကြားလာမှု ပိုမိုပြင်းထန်လာပါတယ်။ ဒါဟာ မြန်မာနိုင်ငံကို အစွန်းရောက်အကြမ်းဖက်တွေ ခြေကုတ်ရစေချင်တဲ့ စေတနာဆိုးတွေ အသေအချာပါနေပါတယ်။ ဘယ်နိုင်ငံမှ ကိုယ့်နိုင်ငံမှာ အစ္စလာမ်မစ် အစွန်းရောက်တွေခြေကုတ်ယူပြီး နယ်မြေတောင်း နိုင်ငံသစ် ထူထောင်သွားမှာ မလိုလားပါဘူး။ မြန်မာနိုင်ငံလို အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံကလည်း ရခိုင်ပြည်နယ်ကို အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ လွတ်မြောက်နယ်မြေ ဖြစ်မသွားဖို့ တတ်နိုင်သမျှ ဥပဒေဘောင်အတွင်းက ဖြေရှင်းနေတယ်ဆိုတာကို ရခိုင်အရေးအပေါ် ဝေဖန်နေတဲ့ နိုင်ငံတကာနဲ့ တစ်ဖက်သတ်ဖော်ပြနေတဲ့ ပြည်ပမီဒီယာတွေသိဖို့ လိုပါတယ်။

အရှေ့တောင်အာရှဒေသမှာ IS စစ်သွေးကြွအန္တရာယ် ခြိမ်းခြောက်လာမှု သက်သေပြချက်မှာ ဖိလစ်ပိုင် မင်ဒါနာအိုကျွန်းက မာရာဝီမြို့ကို တိုက်ခိုက်နေသူတွေထဲမှာ အစ္စလာမ္မစ် နိုင်ငံတော်ထူထောင်ရေး အကြမ်းဖက်အဖွဲ့အပေါ် သစ္စာခံထားတဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက သူပုန်တွေသာမက အရှေ့အလယ်ပိုင်း ဒေသက ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ ခြေကုပ်စခန်းတွေပျက်ပြီး ပြန်လာကြတဲ့ IS အဖွဲ့ဝင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေက အကြမ်းဖက်တိုက်ခိုက်ရေးသမားတွေလည်း ပါဝင်နေပါတယ်။

ဒီအကြမ်းဖက် အစွန်းရောက်တိုက်ခိုက်ရေးသမားတွေရဲ့ နယ်မြေကူးပြောင်းနိုင်မှု၊ ပူးပေါင်းမှုဟာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေကြောင့် အလွန်မြန်ဆန်နေတာကို တွေ့ရပြီး နိုင်ငံတကာက ဝေဖန်လို့ မြန်မာနိုင်ငံက နိုင်ငံတကာဖိအားကို ငုံ့ခံလိုက်တာနဲ့ ဒီအစွန်းရောက်အကြမ်းဖက်တွေဟာ မြန်မာနိုင်ငံဆီကို အလွယ်တကူ ကူးပြောင်းလာနိုင်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။ ရခိုင်အရေးဟာ ဘယ်လိုမှ ပေါ့ဆတွေးလို့မရတဲ့ အခြေအနေပါ။

အီရတ်နဲ့ ဆီးရီးယားက အခြေမလှတော့တဲ့ IS စစ်သွေးကြွတွေက နေရာပြောင်းပြီး ဖိလစ်ပိုင် မင်ဒါနာ အိုကျွန်းမှာ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအတွက် ဆင်နွှဲလာတဲ့ ပုံသဏ္ဌာန်လို့လည်း ယူဆနိုင်ပြီး IS စစ်သွေးကြွတွေကို သစ္စာခံထားတဲ့ စစ်သွေးကြွတွေလည်း မင်ဒါနာအိုကျွန်းမှာ ရှိနေလို့ပါ။ နိုင်ငံတကာ လုံခြုံရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေအရ အရှေ့အလယ်ပိုင်းက IS ထိန်းချုပ်ထားတဲ့ နေရာတွေမှာ အရှေ့တောင်အာရှနိုင်ငံသား ၁၀၀၀ လောက်ရှိတယ်လို့သိရပြီး အရှေ့အလယ်ပိုင်းက အခြေအနေတွေကြောင့် မူရင်းနိုင်ငံကို ပြန်လာတဲ့ အကြမ်းဖက် စစ်သွေးကြွတွေကလည်း ရှိနေပါတယ်။

