လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့် ပြောင်းလဲကာ မြန်မာနိုင်ငံသို့ ဦးတည်နိုင်သည့် အနေအထားရှိနေ

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့် ပြောင်းလဲကာ မြန်မာနိုင်ငံသို့ ဦးတည်နိုင်သည့် အနေအထားရှိနေ
Published 7 October 2018

၂၀၁၈ ခုနှစ် သြဂုတ်လဆန်းပိုင်းက အင်းစိန်ပန်းခြံအနီး ရေကြီးရေလျှံမှုကြောင့် ကားလမ်းများ ပိတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့် ပြောင်းလဲကာ မြန်မာနိုင်ငံသို့ ဦးတည်နိုင်သည့် အနေအထားများရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းငယ်အဆင့်တော့ ရောက်နိုင်တယ်။ လက်ရှိ ဥရောပစင်တာတွေရဲ့ ခန့်မှန်းချက်အရတော့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားထဲကနေ ဖြတ်ကျော်နိုင်တယ်။ ဒါပေမဲ့ အိန္ဒိယ မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံဘက်ကို ရွေ့မယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဦးတည်နေတယ်ဆိုပြီး ခန့်မှန်းထားတယ်။ ဒီကာလကလည်း မုန်တိုင်းဒုတိယရာသီ ဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံအနေနဲ့ သတိပြုဖို့လိုတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် အခြေအနေနှင့်လိုက်ပြီး မုန်တိုင်း လမ်းကြောင်း ပြောင်းလဲနိုင်ကြောင်း၊ လေဖိအားနည်းရပ်ဝန်း ဖြစ်ပွားခဲ့ပါက ၁၁ ရက်တွင် ကမ်းဖြတ်မည့် အနေအထားရှိကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အောက်တိုဘာ ၆ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် နောက် ၄၈ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင်လည်း အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံနေရာအနှံ့မှ အောက်တိုဘာ ၄ ရက်တွင် ဆုတ်ခွာခဲ့ပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ရွာသွန်းနေသည့် မိုးများသည် မိုးတိမ်တောင်ကြောင့် ရွာသွန်းနေခြင်း ဖြစ်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အောက်တိုဘာလပတ် မိုးလေဝသ ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေသည် မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပြီး တနင်္သာရီတိုင်း ဒေသကြီးတွင် ၁၆ ရက်မှ ၂၀ ရက်ခန့်၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁၁ ရက်မှ ၁၅ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် ခြောက်ရက်မှ ၁၀ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent