<

ယူကရိန်း လေကြောင်းလိုင်းမှ ကုန်တင်လေယာဉ် တစ်စင်း စက်ချို့ယွင်းမှုကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရ

ယူကရိန်းလေကြောင်းလိုင်းမှ ကုန်တင်လေယာဉ် အမျိုးအစား AN 12 လေယာဉ်အား ရန်ကုန်လေဆိပ်၌ အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ်

ယူကရိန်း လေကြောင်းလိုင်းမှ ကုန်တင်လေယာဉ် တစ်စင်း စက်ချို့ယွင်းမှုကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီလေဆိပ်မှ ထိုင်းနိုင်ငံ အူတာပေါင် လေဆိပ်သို့ ပျံသန်းလာသည့် ယူကရိန်းနိုင်ငံမှ ကုန်တင်လေယာဉ်တစ်စင်းသည် စက်ချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခွင့် တောင်းခံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အရေးပေါ် ဆင်းသက်ခွင့် တောင်းခံခဲ့သည့် ယူကရိန်းလေကြောင်းလိုင်းမှ အင်ဂျင် လေးလုံးတပ် AN12 လေယာဉ်မှာ နံပါတ်လေးအင်ဂျင် စက်ချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခွင့် တောင်းခံရာ လေဆိပ်က ခွင့်ပြုပေးခဲ့ပြီးနောက် ယင်းလေယာဉ်အား ပြန်လည် ပြင်ဆင်နိုင်ရန် ယူကရိန်းလေကြောင်းလိုင်းမှ အင်ဂျင်နီယာများကို ရန်ကုန်မြို့သို့ ခေါ်ယူထားကြောင်း သိရသည်။

“အောက်တိုဘာ ၁၀ ရက် ညနေ ၃ နာရီ ၃၀ မိနစ်မှာ ယူကရိန်းလေကြောင်းလိုင်းက Cargo Flight ပျံသန်းလာတဲ့ အင်ဂျင်လေးလုံးတပ် ကုန်တင်လေယာဉ်က နံပါတ်လေးအင်ဂျင် စက်ချို့ယွင်းလို့ ရန်ကုန်လေဆိပ်ကို အရေးပေါ် ဆင်းသက်ခွင့် တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ခုတော့ သူတို့ လေကြောင်းလိုင်းက အင်ဂျင်နီယာတွေ လိုက်ပါလာပြီး ပြင်ဆင်ဖို့ လုပ်နေပါတယ်။ ခုထိ ရန်ကုန်လေဆိပ်မှာပဲ ရပ်နားထားပါတယ်” ဟု လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နိုင်ငံမှ ကုန်တင်လေယာဉ်တစ်စင်း Fire Alarm မြည်လာသဖြင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်။

UPS United Parcel Service Co.,Ltd ပိုင် လေယာဉ်အမှတ် N2 9 3 UP လေယာဉ်သည် တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ်မှ UAE နိုင်ငံ ဒူဘိုင်းလေဆိပ်သို့ ပျံသန်းစဉ် လေယာဉ်ပေါ်၌ တင်ဆောင်လာသော ကွန်တိန်နာပုံးမှ Fire Alarm မြည်လာသဖြင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ဧပြီ ၂၄ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ပျံသန်းလာသည့် အိုမန်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် ဧပြီ ၂၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်။

ဧပြီ ၂၄ ရက် ညနေ ၄ နာရီ ၃၉ မိနစ်က အိုမန်နိုင်ငံ မူစ်ကတ်မြို့မှ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ပျံသန်းလာသည့် အိုမန်လေကြောင်းလိုင်းပိုင် အဲဘတ်စ်အမျိုးအစား လေယာဉ်ပျံသန်းလာစဉ် လိုက်ပါလာသည့် ဖိလစ်ပိုင်အမျိုးသမီးတစ်ဦး၏ ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

October 12, 2018














Copy Protected by Chetan's WP-Copyprotect.