သဘောထား ကွဲလွဲနေသော ကုလသမဂ္ဂ၌ သြဇာကြီးရန် တိတ်တဆိတ် ကြိုးပမ်းလာသော တရုတ်

သဘောထား ကွဲလွဲနေသော ကုလသမဂ္ဂ၌ သြဇာကြီးရန် တိတ်တဆိတ် ကြိုးပမ်းလာသော တရုတ်
Published 8 October 2018

အိမ်ဖြူတော်က အမေရိကန်နိုင်ငံရေးမှာ ဝင်ရောက်နှောင့်ယှက်တယ်လို့ စွပ်စွဲခံရတဲ့ တရုတ်ဟာ ကုလသမဂ္ဂမှာ သြဇာကြီးမားလာဖို့ ခြေပုန်းခုတ်လို့ နေပါတယ်။ တရုတ်ဟာ ကြောင်ကလေးလို တစ်လှမ်းချင်း တစ်လှမ်းချင်း ခြေဖွဖွလှမ်းလာရင်း  ကုလသမဂ္ဂမှာ သြဇာအကြီးမားဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ ကြိတ်ကြံနေပုံရပါတယ်။

တရုတ်က ဗီတိုအာဏာပိုင်ဆိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲ ပါဝင်တဲ့ လုံခြုံရေးကောင်စီမှာ သူ့ရဲ့ထုတ်ပြန်ချက်တွေက  ကဖျက်ယဖျက် နိုင်နေတုန်းပါပဲ။ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ ဝင်ရောက်မစွက်ဖက်ရေး စည်းမျဉ်းတွေလို ကုလသမဂ္ဂ  ပဋိညာဉ်က အခြေခံအချက်တွေကို ပြင်ဆင်ဖို့ တောင်းဆိုနေပါတယ်။

“သူတို့ရဲ့ ဖွင့်ဆိုချက်မှာက ဒီမိုကရေစီဟာ လူ့အခွင့်ရေးလိုပဲ စိတ်ကြိုက်ရွေးချယ် ပိုင်ခွင့်ရှိတယ် ဆိုတာပါပဲ” လို့ ဥရောပသံတမန်တစ်ဦးက ဆိုပါတယ်။

အခုထိ ငြိမ်းချမ်းမှုထိန်းသိမ်းရေးမစ်ရှင်တွေ ဒါမှမဟုတ် နယူးယောက်ရုံးချုပ် ကုလသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့က အလုပ်ရနိုင်တဲ့ အခါတွေမှာ တရုတ်ဟာ သူ့အနေနဲ့ ပါဝင်မှုများအောင် တိုးတိုးပြီး ပြုလုပ်လာနေပါတယ်။

လစ်ဗျား၊ မာလီ၊ ဒီအာကွန်ဂိုနဲ့ တောင်ဆူဒန်တွေက ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်တွေမှာ ကုလသမဂ္ဂရဲ့ သံခမောက်အပြာဆောင်းထားတဲ့ တရုတ်စစ်သားတွေဟာ အရေအတွက် ၂၅၀၀ ကျော်ရှိပါတယ်။

သမ္မတ ဒေါ်နယ်ထရန့်ရဲ့အစိုးရလက်ထက်မှာ အမေရိကန်က ဘဏ္ဍာငွေထောက်ပံ့ပေးရေးကို လျှော့ချလိုက်ပေမဲ့ တရုတ်ကတော့ ကုလသမဂ္ဂမှာ ဘဏ္ဍာငွေထည့်ဝင်မှုတွေကို မိမိသဘောဆန္ဒအလျောက် အကြီးအကျယ် တိုးမြှင့်နေပါတယ်။

ရန်ပုံငွေထည့်ဝင်မှုနဲ့ မစ်ရှင်တွေက တရုတ်ကို တချို့သြဇာတွေကို ငွေနဲ့ဝယ်ယူဖို့နဲ့ သူ့လူတွေကို ထိပ်တန်းနေရာတွေရောက်အောင် တွန်းပို့ဖို့ ခွင့်ပြုသလိုဖြစ်နေတယ်လို့ ဥရောပသံတမန်တစ်ဦးက ပြောပါတယ်။

သူက ကုလသမဂ္ဂကို အချက်အလက်နဲ့ သြဇာရင်းမြစ်တစ်ရပ် ထောက်ပံ့ပေးရေး ကဏ္ဍအစုံစုံမှာလည်း တရုတ်ဟာ အရေးပါနေတယ်လို့ ပြောပါတယ်။

