<

လူမှုကွန်ရက်အကောင့်များ ခိုးယူခြိမ်းခြောက် ငွေညှစ်မှုတွေကို ဘယ်လိုတုံ့ပြန်ကြမလဲ

အကောင့်များ ခိုးယူ၍ မက်ဆေ့ခ်ျပေးပို့ကာ ခြိမ်းခြောက်ငွေညှစ်မှု ဖြစ်စဉ်အချို့ကို တွေ့ရစဉ်

အင်တာနက်အသုံးပြုမှုက မြန်မာနိုင်ငံမှာ သိပ်သည်းလာတာနဲ့အညီ နည်းပညာကိုအလွဲသုံးပြီး ဖြတ်လမ်းက ငွေရှာတဲ့သူတွေလည်း ရှိလာပါတယ်။ သူတို့ဟာ  နည်းပညာပိုင်းမှာ သာမန်လူတွေထက် ပိုသိတဲ့အတွက် လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Facebook မှာ လူသိများတဲ့ အကောင့်တွေ၊ ဖော်လိုဝါများတဲ့ အကောင့်တွေနဲ့ ငွေကြေးတတ်နိုင်တယ်လို့ ထင်ရတဲ့အကောင့်တွေကို ပစ်မှတ်ထားပြီး Recovery ဆွဲပြီး လျှို့ဝှက်ကုတ်တွေကို ပြောင်းလဲပစ်ပြီး ထိန်းချုပ်လိုက်ကာ ထိန်းချုပ်ခံရတဲ့ အကောင့်ပိုင်ရှင်တွေဆီကနေ ငွေကျပ်အနည်းဆုံး သောင်းဂဏန်းကနေ သိန်းဆယ်နဲ့ချီ တောင်းခံပြီး ငွေညှစ်နေကြတာ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ ငွေညှစ်ခံရမှုတွေက ပိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ ချိုးဖောက်ဝင်ရောက်ကြည့်ရှုတာက တည်ဆဲဥပဒေအရ ရာဇ၀တ်မှုမြောက်တယ်ဆိုတာ သိသိကြီးနဲ့ ဥပဒေကို ဆန့်ကျင်ပြီး ပြောင်ပြောင်တင်းတင်း ငွေတောင်းခံနေကြတာ တွေ တွေ့နေရပါတယ်။

ပြီးခဲ့တဲ့အပတ်က တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ လူငယ်ဒီဇိုင်နာတစ်ဦးဖြစ်သလို MTV ဒါရိုက်တာတစ်ဦးဖြစ်တဲ့ အသိမိတ်ဆွေ တစ်ဦးရဲ့အကောင့်ကို  မသမာတဲ့သူတွေက Recovery ဆွဲပြီး လျှို့ဝှက်ကုတ်တွေ၊ လုံခြုံရေး အချက်အလက်တွေကို ပြောင်းလဲထိန်းချုပ်ခဲ့ပြီး အကောင့်နဲ့ဆက်စပ်နေတဲ့ Page တွကိုပါ ထိန်းချုပ်လိုက်ပါတယ်။အကောင့်ကိုခိုးယူခံရတဲ့ မိတ်ဆွေက ဆက်သွယ်တဲ့အခါမှာတော့ ငွေကျပ် နှစ်သိန်းပေးဖို့အတွက် ခိုးယူထားတဲ့ လူငယ်တွေက တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ နည်းပညာပိုင်းကျွမ်းကျင်တဲ့သူတစ်ဦးရဲ့ အကူအညီကြောင့်အကောင့်ကို  ခိုးယူထားတဲ့သူတွေရဲ့အချက်အလက်တွေကို ရရှိထားတဲ့အတွက် ရဲတိုင်မယ်လို့ ပြောလိုက်တဲ့အခါမှာ ခိုးယူထားတဲ့အကောင့် အကုန် ပြန်ပေးခဲ့ပါတယ်။