လက်ရှိအချိန်ထိတော့ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုဒေသက အကြီးဆုံးမြို့ဖြစ်တဲ့ မာရာဝီမြို့ကို လက်နက်ကိုင် မွတ်စလင်စစ်သွေးကြွတွေက သိမ်းပိုက်ထားဆဲပါ။ ဒါကြောင့်လည်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက IS စစ်သွေးကြွတွေရဲ့ရန်က နိုင်ငံကို ကာကွယ်ဖို့အတွက် တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေး ကြေညာကောင်း ကြေညာမယ်လို့ ပြောထားတဲ့အပြင် လက်ရှိအခြေအနေမှာဆိုရင်လည်း မာရာဝီမြို့ထဲက ဗလီတွေမှာ ခိုအောင်းနေတဲ့ စစ်သွေးကြွတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ စစ်တပ်ကို ဖိလစ်ပိုင်သမ္မတက ခွင့်ပြုထားပါတယ်။ ရှိသမျှ တပ်တွေတိုးချဲ့ပြီး အကြမ်းဖက်မှုကို ကာကွယ်နေတဲ့အပြင် အမေရိကန်နိုင်ငံရဲ့ အကူအညီပါ ရယူပြီး တိုက်ပွဲဝင်နေပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံမှာဆိုရင်လည်း အစွန်းရောက်အကြမ်းဖက်တွေရဲ့ တိုက်ခိုက်မှုခံနေရပြီး တပ်မတော်အနေနဲ့ ကြည်းတပ်အင်အားတိုးချဲ့ပြီး လာတိုက်နေတဲ့ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်တွေရဲ့ ထိုးစစ်ကို ခုခံနေရတဲ့အဆင့်ပဲ လုပ်နေတာပါ။ ဖိလစ်ပိုင်နဲ့ အလားတူ ဖြစ်ပေမယ့် မြန်မာနိုင်ငံကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဝေဖန်မှုတွေကြောင့် ဘာထိုးစစ်မှ မစတင်နိုင်သေးဘဲ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခုခံနေရတဲ့အဆင့်ပါ။ မြန်မာနိုင်ငံက ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ထိုးစစ်ဟာ စနစ်တကျရှိလာပြီး တစ်ပတ်အတွင်း ၅၂ ကြိမ်အထိ တိုက်ခိုက်ခဲ့တဲ့အပြင် ထိတွေ့တိုက်ပွဲအကြိမ် ၉၀ အထိ ဖြစ်ခဲ့ပါပြီ။ ဘာတစ်ခုမှ ဆိုးဆိုးရွားရွား မတုန့်ပြန်ရသေးတဲ့ မြန်မာနိုင်ငံကို ကုလသမဂ္ဂ၊ ဗြိတိန်တို့က ဝေဖန်နေတာဟာ မြန်မာနိုင်ငံကို အစွန်းရောက် အကြမ်းဖက်သမားတွေ ပိုပြီးတော့ ခြေကုတ်ယူ နိုင်အောင် လုပ်ဆောင်တဲ့ အခြေအနေကိုပဲ ဖြစ်စေမယ်ဆိုတာ သတိပြုဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက သုံးစွဲနေတဲ့ ရိုဟင်ဂျာဆိုတာ လုံးဝမမှန်ပါဘူး။

