ကျောင်းကားများ ဝယ်ယူရာတွင် ရွှေလက်ကုမ္ပဏီက ကျပ်ငါးဘီလျံကျော် ထည့်ဝင်ထားခြင်းလား၊ ကမ္ဘောဇဘဏ်မှ ချေးငွေရယူထားခြင်းလားဟု ရန်ကုန်တိုင်းလွှတ်တော်၌ မေးမြန်းမှုကို ဝန်ကြီးဒေါ်နီလာကျော်၏ဖြေကြားမှု ရှေ့နောက်မညီဖြစ်နေ

ကျောင်းကားများ ဝယ်ယူရာတွင် ရွှေလက်ကုမ္ပဏီက ကျပ်ငါးဘီလျံကျော် ထည့်ဝင်ထားခြင်းလား၊ ကမ္ဘောဇဘဏ်မှ ချေးငွေရယူထားခြင်းလားဟု ရန်ကုန်တိုင်းလွှတ်တော်၌ မေးမြန်းမှုကို ဝန်ကြီးဒေါ်နီလာကျော်၏ဖြေကြားမှု ရှေ့နောက်မညီဖြစ်နေ
Published 6 October 2018

တိုင်းလွှတ်တော်ဝင်းအတွင်း ရပ်တန့်ထားသည့် ကျောင်းကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ကျောင်းကားများဝယ်ယူရာတွင် ရွှေလက်ကုမ္ပဏီမှ ငါးဘီလျံကျော်ထည့်ဝင်ထားခြင်းလား ကမ္ဘောဇဘဏ်မှ ချေးငွေရယူထားခြင်းလားဟု  တိုင်းလွှတ်တော်တွင် မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိကျစွာ ဖြေကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၇ ရက် မြောက်နေ့တွင် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ဒီနေရာမှာ ကျွန်တော်သိချင်တာက လွှတ်တော်မှတ်တမ်းအစည်းအဝေးများအရ ရွှေလက်ကုမ္ပဏီက ငွေကျပ် ၅ ဒသမ ၅ ဘီလျံ ပါဝင်တယ်လို့ သိရပြီးတော့ စာရင်းစစ် အစီရင်ခံစာမှာတော့ ကမ္ဘောဇဘဏ်ကနေ ချေးငွေ ၅ ဒသမ ၅ ဘီလျံရှိတယ်လို့ ကွဲလွဲနေတာကို တွေ့ရပါတယ်။ နောက်တစ်ခုက ကျောင်းကားတွေနဲ့ပတ်သက်ပြီး အချို့ကို ပြေးဆွဲနေတာ တွေ့ရပါတယ်။ အချို့လည်း လွှတ်တော်နဲ့ ကပ်ရပ် မော်တော်ယာဉ်ရပ်နားကွင်းမှာလည်း မော်တော်ယာဉ်တွေ နှစ်ရှည်ရပ်နားထားတာကို တွေ့ရတယ်။ အများပြည်သူကလည်း မကြာခဏမေးပါတယ်။ အမိုးအကာမရှိဘဲနဲ့ ရပ်နားထားတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေရှိနိုင်ပါတယ်”  ဟု ဦးတင်ဝင်းက မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းစွာ ကျောင်းတက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရလမ်းညွှန်မှုဖြင့် ကျောင်းကားများ ဝယ်ယူခဲ့ကြောင်း၊ ယခင် မထသမှ လွှဲပြောင်းသည့် ကျပ်ငါးဘီလျံ နှင့် ရွှေလက်ကုမ္ပဏီမှ ကျပ် ၅ ဒသမ ၅ ဘီလျံ စုစုပေါင်း ၁၀ ဒသမ ၅ ဘီလျံဖြင့် ကျောင်းကား အစီး ၂၀၀ အား ကိုရီးယားနိုင်ငံမှ G to G ဖြင့် ဝယ်ယူခဲ့သည်ကို သိရှိရကြောင်း ၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ တွင် ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ မေးမြန်းမှုအား ဝန်ကြီးဒေါ်နီလာကျော်၏ ဖြေကြားချက်အရ သိရှိရခြင်းဖြစ်ကြောင်း ဦးတင်ဝင်းက မေးခွန်းမေးမြန်းရာတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြီးကြပ်ပြီး ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ မှ အရေအတွက် မည်မျှအား ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကားအဖြစ် အကျိုးရှိစွာ ဆောင်ရွက်နေပြီး အရေ အတွက်မည်မျှ အသုံးပြုနိုင်ခြင်း မရှိသေးသည်ကို သိရှိလိုကြောင်း၊ အသုံးမပြုဘဲထားသည့် ယာဉ်များအား မည်သည့်အချိန်တွင် မည်ကဲ့သို့ အသုံးပြုပြီး မပျက်စီးစေရန် မည်ကဲ့သို့ ထိန်းသိမ်းထားသည်ကို သိရှိလိုကြောင်း ဦးတင်ဝင်းက မေးမြန်းခဲ့သည်။

