<

Weekly Eleven ဂျာနယ်မှ ဂျာနယ်လစ်သုံးဦးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) သို့ ဦးစွာတိုင်ကြားရန် လိုအပ်ကြောင်း ထုတ်ပြန်

အောက်တိုဘာ ၁၀ ရက်က တာမွေတရားရုံးသို့ အမှုရင်ဆိုင်ရန် ရောက်ရှိလာသည့် Weekly Eleven အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ်တို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

Weekly Eleven ဂျာနယ်မှ ဂျာနယ်လစ်သုံးဦးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) သို့ ဦးစွာတိုင်ကြားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) က အောက် တိုဘာ ၁၁ ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် တရားရုံးသို့ ရောက်ရှိနေပြီဖြစ်သောကိစ္စရပ်များကို ၀င်ရောက်ကိုင်တွယ် ဖြေရှင်းခွင့်မရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ယင်းဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်သင့်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံသို့သာ တိုင်ကြားစေလိုကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေဖြင့်လည်း သတင်းမီဒီယာဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ပေးလိုကြောင်း ဖော်ပြပါရှိသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားသည့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၄ (က)၊ (ခ)၊ (ဂ) သတင်းမီဒီယာသမားများသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ဝေဖန်၊ ထောက်ပြ၊ အကြံပြု ရေးသားခွင့်ရှိကြောင်း၊ နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်း၊ ဖော်ထုတ်ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့်တို့ရှိကြောင်း၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေး ဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ အရ နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာကောင်စီသို့ တိုင်ကြားနိုင်သည်ဟု ပြဋ္ဌာန်းချက်ပါရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယင်းဖြစ်စဉ်အား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ဦးစွာတိုင်ကြားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းအတည်ပြုခဲ့သော သတင်းမီဒီယာဥပဒေပုဒ် မ ၁၂ အရ “ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် သတင်းသမားများအား သတင်းမီဒီယာဥပဒေနှင့် မဟုတ်ဘဲ အခြားသော ဥပဒေများဖြင့် တရားစွဲဆိုနေမှုများအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားစွဲဆိုခဲ့မှုအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တွင် ပါရှိသည်။

Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့အား အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven New ဂျာနယ်စာမျက်နှာ (၂၆) တွင် ဖော်ပြထားသော ဆောင်းပါးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အောက်တိုဘာ ၁၀ ရက်တွင် တာမွေမြို့နယ် တရားရုံးသို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ပြီး ၎င်းတို့သုံးဦးကို အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။

October 11, 2018














Copy Protected by Chetan's WP-Copyprotect.