<

တောင်ငူမြို့နယ် ကံရိုးကျေးရွာအနီးတွင် သေနတ်၊ လက်ပစ်ဗုံး၊ မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသော တရားခံအား တောင်ငူခရိုင် တရားရုံးက ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ချမှတ်

သေနတ်၊ လက်ပစ်ဗုံး၊ မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသော တရားခံအား တောင်ငူခရိုင်တရားရုံးတွင် အောက်တိုဘာ ၉ ရက်က ရုံးထုတ်လာစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကံရိုးကျေးရွာအနီးတွင် ပြီးခဲ့သောသြဂုတ် ၁၁ ရက် ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀ ကျော်၊ ပစ္စတိုသေနတ် တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်ဆန် (ကောင်း) များနှင့် ငွေစက္ကူရောရာ ကျပ်သိန်း ၂၀ ကျော်တို့အား ဖမ်းဆီးရမိခဲ့သော တရားခံ ဖားသု (ခ) ဖားထူး (ခ) ဒီငြိမ်းအား အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီခန့်က တောင်ငူခရိုင် ဒုခရိုင် တရားသူကြီး(၁)က ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်များဖြင့် အမိန့်ချမှတ်လိုက်ကြောင်း တောင်ငူခရိုင်တရားရုံးမှ သိရသည်။

တရားခံ ဖားသု (ခ) ဖားထူး (ခ) ဒီငြိမ်း (ဘ) ဦးမြင့်စိုး၊ သယာကုန်းလမ်း၊ ၂၃ ရပ် ကွက်၊ တောင်ငူမြို့နေသူမှာ လွန်ခဲ့သော ၂၀၁၆ ခုနှစ်အတွင်းကလည်း တောင်ငူမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ မယ(ပ)၃/၂၀၁၆၊ မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် ခံထားရသူဖြစ်ကာ ထွက်ပြေးတိမ်းရှောင် နေသူဖြစ်ပြီး ၎င်းအား ၂၀၁၈ ခုနှစ် သြဂုတ် ၁၁ ရက်တွင် တောင်ငူမြို့နယ် ကံရိုးကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၁ရက်က ဖမ်းဆီးရမိရာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀ ကျော်၊ ပစ္စတိုသေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ သေနတ်ကျည်ဆန် (ကောင်း) များနှင့် ငွေစက္ကူရောရာ ကျပ်သိန်း ၂၀ ကျော်တို့နှင့် မော်တော်ယာဉ်အား ထပ်မံဖမ်းဆီးရမိ၍ သက်ဆိုင်သော မူးယစ်ဆေးဝါးပုဒ်မများ၊ လက်နက်ပုဒ်မများဖြင့် ထပ်မံအမှုဖွင့် အရေးယူခဲ့ပြီး ၂၀၁၆ ခုနှစ်က ပြစ်မှုပုဒ်မနှင့် ၂၀၁၈ ခုနှစ်က ပြစ်မှုပုဒ်များ အားလုံးအတွက် တောင်ငူခရိုင် ဒုခရိုင်တရားသူကြီး(၁)က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြစ်ဒဏ်များအရ တရားခံ ဖားသု (ခ)ဖားထူး (ခ) ဒီငြိမ်းအား ၂၀၁၆ ခုနှစ်က အမှုဖွင့် အရေးယူထားသော တရားခံပြေး ပြစ်မှုအတွက်၊ ၁၀၄/၂၀၁၈/၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပြစ်မှုပုဒ်မ ၁၉(က)၂၂(ခ)အတွက် ထောင်ဒဏ် နှစ်အကန့်အသတ်မရှိဖြင့် လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အမှုဖွင့် အရေးယူထားသော ပြစ်မှုများအနက် ၁၀၄/၂၀၁၈ ခုနှစ်/မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပြစ်မှု ပုဒ်မ ၁၉(က)၂၂(ခ)အတွက် ထောင်ဒဏ်နှစ် အကန့်အသတ်မရှိဖြင့် လည်းကောင်း၊ ၁၀၅/ ၂၀၁၈၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈)အရ ထောင်ဒဏ် နှစ်လဖြင့်လည်းကောင်း၊ ၁၀၆/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) အရ ထောင်ဒဏ် ခြောက်လတို့ဖြင့်လည်းကောင်း အသီးသီး ပြစ်ဒဏ်အမိန့်များ ချမှတ်လိုက်ကြောင်း တောင်ငူခရိုင် ဒုခရိုင်တရားသူကြီး (၁) က ပြောကြားသည်။

တရားခံပြေး ဖားသု (ခ)ဖားထူး (ခ) ဒီငြိမ်းသည် တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် နေထိုင်ပြီး ပစ္စတိုသေနတ်၊ လက်ပစ်ဗုံးတို့ ကိုင်ဆောင်ကာ Mark – X အမျိုးအစား ခဲရောင်ကား တစ်စီးဖြင့် တောင်ငူမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးရောင်းချနေသူဖြစ်သည်။ ၎င်းအား ၂၀၁၈ ခုနှစ် သြဂုတ်  ၁၁ ရက် ညနေပိုင်းတွင် တောင်ငူမြို့ ကံရိုးကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးတွင် တောင်ငူခရိုင် ရဲတပ်ဖွဲ့ဝင်များက လုံးထွေးသတ်ပုတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၈၁ ပြား၊ ၃၈ ပစ္စတို (စတီးရောင် BABILON DOYCIA VITORIA အင်္ဂလိပ်စာတန်းပါ) တစ်လက်၊ ၉ မမ ပစ္စတိုကျည် ငါးတောင့်၊ 38 SUPER AUTO စာတမ်းပါ ကျည်ဆန်ခုနစ်တောင့် (ကောင်း)၊ ပွိုင့် ၂၂ ကျည်ခြောက်တောင့် (ကောင်း)၊ နာနတ်သီးဗုံး ရွှေရောင်စနက်တံ တပ်ဆင်လျက် လက်ပစ်ဗုံးတစ်လုံး၊ ငွေရောင်ခြောက်လုံးပြူး သေနတ်ပုံစံ ဂက်စ်မီးခြစ် တစ်ခုနှင့် MARK – X အမျိုးအစား ခဲရောင်မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာက်တိုဘာ ၆ ရက် ညပိုင်းက တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ဝင်များ မြို့ပေါ်တွင် လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်စဉ် တောင်ငူ အမှတ် ၁ ရဲစခန်းမှ စစ်တောင်း သံတံတားအနီးတွင် ချာလူးဆိုသူထံမှ ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်ဆန်များအား လည်းကောင်း၊ တောင်ငူအမှတ် ၂ နယ်မြေရဲစခန်းမှ တောင်ငူမြို့ အ.ထ.က (၂) ကျောင်းရှေ့ ဗိုလ်မှူးဖိုးကွန်းလမ်းပေါ်တွင် စောဇော်မှိုင်းဆိုသူထံမှ ပစ္စတိုသေနတ်တစ်လက်နှင့် သေနတ်ကျည်ဆန်များ ဖမ်းဆီးရမိခဲ့သည်။

 

October 9, 2018














Copy Protected by Chetan's WP-Copyprotect.