“(အသုံးအနှုန်း) ကျွန်တော် အရေးကြီးတယ်လို့မြင်တယ်။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား လူမျိုးတစ်မျိုးလို့ သူတို့ ဒီလိုအဆိုပြုနေကြတယ်။ အဲဒါလုံးဝမမှန်ဘူးဗျ။ မမှန်ဘူးဆိုတာ ကျွန်တော်တို့ စိတ်ထဲရှိတာကို ခံစားချက်နဲ့ ပြောနေတာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း ဖတ်ပါတယ်။ ရှာဖွေပြီးဖတ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရေးတဲ့ စာအုပ်တွေလည်း ကျွန်တော်တို့ကို လာပြပါတယ်။ ကျွန်တော် သေချာဖတ်ကြည့်တယ်။ သမိုင်း အထောက်အထားမရှိပါဘူး။ စိတ်ကူးနဲ့သမိုင်းကို ဆက်သွယ်ပြီးတော့ ပြောတာပဲရှိတယ်။ နောက်ပြီးတော့ နောက်တစ်ခုက လူတိုင်းတွေ့ဖူးကြမယ် ထင်ပါတယ်။ ဒီဘင်္ဂါလီတွေ။ ကျွန်တော်တို့ ဒီလိုမျက်နှာမျိုး၊ ဒီလိုအသားအရေမျိုး ကျွန်တော်တို့ ဗမာပြည်မှာ ဘယ်နေရာမှမရှိဘူး။ ဒါအချိန်မရွေး ကြည့်လို့ရတဲ့ကိစ္စ။ အဲဒါကြောင့် ရိုဟင်ဂျာလို့ခေါ်တာကတော့ တမင်တကာ ကျွန်တော်တု့ိရဲ့ ပြည်တွင်းရေးကို အချုပ်အခြာအာဏာကို ထိပါးစေတဲ့ အသုံးအနှုန်းလို့ အဲဒီလိုပဲ မြင်ပါတယ်” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဗဟိုပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက လွတ်လပ်တဲ့အာရှအသံ (RFA) သတင်းဌာနကို ဖြေကြားထားပါတယ်။

ဦးဉာဏ်ဝင်းရဲ့ ပြောကြားချက်ဟာ ရာနှုန်းပြည့်မှန်ကန်ပြီး မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာအမည်နဲ့ နိုင်ငံတကာကို လက်ဖြန့်နေတဲ့ ဘင်္ဂါလီတွေနဲ့ တစ်ထပ်တည်း တစ်မျက်နှာတည်း တူညီတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာသာ မြင်ရပါတယ်။ ဒါကိုပဲ နိုင်ငံတကာက မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံဆီကို ဘင်္ဂါလီတွေ အတင်းထိုးထည့်နေတာဟာ မှားယွင်းတဲ့လုပ်ရပ်ပါ။