အလားတူပဲ အင်္ဂလန်နိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မိတ်ဆွေတစ်ဦးရဲ့ အကောင့်ကိုလည်း အဆိုပါလူငယ်အဖွဲ့ကပဲ ခိုးယူပြီးတော့ ထိန်းချုပ်ထားခဲ့ပါတယ်။ ဒီလို ထိန်းချုပ်ထားတဲ့ အဲဒီအဖွဲ့ထဲကလူ ငယ်တစ်ဦးက တစ်ဖက်လှည့်နဲ့ အကောင့်ကို ပြန်ယူပေးမယ်ဆိုပြီး ဆက်သွယ်လာပြီး အကောင့်ကိုပြန်လည်ဝင်ရောက်လို့ရအောင် အီးမေးလ်နဲ့ လျှို့ဝှက်ကုတ်ကိုပြန်ပေးခဲ့ပါတယ်။ အကောင့်ကိုခိုးယူခံရတဲ့ မိတ်ဆွေကလည်း ကျေးဇူးတင်တဲ့ အတွက် ဥာဏ်ပူဇော်ခအဖြစ် ငွေကျပ် ၅၀၀၀၀ ကို Wave Money ကနေ လွှဲပေးခဲ့ပါတယ်။  ဒါပေမဲ့ ငွေလွှဲပေးခဲ့ပြီးတဲ့ညမှာပဲ အကောင့်ကို ပြန်လည်ထိန်းချုပ်သွားခဲ့ပါတယ်။ ဒါဟာ အကြိမ်ကြိမ် ငွေတောင်းလို့ရအောင် စနစ်တကျကြံစည်တာ ဖြစ်ပါတယ်။

“ကျွန်တော့်အကောင့်ကို ခိုးခံရတော့ ပြန်လိုချင်တာပေါ့။ အဲဒါနဲ့ ဟက်ကာဆိုတဲ့ လူငယ်တစ်ဦးက သူပြန်ယူပေးမယ်။ ဒါပေမဲ့ ဥာဏ်ပူဇော်ခတော့ ပေးရမယ်ပေါ့။ ဒါနဲ့ သဘောတူလိုက်တယ်။ သူက ကျွန်တော့်ကို အီးမေးလ်၊ လျှို့ဝှက်ကုတ် ပေးတယ်။ ဒါပေမဲ့ သူ့ဖုန်းနံပါတ်နဲ့ လုံခြုံရေးခံထားတဲ့အတွက် ကျွန်တော် ၀င်ရင်သူ့ဆီက ကုတ်တောင်းရတယ်။ လောလောဆယ် အီးမေးလ် အစကျန်တာ ဘာမှမပြောင်းနဲ့ဦးဆိုတဲ့အတွက် ကျွန်တော် သူပြောတဲ့ အတိုင်း ယုံပြီး ငွေ ၅၀၀၀၀ ကို မြန်မာပြည်က မိတ်ဆွေတစ်ဦးကို လွှဲခိုင်းလိုက်တယ်။ ဒါပေမဲ့ နောက်နေ့ ရောက်တော့ ဖွင့်ကြည့်လို့မရတော့ဘူး။ ဒါမလိမ့်တပတ်နဲ့ ကျွန်တော့် ငွေကို လိမ်သွားတာ” လို့ အကောင့် ခိုးယူခံခဲ့ရတဲ့ ကိုရန်မိုးက ဆိုပါတယ်။

အလားတူပဲ Facebook Page ကို ခိုးယူခံခဲ့ရတဲ့သူတစ်ဦးဖြစ်တဲ့ ကိုစိုးကလည်း “Facebook က လူတော်တော်သိတဲ့အတွက် ခိုးယူသွားတဲ့ သူတွေကို ဆက်သွယ်တော့ ငွေကျပ်နှစ်သိန်း လွှဲခိုင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မပေးနိုင်ဘူး။ မကျေနပ်ရင် ဖျက်ချင်ဖျက်လို့ ပြန်ပြောတော့ ၅၀၀၀၀ ပဲ ပေးဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ငွေ မပေးပါဘူး။ ဒီအဖွဲ့မှာပါတဲ့ လူငယ်တွေ ဘယ်သူတွေ၊ သူတို့ရဲ့ နေရပ်လိပ်စာတွေက အစ နည်းပညာပိုင်းကျွမ်းကျင်တဲ့ အစ်ကိုတစ်ဦးက စုံစမ်းသိထားတဲ့အတွက် ရဲတိုင်ဖို့ စီစဉ်နေတုန်း သူတို့ ပြန်ဆက်သွယ်လာပါတယ်။ သူတို့အနေနဲ့ စနောက်တဲ့အနေနဲ့ ခိုးယူမိပါတယ်ဆိုပြီး ဖုန်းဆက် ပြန်တောင်းပန်သွားတယ်။ ကျွန်တော်တို့ကို မလုပ်တော့ပေမဲ့ နောက်တစ်ဦးဦးကို ထပ်လုပ်နေဦးမယ်လို့တော့ ကျွန်တော်ထင်တယ်” လို့ ဆိုပါတယ်။

ဒီလိုမျိုး နည်းပညာကို အလွဲသုံးပြီး အကောင့်တွေခိုးယူ၊ ခြိမ်းခြောက် ငွေတောင်းတဲ့သူတွေဟာ အထူးသဖြင့် မိန်းကလေးတွေကို ပစ်မှတ်ထားကြတာ တွေ့ရပါတယ်။  အများအားဖြင့် မိန်းကလေးတွေဟာ ခြိမ်းခြောက်ငွေတောင်းလို့လွယ်တဲ့ အတွက်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အကောင့်ကို ခိုးယူခံရပြီး ငွေကျပ် နှစ်သိန်းတောင်းခံတာ ခံနေရသူ တစ်ဦးဖြစ်တဲ့ မသီတာက အခုလို ပြောပြပါတယ်။

“ကျွန်မအကောင့်က မနက်က ၀င်လို့ရတယ်။ ညနေရောက်တော့  ၀င်လို့မရတော့ဘူး။ အီးမေးလ်ရော လျှို့ဝှက်ကုတ်ရော မှားနေတယ်လို့ ပြောတယ်။ အဲဒါနဲ့ တခြားအကောင့်ကနေသွားပြီး ဆက်သွယ်တော့ အကောင့်ယူထားတဲ့သူက အစ်မအကောင့်ကို လုံခြုံရေးမြှင့်ပေးတာပါ။ တခြား ဘာမှမလုပ်ပါဘူး။ အကောင့်ကိုပြန်လိုချင်ရင် ငွေကျပ် နှစ်သိန်းပေးရမယ်လို့ပြောတော့ ကျွန်မက မရှိလို့ပါမောင်လေးရယ် ခဏတော့စောင့်ပါလို့ ပြောထားတယ်။ ကျွန်မအကောင့်က ဖော်လိုဝါ  နှစ်သိန်းကျော်တယ်။ ဒါပေမဲ့ သူတို့ကို ပိုက်ဆံမပေးချင်ဘူး။ အဲဒါနဲ့ ရဲစခန်းသွားတိုင်တော့ ရဲကလည်း သူတို့အနေနဲ့ နည်းပညာပိုင်း မကျွမ်းကျင်တဲ့အတွက် ဒါကို ချက်ချင်းအ ရေးယူဖို့ မလွယ်ဘူး။ တကယ်လို့ အစ်မဖွင့်ချင်ရင်တော့ ရတယ်။ ဖမ်းဖို့ဆိုတာကတော့ ခက်တယ်ဆိုပြီး ပြောတယ်။ ကျွန်မတို့ ပြည်သူတွေက အားကိုးတကြီး လာတိုင်တာ ဒါပေမဲ့ အကောင့်ကိုခိုးပြီး ငွေတောင်းတဲ့သူ တွေကိုဖမ်းဖို့ မလွယ်ဘူးဆိုတာကတော့ အရမ်းပေါ့လွန်းတယ်လို့ ထင်ပါတယ်” လို့ သူမရဲ့ အခက်အခဲကို ပြောပြပါတယ်။

အွန်လိုင်းကနေ အကောင့်တွေကိုခိုးယူပြီး ငွေခြိမ်းခြောက် တောင်းခံနေတာဟာတည်ဆဲဥပဒေ ဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ ငြိစွန်းနေပါတယ်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)မှာ ‘ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊  မလျော်သြဇာသုံးခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်း’ တို့ကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက  သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

လက်ရှိမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အများဆုံး အသုံးပြုပြီး အမှုဖွင့်တာကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အသရေဖျက် ရေးသားမှုတွေကြောင့်ပဲ ဖြစ်ပြီးတော့ ဒီလိုမျိုး အကောင့်တွေ ကိုခိုးယူပြီး ခြိမ်းခြောက် ငွေတောင်းတဲ့အတွက် အမှုဖွင့်တာက မရှိသလောက်ရှားပါတယ်။ အကောင့်ကို ခိုးယူခံရတဲ့သူတွေက ငွေပေးလိုက်ကြတာများတဲ့အတွက်လည်း ဒီလို အကောင့်ခိုးယူတဲ့သူတွေက ဂရုမစိုက်ဘဲ ပေါ်ပေါ်တင်တင် ပုံစံ Wave Money ကနေတစ်ဆင့် ငွေလွှဲခိုင်းနေကြတာပါ။

“သူတို့ပဲခိုး သူတို့ပဲ ပြန်ဆယ်လုပ်နေကြတာပါ။ ခြိမ်းခြောက်ငွေတောင်းလို့မရရင် တစ်ဖက်လှည့်နဲ့ ပြန်ဆယ်ပေးမယ် ဥာဏ်ပူဇော်ခပေး ဆိုပြီး သူတို့အဖွဲ့ထဲက လူတစ်ယောက်က လာပြောလိမ့်မယ်။ ဒါမျိုးကို ဒီကောင်တွေအဖွဲ့က စီးပွားဖြစ် လုပ်စားနေတာပါ။ အဓိကပစ်မှတ်ကတော့ ငွေကြေးချမ်းသာတဲ့သူတွေ၊ လူသိထင်ရှားတဲ့သူတွေ၊ အနုပညာရှင်အကောင့်တွေ စတာတွေ များပါတယ်။ တကယ်လို့ အကောင့်ကိုခိုးယူခံရပြီး ငွေတောင်းရင် မပေးပါနဲ့။ ရဲသာသွားတိုင်ပြီး အမှုဖွင့်လိုက်တာ အကောင်းဆုံးပါ။ ပေးတဲ့သူတွေရှိနေတဲ့အတွက် အတင့်ရဲလာတာပါ။   ဆိုက်ဘာရဲတပ်ဖွဲ့အနေနဲ့လည်း ဒီလိုမျိုးလူတွေကို ဖမ်းဖို့ လိုအပ်ပါတယ်” လို့ အမည်မဖော်လိုသူ နည်းပညာ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

မိမိလူမှုကွန်ရက်ကို အခိုးမခံရအောင် လုံခြုံရေးမြှင့်လို့ရပါတယ်။မိမိအကောင့်နဲ့ သက်ဆိုင်တဲ့ Mail & Mail Password  သေချာမှတ်ထားပါ။ Birthday ကို အများသိအောင်မထားဘဲ Only Me ထားပါ။  (Two-Factor Authentication On) ထားပါ။ အရေးကြီးဆုံးကတော့ (3 to 5 Fri Tpfrusted Contacts ) ငါးဦးအပြည့် ထည့်ထားပါ။ ငါးဦး အပြည့်ထည့်ထားတဲ့အခါ အကောင့်ကိုခိုးယူမယ့်သူတွေအနေနဲ့  Recovery လုပ်ဖို့ မလွယ်ပါဘူး။

သက်ဆိုင်ရာရဲတပ်ဖွဲ့အနေနဲ့လည်း အကောင့်တွေခိုးပြီး ငွေ တောင်းခံတာကို အုပ်စုလိုက် လုပ်ဆောင်နေတဲ့အဖွဲ့ကို အမြန်ဆုံး  ဖမ်းဆီးအရေးယူဖို့အတွက် လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်လို့ လူမှု ကွန်ရက်သုံးစွဲသူတစ်ဦးဖြစ်တဲ့ ကိုစိုင်းက ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ခိုးယူခံရတယ်။ ကိုယ့်ဘာသာကိုယ် နေနေတာကို လာပြီး ခြိမ်းခြောက်ငွေတောင်းတာကတော့ လက်မခံနိုင်ပါဘူး။ သူတို့ကိုအမြန်ဆုံး ထောင်ထဲ ထည့်ဖို့လိုအပ်ပါတယ်။ ဆိုက်ဘာ ရဲတပ်ဖွဲ့အနေနဲ့ဒါမျိုးအကောင့်တွေ လိုက်ခိုးပြီး ငွေတောင်းတဲ့သူတွေကို ဖမ်းဆီးသင့်နေပါပြီ။ သူတို့ကို လိုက်ဖို့ မလွယ်ဘူးဆိုပေမဲ့ ဖုန်းနံပါတ်တွေ ရှိပါတယ်။ သူတို့က ငွေလွှဲရထုတ်ရ လွယ်ပြီး မှတ်ပုံတင်မလိုတဲ့ ငွေလွှဲစနစ်ကို အသုံးပြုပြီး ငွေလွှဲခိုင်းတာ များပါတယ်။ ဥပမာ- Wave Money လိုငွေလွှဲစနစ်ပေါ့။ မန္တလေးမှာ ဒါမျိုးလုပ်တဲ့ တစ်ဖွဲ့ကိုလည်း ငွေထုတ်တဲ့ဆိုင်ကနေ ခြေရာခံပြီး ဖမ်းမိခဲ့ပါတယ်။ တကယ်ဖမ်းရင် တကယ်မိပါတယ်” လို့ မှတ်ချက်ပြုပါတယ်။

 

October 7, 2018














Copy Protected by Chetan's WP-Copyprotect.