အနောက်သံတမန်တစ်ဦးက တရုတ်ဟာ ကုလသမဂ္ဂမှာ သြဇာအာဏာရယူနေတယ်လို့ ခပ်ရှင်းရှင်းပဲ ပြောပါတယ်။

 

သြဇာသက်ရောက်မှု အဝန်းအဝိုင်းများ

အာဖရိကမှာ စီးပွားရေးအရ ချဲ့ထွင်မှု တွေလုပ်လာတဲ့ အာရှဘီလူးကြီး တရုတ်ဟာ  ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ မြောက် ကိုရီးယားနဲ့ မြန်မာဆိုတဲ့ အဓိက နိုင်ငံတကာ အရေးကိစ္စနှစ်ရပ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ဖိအားပေးမှုအောက်မှာ  တရုတ်ဟာ မြောက်ကိုရီးယားအစိုးရကို မမျှော်လင့်ဘဲ စီးပွားရေးပိတ်ဆို့မှုတွေ ထလုပ်လိုက်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားဖျက်သိမ်းရေး သဘောတူညီချက် တစ်ရပ်ရဖို့ဆိုတဲ့ မျှော်လင့်ချက်ကြောင့်ပါ။ တရုတ်အနေနဲ့ အကြီးအကျယ်မျှော်ကိုးတဲ့ အကျိုးအမြတ်ကတော့ တောင်ကိုရီးယားမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၃၀,၀၀၀ ထွက်ခွာသွားရေးကို ဦးတည်သွားစေဖို့ပါပဲ။ ဒါဟာ အဲဒီဒေသတွင်းမှာ တရုတ်အနေနဲ့ လက်သီးပုန်းထိုးနေတဲ့ မဟာဗျူဟာပါပဲ။

တပ်မတော် စစ်ဆင်ရေးတစ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီမွတ်စလင်အရေးမှာလည်း  တရုတ်က အဓိကအခန်းကဏ္ဍက ပါခဲ့ပါတယ်။ တရုတ်ကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား အပြန်အလှန် သဘောတူညီမှု တစ်ရပ်ရခဲ့ပြီး လုံခြုံရေးကောင်စီက ကြီးကြီးမားမား အရေးယူမှုလုပ်ဖို့ ကိစ္စကို ကာကွယ်နိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်က ကုလသမဂ္ဂရုံးချုပ်၌ ပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Photo - AP)

သြဇာအာဏာနဲ့ ယိုယွင်းမှု

တရုတ်နဲ့ ရုရှားတို့အနေနဲ့ စဉ်းစားစရာမလိုဘဲ အလိုအလျောက် အပြန်အလှန် ထောက်ခံနေမှုမျိုး မရှိတော့တဲ့ အချိန်တစ်ချိန်မှာ တရုတ်ဟာ ကုလသမဂ္ဂမှာ သြဇာမြင့်တက်လာတာလို့လည်း ဥရောပသံတမန်တွေက ထောက်ပြကြပါတယ်။

သိသာတာကတော့ ရုရှားဟာသူ့ရဲ့ ဗီတိုအာဏာကို ထုတ်သုံးတဲ့အချိန်မှာတရုတ်က ရိုးရိုးရှင်းရှင်း မဲမပေးဘဲ လက်ရှောင်နေလိုက်တဲ့ အခါမျိုးတွေမှာပါ။

ကျွမ်းကျင်သူတွေအဆင့်မှာ လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအကြား ထုတ်ပြန်ချက်စာသားတွေ ညှိနှိုင်းတာမျိုး သိပ်ပြီးအရေးမကြီးလှတဲ့ အနေအထားမျိုးတွေမှာ တောင်မှတရုတ်ဟာ အကြောင်းအရာတိုင်း မှာလိုက်ပြီး ပါဝင်ဆွေးနွေးနေတယ်လို့ ဥရောပသံတမန်တစ်ဦးက ပြောပါတယ်။