“အရှေ့တောင်အာရှက အကြမ်းဖက်ဝါဒရဲ့ အာရုံစိုက်တဲ့နေရာ ဖြစ်လာတယ်။ ထိုင်းတောင်ပိုင်းရော ဖိလစ်ပိုင်မာရာဝီရော ဖြစ်နေတယ်။ IS စစ်သွေးကြွတွေက ဒီဘက်ကို ရောက်လာတယ်။ ရောက်လာတဲ့ အခါကျတော့ ကျွန်တော်တို့ဆိုရင် ၂၀၁၆ ခုနှစ်မှာ ရဲစခန်းတွေ တိုက်ခိုက်ခံရတယ်။ သြဂုတ် ၂၅ ရက်မှာလည်း အတိုက်ခံရတာတွေထပ်ပြီးတော့ ဖြစ်တယ်။ တစ်ဦးတစ်ယောက်က ရုတ်တရက် ထလုပ်တာမျိုး မဟုတ်ဘဲ တစ်စုတစ်ဖွဲ့က အသေအချာ စီမံကိန်းချပြီး လုပ်သွားတာမျိုးလို့ မြင်ရတယ်။ ပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင် အရှေ့အလယ်ပိုင်းမှာ ISIS တွေရဲ့ စစ်ရေးအရှိန်က လျော့ကျနေတယ်။ အဲဒီတော့ အစွန်းရောက် အကြမ်းဖက်သမားတွေက ဒီဘက်ကို ပြန်ဝင်လာတာရှိတယ်။ သူတို့အနေနဲ့ နယ်မြေသစ်ရှာတဲ့အခါ ဒါတွေကလည်း ပါနိုင်တယ်။ နောက်တစ်ခုက ဘင်္ဂါလီလူမျိုးတွေ အနေနဲ့ သူတို့ရဲ့ အခွင့်အရေးရရှိရေး နိုင်ငံတကာမှာ ရိုဟင်ဂျာဆိုပြီး ပုံဖော်ကြတယ်။ ပုံဖော်ချင်တဲ့အခါကျတော့ သူတို့ကို ဒီမှာ ဖိနှိပ်တယ်ဆိုပြီး ပြတယ်။ ဒီလိုဖိနှိပ်တာကြောင့် သူတို့အခွင့်အရေးအတွက် တိုက်ခိုက်ရပါတယ်ဆိုပြီး ပြတယ်။ တကယ်တမ်းကျ ရဲစခန်းတွေတင်တိုက်ခိုက် ခံနေရတာ မဟုတ်ဘဲ ဒေသခံတွေ မြိုတို့၊ ရခိုင်တို့၊ ဒိုင်းနက်တွေရော ဟိန္ဒူဘာသာဝင်တွေရော တိုက်ခိုက်ခံရတာရှိတယ်။ အုပ်ချုပ်မှုစနစ် ပျက်ပြားအောင် ရဲစခန်းတစ်ခုတည်း တိုက်နေတဲ့သဘော မဟုတ်ဘူး။ ဆိုတော့ ဒီမှာနယ်မြေသစ်ရှာပြီး ဝင်လာတဲ့ အစွန်းရောက်တွေပါနိုင်         သလို ARSA က လူတွေလည်းပါတယ်။ ဒီလူတွေက ဆော်ဒီအာရေးဗီးယားတို့၊ ပါကစ္စတန်တို့၊ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေက အစိုးရအာဏာ မသက်ရောက်တဲ့နေရာတွေမှာ လေ့ကျင့်ပြီးတော့မှ ဒီမှာဆင့်ပွားတယ်။ ဆင့်ပွားသင်တန်းပေးတဲ့ အခါကျတော့ ပြည်ပအထောက်အပံ့နဲ့ လုပ်တယ်။ ပထမအဆင့်က ဒီမှာ ရဲစခန်းတွေတိုက်တယ်။ သူတို့အခွင့်အရေးတွေ တောင်းတယ်။ သူတို့အခွင့်အရေးအတွက် တိုက်ရပါတယ်ဆိုပြီး အနုနည်းနဲ့ရော အကြမ်းနည်း ပါသုံးပြီးလုပ်တယ်။ ဒီလိုဖြစ်လာပြီး သူတို့က ဌာနေတိုင်းရင်းသားဆိုတဲ့ပုံစံ၊ သူတို့က ဒီနယ်မြေမှာ ပေါက်ဖွားတယ်ဆိုတဲ့ ပုံစံလုပ်လာတယ်။ နိုင်ငံသားအဆင့်ကနေ ဌာနေတိုင်းရင်း သားအဆင့်အတွက် လုပ်တဲ့ပုံစံဖြစ်လာတယ်။ နောက်ပြီးတော့ ဒီနယ်မြေမှာသူတို့ သြဇာရလာအောင် လုပ်လာတဲ့သဘောဖြစ်လာတယ်။ သူတို့မှာ နယ်မြေရပြီဆိုရင် လူအင်အားလည်းရှိနေတော့ ပြည်နယ်အဆင့်တောင်းတာမျိုး လုပ်လာလိမ့်မယ်။ နောက်ဆုံးအဆင့်မှာ ဘာလုပ်လာမလဲဆိုရင် သူတို့က ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး။ ကျွန်တော်တို့ထက်စာရင် ဘင်္ဂလားဒေ့ရှ်နဲ့ ပိုတူတယ်။ သူတို့လုပ်တာကို အဆုံးစွန်အထိတွေးရရင် နိုင်ငံအဆင့်ခွဲထွက်သွားနိုင်တဲ့အထိ ဖြစ်လာနိုင်တာကို ကြိုပြီးတော့ သုံးသပ်ထားလို့ရတယ်” လို့ သေနင်္ဂမဟာဗျုဟာ လေ့လာရေးအဖွဲ့တည်ထောင်သူ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက သုံးသပ်ပါတယ်။