ဦးတင်ဝင်း၏ မေးခွန်းနှင့် ပတ်သက်ပြီး ဝန်ကြီးဒေါ်နီလာကျော်က “ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ မှ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ကမာရွတ်မှာ ၂၉ စီး၊ ပညာရေးကောလိပ်လေ့ ကျင့်ရေး အလယ်တန်းကျောင်းမှာ ၂၇ စီး စုစုပေါင်း ၅၆ စီး၊ အရန်ယာဉ်ကိုးစီး စုစုပေါင်း ၆၅ စီးကို  ပြေးဆွဲနေပြီးတော့ ကျောင်းသား ကျောင်းသူ  ၁၀၄၇ ဦးကို ပြေးဆွဲပေးနေပါ တယ်”  ဟု ပြောကြားသည်။

ယခုကဲ့သို့ ကျောင်းကားများ မပြေးဆွဲနိုင်ခြင်းသည် Catchment Area သတ်မှတ် ချက်ရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ယခုပြေးဆွဲနေသည့် ကျောင်းကားများသည် Catchment Area သတ်မှတ်ချက်အား ချိုးဖောက်နေရသဖြင့် ပြည်ထောင်စုဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒအတိုင်း ဆောင်ရွက်ရမည့် တာဝန်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ Catchment Area သတ်မှတ်ချက်မရှိ သည့် ကျောင်းနှစ်ကျောင်းတွင် လက်ရှိပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကျောင်းကားများကိုလည်း အဆိုပါကျောင်းအုပ်ကြီးများနှင့် ဆွေးနွေးကာ လာမည့်စာသင်နှစ်တွင် ကျန်ရှိသည့် ကျောင်းကားများအား အဆိုပါကျောင်းနှစ်ကျောင်းတွင် ပြေးဆွဲမည် ဖြစ်ကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

“Catchment Area ကို ဂရုမမူဘဲနဲ့ ပြေးဆွဲရင် ဒီအစီး ၂၀၀ ကလောက်တောင် မလောက်ပါဘူး။ ကျောင်းကားလိုအပ်တယ် လို့ ပြောထားတဲ့ကျောင်းက ၂၁ ကျောင်းရှိပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

အသုံးမပြုဘဲ ထားရှိသည့် ကျောင်းကားများအား လာမည့်စာသင်နှစ်တွင် Catchment Area သတ်မှတ်ထားခြင်း မရှိသည့် စာသင်ကျောင်းများ၌ ပြေးဆွဲနိုင်ရန် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အသုံးမပြုရသေးသည့် ကျောင်းကားများအား Hyundai ကုမ္ပဏီမှ အပတ်စဉ် ယာဉ်ကြံ့ခိုင်မှုများ စစ်ဆေးခြင်း၊ စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ပြီး ယာဉ်များသန့်ရှင်းရေးအတွက် အတွင်းအပြင်သန့်ရှင်းရေးလုပ်ခြင်း၊ ရေဆေးခြင်းများကို အမြဲပြုလုပ်နေကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