ဥပမာအနေနဲ့ တရုတ်ဟာ အခုအခါမှာ  အာဖဂန်နစ္စတန်ကိစ္စနဲ့ ပတ်သက်တဲ့ စာသားတွေမှာ နယ်သာလန်နိုင်ငံကို အစားထိုးပြီး အဓိကဦးဆောင်ရေးသားသူ ဖြစ်လာဖို့ ကြိုးပမ်းနေတယ်လို့ သံတမန်တွေအများကြီးက ပြောကြပါတယ်။ နယ်သာလန်ဟာ ဇန်နဝါရီ  ၁ ရက်မှာ အမြဲတမ်း မဟုတ်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နေရာကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

အခုအထိ ကုလသမဂ္ဂ ဆုံးဖြတ်ချက် အများစုကို ကမ္ဘာဟောင်းက အခင်းအကျင်းအတိုင်း အမေရိကန်၊ ဗြိတိန် ဒါမှမဟုတ် ပြင်သစ်တို့က ဦးဆောင်ရေးသားနေဆဲပါပဲ။

တရုတ်ဟာလည်း ရုရှားလိုပဲ အဲဒီလို ဆုံးဖြတ်ချက်တွေ ဦးဆောင်ရေးသားရတဲ့ နေရာကို ရခဲလှပါတယ်။ အတိတ်ကို ပြန်ကြည့်ရင် ဆိုမာလီယာကိစ္စလောက်သာ တရုတ်အနေနဲ့ ရေးခွင့်ရခဲ့ပါတယ်။

တရုတ်ဟာ ဘယ်လောက်အတိုင်း အတာအထိရောက်အောင် သွားမှာလဲဆိုတဲ့ မေးခွန်းတစ်ခု ထွက်ပေါ်လာပါတယ်။ တချို့ကတော့ အခုအထိ တရုတ်လုပ်နေတာ သဘောလောက်ပဲ ရှိသေးတယ်လို့ ဆိုကြပါတယ်။

“တရုတ်အတွက် များပြားလှတဲ့ဦးတည်ရာတွေဟာ မြေအောက်မီးရထားလိုင်းပေါ်က မှတ်တိုင်တစ်တိုင်စာလောက်ပဲ ရှိပါသေးတယ်” လို့ သံတမန်တစ်ဦးက ဆိုပါတယ်။

တရုတ်အတွက် အဲဒီနောက်တော့ နှစ်ဖက်ပါဝင်တဲ့ အုပ်စုတစ်စုအဖြစ် ရှုမြင်ထားပါတယ်။ ဒါကတော့ တရုတ်နဲ့ အမေရိကန်ဆိုတဲ့ ဘက်နှစ်ဖက်ပါပဲ။ တဖြည်းဖြည်းနဲ့ တရုတ်ဟာ အထွတ်အထိပ်သြဇာကိုလွှမ်းမိုး ရယူသွားလိမ့်မယ်လို့ သံတမန်က ဆိုပါတယ်။

“သူတို့က တာဝေးအပြေးသမားတွေပါ။ ရုတ်ရုတ်သဲသဲဖြစ်မှာမျိုး သူတို့ မလိုလားပါဘူး” လို့ တခြားသံတမန်တစ်ဦးက ပြောပါတယ်။

အမေရိကန်ဟာ တရုတ်သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု ဒေါ်လာဘီလျံ ၂၅၀ ကောက်ထည့်လိုက်ပါတယ်။ သူဟာကုန်သွယ်ရေးကိစ္စမှာ ခိုင်ခိုင်မာမာ ရပ်တည်သူဖြစ်တာမို့ သူရဲ့ ရီပက်ဘလီကင်ပါတီ ရှုံးနိမ့်ရေးအထောက်အကူဖြစ်စေဖို့ မျှော်လင့်ပြီး နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တရုတ်က ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့လည်း ထရန့်က စွပ်စွဲထားပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းက အမေရိကန် အကြံပေးအဖွဲ့တစ်ဖွဲ့ကို စကားပြောကြားရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက သူရဲ့နိုင်ငံဟာ ကမ္ဘာကို သြဇာလွှမ်းမိုးဖို့ အမေရိကန်ကိုကျော်ပြီး ကြိုးစားနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပယ်ချခဲ့ပါတယ်။

တရုတ်ဟာ ကြီးစိုးလွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ ကောက်ချက်ချခြင်းဟာ အလွန်တရာကို မှားယွင်းတဲ့ မဟာဗျူဟာဆိုင်ရာ အကဲဖြတ်ချက်ပဲလို့ ဝမ်ယီက ဆိုပါတယ်။

Most Read

Most Recent