Taxi များပေါ်မှ ကြားသိခဲ့သည့် ရန်ကုန်မြို့၏ ကျပ်တည်းမှုများ

Taxi များပေါ်မှ ကြားသိခဲ့သည့် ရန်ကုန်မြို့၏ ကျပ်တည်းမှုများ
Published 1 October 2018

ရန်ကုန်မြို့တွင်း သွားလာနေသည့် အငှားယာဉ်များကို တွေ့ရစဉ်

၁၉၉၀ ပြည့်နှစ်ကျော် ကာလများက ရန်ကုန်မြို့တွင် လေးဘီးကားဟု အများခေါ်ဆိုကြသည့် အငှားယာဉ်လေးများ ရှိခဲ့ဖူးသည်။ ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်ခြင်းမရှိသေးသည့် အဲဒီကာလများ၌ စစ်ကျန် ချက်ပလက် ကားကြီးများကလည်း ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်အတွင်း အဓိကနေရာကနေ တာဝန်ထမ်းဆောင်ခဲ့ကြ၏။ ဒီအချိန်တုန်းကတော့ ဟိုဟိုဒီဒီသွားလာရာတွင် ဒီချက်ပလက် ဗိုက်ပူကြီးများ၊ ဒါမှမဟုတ် အခြားသော လိုင်းကားများကိုသာ အဓိကထား၍ စီးနင်းခဲ့ကြပြီး ခါးပိုက်နှိုက်သတိပြု၊ ဝန်ထမ်းများ ကူပွန်ပေးစီးနိုင်သည် စတဲ့စာသားတွေက လွန်လေခဲ့ပြီးသော နှစ်တွေက ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းတွေပေါ်မှာ တွေ့ရမည့် အမှတ်အသားတစ်ခုလည်း ဖြစ်သည်။

အချိန်ကာလက လုံးဝနောက် လှည့်မကြည့်စတမ်း ရှေ့ကိုဆက်သွားပြီးနောက် ရန်ကုန်မြို့သည် အကြောင်းအရာ တော်တော်များများ ပြောင်းလဲနေခဲ့ပြီဖြစ်ပြီး အကြောင်းအရာသစ် အတော်များများလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ချက်ပလက် ဗိုက်ပူကြီးများ ရန်ကုန်မြို့ လမ်းမတွေကနေ အငြိမ်းစားယူသွားပြီးဖြစ်ပြီး ဒီလမ်းမတွေပေါ်မှာ ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ YBS  များက နေရာယူလာခဲ့ပြီလည်း ဖြစ်သည်။ လက်သန်းများ မင်စွန်းစေခဲ့သည့် ပြောင်းလဲချိန်တန်ပြီ စကားအတိုင်း ရန်ကုန်မြို့ကြီး၌ ပြောင်းလဲမှုတွေများစွာ ဖြစ်ပေါ်ခဲ့ပြီလည်း ဖြစ်၏။

၂၀၀၈ ခုနှစ် ဝန်းကျင်ကာလများက ရန်ကုန်မြို့က အငှားယာဉ် မောင်းခြင်း အလုပ်သည် ဝင်ငွေ အတော်အသင့်ရရှိနိုင်ပြီး မိသားစုကို ရှာဖွေကျွေးမွေးရန် ဒါမှမဟုတ် ဝင်ငွေစုဆောင်းရန်အတွက် အဆင်ပြေသည့် အလုပ်အကိုင်တစ်ခုဖြစ်ခဲ့သည်။ ရွက်ကြမ်းရေကျို အနေ အထားရှိသည့် ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်ကနေ မြို့နယ်တစ်ခုပြီးတစ်ခု ဖြတ်သန်းမောင်းနှင်ရင်း ခရီးသည်ရှာဖွေကာ အငှားယာဉ်မောင်း သမားတွေ ဝင်ငွေလမ်းဖြောင့်ခဲ့ကြသည်။