ဝန်ကြီးဒေါ်နီလာကျော် ဖြေကြားချက်တွင် ရွှေလက်ကုမ္ပဏီမှ ကျပ်ငါးဘီလျံကျော် ထည့်ဝင်ထားခြင်း သို့မဟုတ် ကမ္ဘောဇဘဏ်မှ ချေးငွေရယူထားခြင်း ကိစ္စမပါရှိသဖြင့် ဦးတင်ဝင်းက ဖြည့်စွက်မေးခွန်းထပ်မံမေးမြန်းရာ ဝန်ကြီးဒေါ်နီလာကျော်က မေးခွန်းပေးပို့ရာတွင် အဆိုပါမေးခွန်းမပါရှိခြင်းကြောင့် ဖြေကြားရန် အဆင်မပြေကြောင်း၊ ဘဏ္ဍာရေး တာဝန်ခံကိုသာ မေးမြန်းပြီးမှသာ ဖြေကြားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ ရွှေလက်ကုမ္ပဏီက ကျွန်မတို့နဲ့ PPP အနေနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် ကမ္ဘောဇဘဏ်ရဲ့ ချေးငွေဖြစ်နိုင်ကြောင်းနဲ့ သို့သော်လည်း ကျွန်မအနေနဲ့ ဒါကိုဘဏ္ဍာရေးတာဝန်ခံကို မေးမှဘဲ တိကျသော အဖြေ ကို ပေးနိုင်မှာဖြစ်ပါတယ်။ ဒါဟာလွှတ်တော်ကို လေးစားသောအားဖြင့် ကျွန်မအနေနဲ့ ထင်ရာကို ဖြေကြားလို့မရပါဘူး။ ဆက်စပ်မေးခွန်းကိုတော့ ကျွန်မအနေနဲ့ ဒီလိုသာဖြေကြားလိုပါတယ်”  ဟု ပြောကြားသည်။

ဝန်ကြီး ဒေါ်နီလာကျော်မှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တွင် ဥက္ကဋ္ဌ တာဝန်ရယူထားသူတစ်ဦးဖြစ်သည်။

ကိုကိုးကျွန်းမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းမေးမြန်းသည့် ကျောင်းကားအစီး ၂၀၀ ကိစ္စသည် စာရင်းစစ်ချုပ် အစီရင်ခံစာတွင်လည်း ပါဝင်ကြောင်း၊ ရွှေလက်ကုမ္ပဏီမှ ၅ ဒသမ ၅ ဘီလျံနှင့် မထသမှ လွှဲပြောင်းငွေ ကျပ် ငါးဘီလျံအား ကျောင်း ကားဝယ်ယူခဲ့ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

“ရွှေလက်ကုမ္ပဏီဆိုတာက ကားတွေရပ်ထားတာက အန်ကယ့်ရဲ့ မဲဆန္ဒနယ်မြေ ဖြစ်တဲ့အတွက် ရှင်စောပု ကားဝင်းကိုသွားကြည့်ပါတယ်။ ကြည့်တဲ့အခါမှာ ရွှေလက်ကုမ္ပဏီရှိတယ်။ ရွှေလက်ကုမ္ပဏီက ကိုယ်စား လှယ်က ဒီကားတွေ ပျက်စီးတော့မယ်ပြောတယ်။ ဒီနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဖြေကြားမှုတွေက ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းတွေနဲ့ လွဲနေတယ်။ တရားဝင်ဖြေသွားတာက ရွှေလက်ကုမ္ပဏီက ၅ ဒသမ ၅ နဲ့ မထသက လွှဲပြောင်းငွေငါးဘီလျံနဲ့ ဝယ်တယ်။ ဒီနေ့ကျတော့ ကမ္ဘောဇဘဏ်ကချေးတာဖြစ်သွားတယ်”  ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရောင်းချသည့် ကျောင်းကားများအား ကျောင်းအကျိုးတော်ဆောင်များမှ မဝယ်ယူနိုင်ကြောင်း၊ ကျောင်းကားတစ်စီး ကျပ် သိန်း ၃၀၀ကျော် သာရှိနေသည့်အချိန်တွင် ကျောင်းကားတစ် စီးသည် ကျပ်သိန်း ၅၀၀ကျော် ရှိနေကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“ ဒီနေ့ဖြေတာတွေက တလွဲတွေဖြစ်နေတယ်။ လက်တွေ့အခြေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲမှု ဘဏ္ဍာငွေသုံးစွဲမှုတွေက လွဲနေတယ်ဆိုတာကို ပြောကြားလိုတယ်”  ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ကျောင်းကားအစီး ၂၀၀ ဝယ်ယူထားသည်နှင့် ပတ်သက်ပြီး အမြဲစောင့်ကြည့်နေကြောင်း၊ ကျောင်းသားများအတွက် အဆင်ပြေအကျိုးဖြစ်ထွန်းခဲ့ပါက ကိစ္စမရှိကြောင်း၊ လက်ရှိအသုံးပြုနေသည်မှာ ၅၆ စီးသာ အသုံး ပြုပြီး ကားအစီးရေ ၁၀၀ကျော်သည် ပစ်ထားရသဖြင့် ပြည်သူ့ဘဏ္ဍာငွေများအား သေချာ စီမံခန့်ခွဲရန်နှင့် ဖြေရှင်းတာဝန်ယူ ဆောင် ရွက်ရန် လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ဦးတင်ဝင်းက ပြောကြားသည်။