သြဂုတ် ၃၀ ရက်က ARSA အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ရခိုင်တိုင်းရင်းသားလေးဦးအနက် သုံးဦး၏ရုပ်အလောင်းအား
စက်တင်ဘာ ၁ ရက် ညနေတွင် မောင်တောသုသာန်၌ သြင်္ဂိုဟ်ရန် သယ်ဆောင်လာစဉ်

လုံးဝမဖြစ်နိုင်တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေ ပြင်ဆင်ရေး

ကိုဖီအာနန်ရဲ့ ကော်မရှင် အစီရင်ခံစာမှာ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်လို့ သဘောထားအမြင်ကွဲလွဲမှု တွေရှိခဲ့ပြီး ဝေဖန်မှုတွေလည်း မြင့်တက်လာပါတယ်။ နိုင်ငံသားဖြစ်မှုမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို အစိုးရအနေနဲ့ ပြန်လည်သုံးသပ်တဲ့ လုပ်ငန်းစဉ် စတင်သင့်တယ်လို့ ကော်မရှင်က အကြံပြုထားပါတယ်။ ၁၉၈၂ ခုနှစ် ဥပဒေကို နိုင်ငံတကာစံနှုန်းတွေ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းရဲ့ပုဒ်မ (၇) နဲ့ ပုဒ်မ (၈) အပါအဝင် မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ စာချုပ်တွေနဲ့ ချိန်ညှိရမယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အကြံပြုထားပါတယ်။

“၁၉၈၂  မြန်မာနိုင်ငံသား ဥပဒေက လက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီနေတယ်။ ဒါ့ကြောင့် ပြင်စရာကို မလိုဘူးလို့ ယူဆတယ်။ ၁၉၈၂ နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ ကျွန်တော်တို့ လုပ်နေတာတွေရှိတယ်။ ဒါကို သူတို့က လက်မခံတာဆိုတော့ ကျွန်တော်တို့အနေနဲ့ Law Enforcement ဖြစ်အောင်လုပ်ရမယ်။ ၈၂ နိုင်ငံသားဥပဒေအတိုင်း ထိထိရောက်ရောက် လုပ်ရမယ်လို့ မြင်တယ်။ ဒါပေမဲ့ ပြင်ဖို့ဆိုတာတော့ လက်မခံနိုင်ဘူး” လို့ ဒေါက်တာနိုင်ဆွေဦးက ဆက်လက်ပြောပါတယ်။

ရိုဟင်ဂျာအမည်ခံပြီး နိုင်ငံတကာဆီ ထွက်ပြေးတာ၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတာနဲ့ လူမျိုးသုဉ်းသတ်ဖြတ်ခံရလို့ မြန်မာနိုင်ငံက ထွက်ပြေးလာရတာဆိုတဲ့ စကားတွေက လူဦးရေပေါက်ကွဲမှုကြောင့် နယ်မြေသစ် ရှာနေတဲ့ ဘင်္ဂါလီတွေအတွက် နိုင်ငံတကာမှာ လက်ဖြန့်လို့အကောင်းဆုံး ဆင်ခြေဖြစ်ပါတယ်။

အာနန်ကော်မရှင် စတင်ဖွဲ့ စည်းစဉ်အချိန်ကတည်းက တကယ်လို့သာ အာနန်ကော်မရှင်က ၁၉၈၂ ဥပဒေကို ပြင်ဆင်ဖို့အကြံပြုမယ်ဆိုရင် မြန်မာနိုင်ငံပြင်ပမှာ အနေချောင်အောင် ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာ အမည်ခံပြီး နေထိုင်နေတဲ့ ဘင်္ဂါလီ ၄ ဒသမ ၂ သန်းကျော်က မြန်မာနိုင်ငံဆီပြန်ပြီးတော့ စီးဝင်လာနိုင်မယ့် အန္တရာယ်ကို “အစိုးရကို မေးချင်ပါတယ်” ဆောင်းပါးနဲ့ ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်ထုတ် Daily Eleven သတင်းစာမှာ မေးခွန်းထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း ၁၉၈၂  ဥပဒေကိုပဲ အာနန်ကော်မရှင်က နိုင်ငံတကာစာချုပ်တွေနဲ့ ချိန်ညှိပါလို့ အကြံပြုလာတာ ဖြစ်ပါတယ်။

၁၉၈၂ ဥပဒေကိုပဲ အာနန်ကော်မရှင် အကြံပြုချက်အတိုင်း နိုင်ငံတကာစာချုပ်တွေနဲ့ ချိန်ညှိလိုက်မယ်။ ဘင်္ဂါလီတွေကို ရိုဟင်ဂျာ အမည်ပေးပြီး နိုင်ငံသားပြုခွင့် လက်ခံလိုက်ရမယ်ဆိုရင် လာမယ့်အနှစ် ၃၀ လောက်အတွင်းမှာ မောင်တောဒေသဟာ အစ္စလာမ္မစ် အစွန်းရောက်တွေ ခြေကုပ်ရယူနိုင်တဲ့ နေရာဖြစ်လာပါမယ်။ နောက်ပြီးရင် ပြည်နယ်အဖြစ် ခွဲထွက်ခွင့်သာမက အစ္စလာမ္မစ် အစွန်းရောက် နိုင်ငံတော်တစ်ခုပါ ထူထောင်သွားမယ့် အခြေအနေကို ရင်ဆိုင်ရနိုင်ပါတယ်။ ၁၉၈၂ ဥပဒေကိုပြင်ဆင်တဲ့ နေ့ဟာ သမိုင်းတရားခံဖြစ်မယ့်နေ့ကို ကိုယ်တိုင်သွားရောက်တာဖြစ်ပြီး မြန်မာ့ပိုင်နက်ကို ချဲ့ထွင်နေခြင်းဖြစ်ပြီး Greater Bangladesh (United Bengal) လို့ အမည်သတ်မှတ်ထားတဲ့ နယ်မြေစိုးမိုးမှုကိုပါ အညံ့ခံလိုက်ရသလို ဖြစ်စေမှာပါ။

ရိုဟင်ဂျာအမည်ခံပြီး ပြည်ပကိုရောက်နေတဲ့ ဘင်္ဂါလီ ၄ ဒသမ  ၂ သန်း၊ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဘင်္ဂါလီ တစ်သန်းကျော်နဲ့ ၁၉၈၈ အရေးအခင်းကြောင့် တစ်နိုင်ငံလုံးဆီကို ထိန်းမရသိမ်းမရ ပျံ့နှံ့သွားတဲ့ ခိုးဝင်ဘင်္ဂါလီပမာဏ၊ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးကနေ မြန်မာနိုင်ငံအတွင်းကို ခိုးဝင်နေတဲ့ပမာဏ ဒါတွေအားလုံးကို တွက်ဆမယ်ဆိုရင် ၁၉၈၂ ဥပဒေပြင်ပေးရပြီး မြန်မာနိုင်ငံက လက်ခံပေးရမယ့် ဘင်္ဂါလီပမာဏဟာ ရန်ကုန်တိုင်း တစ်ခုစာလောက် ဖြစ်လာပါမယ်။ ဒါ့အပြင် လူဦးရေ သန်း ၁၆၀ ကျော်နဲ့ ရှမ်းပြည်နယ်လောက်ပဲရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေစရာမရှိတဲ့ လူတွေပါ သန်းနဲ့ချီပြီး အလုအယက် ခိုးဝင်ခံရနိုင်တဲ့ဖြစ်စဉ် ကြုံလာရနိုင်ပါတယ်။ ဒီအချက်တွေကြောင့်  ၁၉၈၂ ဥပဒေပြင်ဆင်ရေးဟာ လုံးဝကို လက်မခံနိုင်စရာ ဖြစ်သလို ၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် မြန်မာနိုင်ငံက စိစစ်ခွင့်ပြုပေးနေတာကို မြန်မာနိုင်ငံကို ဖိအားပေးဖို့ ပြင်ဆင်နေတဲ့ ဗြိတိန်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အနေနဲ့ နားလည်လက်ခံပေးဖို့ လိုပါမယ်။