အငှားယာဉ်မောင်း လောကတွင် နေ့မောင်းနှင့် ညမောင်းဟူ၍ ရှိသလို ကိုယ်ပိုင်အငှားယာဉ် ပိုင်သူနှင့် Owner  ခပေးမောင်းသူဟူ၍လည်း ရှိသည်။ Owner  ခ  ပေးမောင်းသူအတွက် တစ်ရက်တာအတွက် ယာဉ်ပိုင်ရှင်အား Owner  ခ ပေးရန်ငွေကို အရင်ရှာဖွေရမည်ဖြစ်ပြီး ဒါကလည်း ကျပ်တစ်သောင်းဝန်းကျင်ခန့်သာရှိသည့်အတွက် ခရီးစဉ်လမ်းကြောင်း နှစ်ခုသုံးခုလောက် ရလိုက်တာနှင့် အဆင်ပြေပြေပေးနိုင်မည်ဖြစ်ပြီး ကျန်သည့်အချိန်တွင် ရရှိသည့်ဝင်ငွေမှာ အသားတင် ဝင်ငွေဖြစ်လာနိုင်မည်ဖြစ်၏။

ကိုယ်ပိုင်အငှားယာဉ်မောင်း သူများအတွက်လည်း ရရှိသည့် အငှားယာဉ်ငှားခ ဝင်ငွေများအား ယာဉ်ပြင်ဆင်စရိတ်အတွက် ကြိုတင်ဖယ်၍ စုဆောင်းထားပြီးပါက အေးဆေးသက်သာစွာဖြင့် ဝင်ငွေရှာနိုင်သည့် အခြေအနေလည်း ဖြစ်ခဲ့၏။ ယာဉ်ကြောပိတ်ဆို့မှုတွေ ယခုလောက်ဆိုးရွားခြင်း မရှိသေးသည့် အဲဒီအချိန်ကာလများက ခရီးသည်နှင့် အငှားယာဉ်မောင်း ညှိနှိုင်းကာ အဆင်ပြေသည့် ဈေးနှုန်းဖြင့် ရန်ကုန်မြို့၏ နေရာအတော်တော် များများကို  Win Win  စနစ်ကဲ့သို့ အဆင်ပြေပြေသွားလာနိုင်ခဲ့ကြ၏။

သီရိမင်္ဂလာဈေးကဲ့သို့သော ကုန်စည်စီးဆင်းမှုများပြားသည့် ဈေးကြီးများမှ ကုန်စိမ်းများ ဝယ်ယူကာ မြို့နယ်များရှိ ဈေးငယ်လေးများတွင် ပြန်လည်ရောင်းချရန် အတွက်သွားရောက်မည့် ခရီးသည်များကလည်း ရန်ကုန်မြို့တွင် အများအပြားရှိခဲ့ပြီး နံနက်အစောပိုင်း နိုးထကာ အလုပ်လုပ်ကိုင်ရမည့် ဈေးသည်ခရီးသည်များနှင့် ညလုံးပေါက် အငှားယာဉ်မောင်းသူများအကြား နှစ်ဦးနှစ်ဖက် အဆင်ပြေစွာဖြင့် အလုပ်လုပ်ကိုင်နိုင်ခဲ့ကြဖူး၏။

နေအိမ်များ၏ နံရံများတွင် ချိတ်ဆွဲထားတတ်သည့် ပြက္ခဒိန်များပေါ်မှ ရက်စွဲများ ပြောင်းလဲသွားခဲ့ပြီး ကာလသတ်မှတ်ရလျှင် ဆယ်စုနှစ်တစ်ခုကျော် ကာလကို ဖြတ်သန်းအပြီး မျက်မှောက်ခေတ်ကာလတွင် ဖြစ်၏။

ရန်ကုန်တွင် အထင်ကရ လမ်းဆုံမြို့နယ်များ၌ ခုံးကျော်တံတားများ အစီအရီထွက်ပေါ်လာခဲ့ပြီ ဖြစ်သော်လည်း များပြားလှသည့် ယာဉ်များမှ ဖြစ်ပေါ်လာသည့် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကိုတော့ ကြုံတွေ့နေရဆဲသာ ဖြစ်သည်။ မထသ နိဂုံးချုပ်ခဲ့ပြီးနောက် Aircon Bus များက YBS အမည်ခံယူကာ ချက်ပလက်ဗိုက်ပူကြီးများ၏ နေရာကို အစားထိုးဝင်ရောက်လာခဲ့ပြီလည်းဖြစ်ပြီး အငှားယာဉ်များကတော့ ယခင်ဆယ်စုနှစ်ကထက် အဆမတန်များပြားစွာ ပြေးဆွဲလာကြသည်ကို ရန်ကုန်မြို့လမ်းမများပေါ်တွင် တွေ့ရှိရမည်ဖြစ်သည်။