ဝန်ကြီး ဒေါ်နီလာကျော်ပြန်လည်ဖြေ ကြားမှုသည် တိတိကျကျဖြေကြားခဲ့ခြင်း မရှိကြောင်း၊ ဘဏ္ဍာရေးကို ပြန်လည်မေးမြန်းရမည်ဟုသာ ဖြေကြားခဲ့ကြောင်း၊ အစိုးရမှ စီမံဆောင်ရွက်သည့်ကိစ္စအား မသိပါဘူးဟုသာ ဖြေကြားခဲ့ကြောင်း ဦးတင်ဝင်းက ပြောကြားသည်။

“သူကိုယ်တိုင် ဘဏ္ဍာရေးကို ပြန်မေးပါမယ်ဆိုပြီးဖြေသွားတယ်။ အစိုးရမသိဘဲ ဒီဟာတွေကို ဒီအတိုင်းထားမလား။ အခုအချိန်ကျမှ ဖြေတဲ့အချိန်မှ တိတိကျကျမသိပါဘူးဆိုတော့ ဘယ်ဟာကို ယုံရမလဲ။ မစွပ်စွဲချင်ပါဘူး။ ဖြေတဲ့အပေါ်မှာတော့ အများပြည်သူ ဆုံးဖြတ်ဖို့လိုပါတယ်” ဟု ဦးတင်ဝင်းက ပြောကြားသည်။

ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ၎င်း၏ Facebok တွင် “ယနေ့ရန်ကုန်လွှတ်တော် ကျောင်းကားအစီး (၂၀၀) ကိစ္စကတော့ ဝန်ကြီးဒေါ်နီလာကျော် ဖြေဆိုသွားခဲ့တာ မှားနေပါတယ်ဗျာ၊ ကျွန်တော်မေးစဉ်က ရွှေလက်ကုမ္ပဏီနှင့်စပ်တူ ရန်ကုန်အစိုးရကပူးပေါင်းပြီး (၅.၅+၅)= ၁၀.၅ ဘီလီယံငွေကျပ်ဖြင့် ဝယ်ပါသည်တယ့်၊ ယနေ့ ကိုကိုးကျွန်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကမေးတော့ စာရင်းစစ်ချုပ် အစီရင်ခံစာမှာပါသည့်အတိုင်း ရန်ကုန်အစိုးရက ၅ ဘီလီယံနှင့် ကမ္ဘော ဇဘဏ်က ၅.၅ ဘီလီယံချေးပြီး (၁၀.၅) ဘီလီ ယံငွေကျပ်ဖြင့် ဝယ်ပါသည် ဆိုဘဲဗျာ၊ တစ်ခုခုတော့ ရန်ကုန်အစိုးရ မှားနေပါပြီ ပွင့်လင်းစွာ အဖြေမှန်ကို ပြောသင့်ပါတယ်၊ ယခုတော့ ယခင်မထသက လွှဲပြောင်းရငွေ (၅)ဘီလီယံနှင့်ပေါင်းပြီး ကျောင်းကားအစီး (၂၀၀)ဝယ်ခဲ့ပါသည်ဆိုသော (၅.၅)ငွေကျပ် ဘီလီယံကြီးက ဘယ်ကရငွေတွေလဲဆိုတာ သေချာ အဖြေရှာရပါတော့မည်၊ စာရင်းစစ်ချုပ်ပြောသွားသလို ထပ်မံ၍ အထူးစစ်ဆေးရေးလုပ်ရန် လွှတ်တော်မှ အဆိုတစ်ရပ် ထပ်မံတင်ပြီး စစ်ဆေးခွင့်ရအောင် ဆောင်ရွက်ရမလို ဖြစ်နေပါသည်၊ ပြည်သူ့ငွေဖြင့် ဝယ်ယူ ထားသောကျောင်းကားများက အမျိုးမျိုးဖြေဆိုနေသဖြင့် ကျောင်းကားမှသည် ပြောင်းပြန် ကားကျောင်းကြီးဖြစ်နေတော့မည်လား စောင့်ကြည့်ရပါမည်ခင်ဗျား” ဟု ရေးသားထားသည်။

Most Read

Most Recent