“လက်တွေ့လည်း ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေကို ဒီ ၈၂ ဥပဒေ နဲ့ပဲ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ သူတွေကို  ဖြစ်ဖို့ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးက သွားရောက်ဆောင်ရွက်တယ်။ ကြားဖူးမှာပါ။ သတင်းစာထဲမှာတောင် သတင်းအဖြစ်ပါပါတယ်။ လက်ခံတဲ့သူတွေရှိသလို လက်မခံတဲ့သူတွေရှိတယ်။ လက်မခံရင် သူတို့ကဘာလဲ။ မြန်မာနိုင်ငံက မဟုတ်ဘူး။ မြန်မာနိုင်ငံသားလည်း မဟုတ်ဘူး။ နိုင်ငံသားဖြစ်မှုကိုလည်း လက်မခံဘူးဆိုရင် ဒီဥစ္စာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စော်ကားတဲ့သဘော ဖြစ်ပါတယ်” လို့ ဦးဉာဏ်ဝင်းက ဆက်လက်ပြောပါတယ်။

၁၉၈၂ နိုင်ငံသားဖြစ်ရေး ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် မြန်မာနိုင်ငံက စိစစ်ခွင့်ပြုပေးနေတာကို နားလည်လက်ခံမပေးနိုင်ဘူးဆိုရင် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာက ချုပ်ဆိုထားတဲ့ စာချုပ်တွေကပါ နုတ်ထွက်ဖို့ စဉ်းစားရမှာဖြစ်ပြီး ဒီလိုလုပ်ဆောင်ခြင်းဟာ မြန်မာ့မြေမှာ အစ္စလာမ္မစ် အစွန်းရောက် နယ်မြေတစ်ခု ပေါ်ပေါက်မလာဖို့၊ ကမ္ဘာပေါ်မှာ အစွန်းရောက်အကြမ်းဖက် IS စစ်သွေးကြွ အစ္စလာမ္မစ် နိုင်ငံတော်တစ်ခု ထပ်မံပေါ်ထွက်မလာဖို့ ကာကွယ်ခြင်းသာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသား ၁၃၅ မျိုးနဲ့ စုစည်းတည်ထောင်ထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ပြောကြားလိုပါတယ်။ နိုင်ငံတော် အကြီးအကဲ အဆက်ဆက်၊ တပ်မတော်အကြီးအကဲ အဆက်ဆက်ကလည်း ကျွန်တော်တို့ နိုင်ငံမှာ ရိုဟင်ဂျာလူမျိုး၊ ဘင်္ဂါလီလူ မျိုးမရှိဘူးဆိုတဲ့ ကျွန်တော်တို့ တိုင်းရင်းသားထဲမှာမပါဘူးဆိုတာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ထပ်မံပြီးတော့ ကျွန်တော့်အနေနဲ့ မရှိဘူးဆိုတာ ထပ်ပြောလိုပါတယ်။ အခုဖြစ်တဲ့ ဖြစ်စဉ်ဟာ ဘင်္ဂါလီလူမျိုးများဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေကို  သူတို့ရဲ့ ရိုဟင်ဂျာနယ်မြေအဖြစ် သိမ်းလိုက်ဖို့ ရည်ရွယ်ပြီးတော့မှ ဆောင်ရွက်တယ်ဆိုတာ အကြမ်းဖျင်း ဖော်ထုတ်လို့ရပါတယ်” လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားပါတယ်။

 

ဆက်လက်ဖတ်ရှုပါရန်

Most Read

Most Recent