အစိုးရစက်သုံးဆီဆိုင်များ နေရာတွင် ပုဂ္ဂလိက စက်သုံးဆီများ အစားထိုးဝင်ရောက်လာခဲ့ပြီး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် တန်းစီစောင့်ဆိုင်းနေသည့် CNG သုံး အငှားယာဉ်များစွာကတော့ ယခင်နှစ်များက အတိုင်းရှိနေဆဲပင် ဖြစ်သည်။

ရန်ကုန်မြို့ တာမွေမြို့နယ်၏ လမ်းမတစ်ခုပေါ်တွင် အငှားယာဉ်တစ်စီးမောင်းနှင်လျက်ရှိသည်။ ရန်ကုန်နေ့လယ်ခင်းအချိန်သည် ကောင်းကင်တွင် တောက်ပစွာရှိနေသည့် ဓာတ်ငွေ့လုံးကြီး၏ အရှိန်ကြောင့် လွန်စွာပူပြင်းလျက်ရှိ၏။ စက်သုံးဆီအရောင်းဆိုင်တစ်ခု၏ ရှေ့တွင် ထောင်ထားသည့် စက်သုံးဆီဈေးနှုန်းများကိုကြည့်ရင်း အငှားယာဉ်မောင်းဖြစ်သူ စိတ်မသက်သာ ဖြစ်နေပုံရ၏။ ထိုအချိန်တွင် လက်ပြတားလိုက်သည့် ခရီးသည်တစ်ဦးကြောင့်သူ၏ ယာဉ်ကို ခရီးသည်ရှေ့တွင် ရပ်လိုက်သည်။

တာမွေမြို့နယ်နှင့် သုဝဏမြို့သည် ကပ်လျက်တည်ရှိသည့် နေရာနှစ်ခု ဖြစ်သည်။ ဒီခရီးစဉ်အတွက် ငှားရမ်းစီးနင်းမည့် ခရီးသည်က အငှားယာဉ်မောင်းအားစီးနင်းခ ကျပ်နှစ်ထောင်သာ ပေးလိုသည်။ ခရီးသည်ရပ်နေသည့် နေရာနှင့် မလှမ်းမကမ်းတွင်ရှိသည့် စက်သုံးဆီဈေးနှုန်း ဆိုင်းဘုတ်ရှိ ကျပ်တစ်ထောင်ကျော် ရှိနေပြီဖြစ်သည့် ဆီဈေးနှုန်းများကို အငှားယာဉ် မောင်းလှမ်းကြည့်လိုက်ရင်း အကြံအိုက်နေပုံလည်း ဖြစ်နေသည်။ သူကြည့်လိုက်သည့် နေရာကို ခရီးသည် လှမ်းကြည့်ရင်း အငှားယာဉ်မောင်း တောင်းဆိုသည့် ဈေးနှုန်းဖြင့်သာ စီးနင်းရန် ဆုံးဖြတ်လိုက်၏။

ခရီးသည် ကားပေါ်သို့ ရောက်ရှိအပြီးတွင် အငှားယာဉ်မောင်းက ခရီးသည်အား လေအေးပေးစက် ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသည့် အခြေအနေကို အားနာစွာဖြင့် တောင်းပန်စကားဆိုခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းများက သူ့တွင် လေအေးပေးစက်ဖွင့်ကာ မောင်းနှင်နိုင်ခြင်း မရှိကြောင်းလည်း ရှင်းပြနေခဲ့၏။

ဒါက ရန်ကုန်မြို့၏ အငှားယာဉ်စီးနင်းရာတွင် ကြုံတွေ့နေရသည့် လက်ရှိကာလ အခြေအနေတွေက တစ်ခုပင်ဖြစ်ပြီး ဒီလိုအခြေအနေများက ခပ်ဆင်ဆင်ပင် ဖြစ်ပေါ်နေ၏။ နိုင်ငံခြားငွေဈေးတွေက ကြီးမြင့်နေသည်။ စက်သုံးဆီဈေးတွေက ခေါင်ခိုက်နေသည်။ ကျပ်တည်းနေသည့် စီးပွားရေးအခြေ အနေများကြောင့် အငှားယာဉ်စီးနင်းသည့် ခရီးသည်အရေအတွက်က နည်းပါးလာပြီဖြစ်သည်။

ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုများကလည်း ခရီးသည် ငှားရမ်းသည့် နေရာများကို သွားရောက်ပို့ဆောင်ပေးရန်အတွက် တွေဝေမှုတွေ ဖြစ်ပေါ်စေသည်။

လပိုင်းအတွင်း အငှားယာဉ်များအား စီးနင်းလေ့လာမှုများ ပြုလုပ်ခဲ့ရာတွင် စီးနင်းခဲ့သည့် အငှားယာဉ်မောင်း အတော်တော် များများတွင် အဆင်ပြေသည့် အခြေအနေကို ကြားသိခဲ့ခြင်း မရှိပေ။ မေးမြန်းရန်ပင်မလိုဘဲ ယာဉ်ပေါ်တက်ထိုင်လိုက်ပြီး မကြာမီပင် အငှားယာဉ် မောင်းသမားများက သူတို့၏ အခက်အခဲများကို ရင်ဖွင့်ပြောပြသည်မှာ အငှားယာဉ် စီးနင်းသည့် အချိန်တိုင်းပင်ဖြစ်သည်။

နံနက် ၆နာရီမှစ၍ ကားစတင်ပြေးဆွဲ၍ ဝင်ငွေရှာဖွေနေခဲ့သော်လည်း မွန်းတည့်ချိန်ရောက်သည်အထိ  Owner ခ တစ်သောင်းခွဲပင်မရရှိသေးသည့် အကြောင်းကို ပြောပြကြ၏။ ဆီဈေးနှုန်း ကြီးမြင့်ရသည့်အထဲ ပိတ်ဆို့နေသည့် ယာဉ်ကြောများနှင့် လမ်းမ များပေါ်တွင် မတိုးသာ မဆုတ်သာ မောင်းနှင်နေရသည့် အခြေအနေက ယာဉ်မောင်းသမားများအခေါ် ဆီပိုစားသည့် အခြေအနေကို ဖြစ်ပေါ်စေကြောင်း ရင်ဖွင့်ကြသည်လည်းရှိ၏။

ကြောက်ခမန်းလိလိဖြစ်ပွားနေသည့် လုယက်မှု ဒုစရိုက်မှုများ ကလည်း ညဘက်အငှားယာဉ်ပြေး ဆွဲရာတွင် ဟိုမပို့ရဲ၊ ဒီမပို့ရဲ အခြေအနေကို ခံစားနေရကြောင်းလည်း ပြောပြကြပြန်သည်။ တစ်ခါတစ်ရံလည်း ယခင်က ကားဆွဲကောင်းခဲ့ကာ ဝင်ငွေရလမ်းဖြောင့်ခဲ့သည့် အချိန်များကို တမ်းတကြောင်းလည်း ပြောပြကြ၏။

ဒါတွေအပြင် အငှားယာဉ် မောင်းတွေထံမှ ကျပ်တည်းနေသည့် ခရီးသည်တွေအကြောင်းလည်း သိခွင့်ရခဲ့သည်။ မဖြစ်မနေအခြေအနေ အရသာ ငှားရမ်းရခြင်း ဖြစ်သည့်အတွက် ခရီးသည်များက တတ်နိုင်သည့် ဈေးနှုန်းကို ဆစ်ယူကြပြီး အငှားယာဉ်မောင်းများကလည်း ခရီးသည်ပြောသည့် ဈေးနှုန်းအတိုင်း သွားချင်သော်လည်း ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းများကြောင့် ခရီးသည်ကို ပို့ဆောင်နိုင်ခဲ့ခြင်းမရှိသည့် အကြိမ်ရေ တော်တော်များများ အကြောင်းလည်း ကြားခဲ့ရသည်။

တစ်နေ့တာလုံး အငှားယာဉ် ပြေးဆွဲသော်လည်း မိသားစု အခက်အခဲများကို ဖြေရှင်းရန် အဆင်မပြေ သေးသည့် အခြေအနေများကိုလည်း သိခဲ့ရပြန်သည်။ အဆင်မပြေသည့် ရက်များထပ်လာ၍ အကြွေးနွံနစ် ရတော့မည့် အခြေအနေများအကြောင်းလည်း စိတ်မကောင်းစွာ ကြားသိရ၏။ တချို့က ကားပြန်အပ်ချင်ကြပြီး အငှားယာဉ်မောင်း အလုပ်ကို စွန့်လွှတ်လိုလာကြ၏။ ဒါပေမဲ့ လက်ရှိတွင် အခြားအလုပ်အကိုင်များကလည်း ရှားပါးနေသည့်အတွက် ဒုက္ခတွေကို ခါးစည်းခံရင်း သည်းခံနေကြကြောင်းလည်း ပြောဆိုကြပြန်သည်။

ယာဉ်ပြန်အပ်ထားသည့် အငှားယာဉ်မောင်း အချို့ထံမှလည်း အလုပ်အကိုင်တစ်ခုကို ခက်ခဲစွာ ရှာဖွေနေရသည့် အခြေအနေတွေကို သိခွင့်ရခဲ့သလို အချို့ကတော့ အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်။ အငှားယာဉ်မောင်းအလုပ်သည် ယခင်ဆယ်စုနှစ်ကကဲ့သို့ ဝင်ငွေဖြောင့်သည့် အလုပ်တစ်ခုမဟုတ်တော့ကြောင်း ဒီအခြေအနေများက သက်သေပြနေ၏။

ရန်ကုန်မြို့သည် ယခင်ဆယ်စု နှစ်ကာလ အာဏာရှင်လက်အောက်ထက်ပင် လုံခြုံမှုမရှိသလို အခြေအနေကို ကြုံတွေ့နေရသည်ဟု ထင်၏။ လူမြင်ကွင်းတွင် အုပ်စုဖွဲ့ တုတ်၊ ဓားလက်နက်များကိုင်ပြီး သတ်ဖြတ်မှုတွေ ဖြစ်နေသည်။ အိမ်ပေါ်တက်ကာ သတ်ဖြတ်မှုတွေလည်း မြင်တွေ့ရမည်ဖြစ်သည်။ ညအချိန် လမ်းလျှောက်သွားလာရမည်ကို ကြောက်ရွံ့နေကြ၏။ ဒုစရိုက်မှုတွေက နေရာအတော်တော်များ ဖြစ်ပွားနေ၏။

စီးပွားရေးအခြေအနေတွေကလည်း ကျပ်တည်းနေကြ၏။ အရောင်း ဝန်ထမ်းငယ်လေးတစ်ယောက်ကလည်း ကျပ်တစ်သိန်းကျော်သာရှိသည့် သူ၏လစာဖြင့် တစ်ကိုယ်ရေ စာအတွက်ပင် မလောက်ငှကြောင်း ပြောပြဖူးသည်။ လမ်းဘေးတွင် အထမ်းဖြင့် အသုတ်စုံရောင်းချသူ တွေကလည်း အဖမ်းအဆီးခံရမည့် အခြေအနေကို ရှောင်ရှားရင်း ရောင်းချနေရပြီး ရယ်မောစရာ ဟာသတစ်ခုအဖြစ် ကြားသိခဲ့ရတာက အထမ်းသည်တစ်ဦး ပြောပြသည့် “ကျွန်တော်တို့ အသုတ်ရောင်းတာ လည်းဗျာ။ ဆေးရောင်းနေတာကျတာပဲ။ ဘယ်တော့အဖမ်းခံရမလဲ စိတ်ပူနေရတယ်” ဟုလည်း ဖြစ်၏။

အငှားယာဉ်မောင်းသူများလည်း အဆင်ပြေခြင်းမရှိ၊ ကုမ္ပဏီဝန်ထမ်းလေးများလည်း အဆင်ပြေခြင်းမရှိ၊ လမ်းဘေးဈေးသည်လေးလည်း အဆင်ပြေခြင်းမရှိ။ ဒီလိုအခြေအနေတွေက ရန်ကုန်တွင် အခြေခံလူတန်းစားတွေ စီးပွားရေး အတော်ကျပ်တည်းနေသည်ကို သက်သေပြနေခြင်းပင် ဖြစ်သည်။

အခြေခံလူတန်းစားတွေ အဆင်ပြေခြင်းမရှိသည့် တိုင်းပြည်သည် မည်သို့မည်ပုံဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ကိုတော့ အခြေခံ လူတန်းစားပြည်သူတွေက ရင်တမမဖြင့် စောင့်စားနေကြတော့သည်။

 

Most Read

Most Recent