ကမ္ဘာပေါ်တွင် အကြီးဆုံးကျွန်းပင်ကြီးနှစ်ပင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း တွေ့ရှိ

ကမ္ဘာပေါ်တွင် အကြီးဆုံးကျွန်းပင်ကြီးနှစ်ပင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း တွေ့ရှိ
Published 1 September 2017

ကျွန်းပင်ရှာဖွေရေးအဖွဲ့အားတွေ့ရစဉ် ( Photo ; Sagaing Regional Information Page)

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အတွင်းတွင် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည့် ကျွန်းပင်ကြီးနှစ်ပင်ကို တွေ့ရှိခဲ့သည်ဟု သိရသည် ။

“အကြီးဆုံး ကျွန်းပင်တွေကို နှိုင်းယှဉ်ဇယားအရ အိန္ဒိယက နှစ်ပင်ပါတယ်။ ကျန်တာက မြန်မာပြည်ကပေါ့ ။ အရင်အပင်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် တော်တော်ကြီးမားပါတယ်။ အဲဒီနေရာက သွားရေးလာရေး တော်တော်ခက်တယ်။ အရင်တုန်းက အဲဒီနေရာက ဟုမ္မလင်းမြို့နယ်က ဥရုကြိုးဝိုင်း အကွက်အမှတ် ( ၇၉ ) အဲဒီအထဲမှာ ရှိတယ်။ ဆက်သွယ်ရေး အရမ်းခက်ခဲတဲ့အခါကျတော့ အရင်တုန်းက သစ်ထုတ်တာတွေရှိခဲ့ဖူးပေမယ့် အဲဒီနေရာတွေကို မထုတ်နိုင်လို့ ကျန်ခဲ့တာပဲ။ အဲဒီနေရာမှာ လုံးပတ် ပေ ၂၀ လောက်ရှိတဲ့ ကျွန်းပင်တွေ အများအပြား ကျန်ခဲ့ပါတယ်။ အဲဒီအထဲမှာမှနှစ်ပင်က အကြီးဆုံးတွေ့ရတာပေါ့။ အဲဒီနေရာက သာမန်တောလိုက်တဲ့၊ ပရဆေးရှာတဲ့သူတွေတောင် သိပ်မရောက်ပါဘူး။ ဦးတင်ရွှေဆိုတဲ့ သူတစ်ယောက်က အဲဒီအပင်ကို လွန်ခဲ့တဲ့ငါးနှစ်လောက်က တွေ့ထားတာ။ သူ့ကို ပြန်ရှာခိုင်းတော့ တွေ့တာပေါ့။ ကျွန်တော်တို့ဆီ သတင်းပြန်ပို့တယ်။ ကျွန်တော်တို့က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို ပြောတဲ့အခါကျတော့ သူကရှာရမယ်၊ သွားရမယ်ဆိုပြီးတော့ ကျွန်တော့်ကိုခေါင်းဆောင်တင်ပြီး လွှတ်လိုက်တာ။ အသွားမှာက ဟုမ္မလင်းမြို့ကနေ သုံးညအိပ်။ စက်လှေတွေ၊ လမ်းလျှောက်၊ တောင်တက်တောင်ဆင်းခရီးတွေနဲ့ ခက်ခက်ခဲခဲ သွားခဲ့ကြရတယ်။ အပြန်ခရီးမှာတော့ နှစ်ရက်ကြာတယ်။ ကျွန်တော်တို့က ဒီဟာကို သစ်မထုတ်ရနယ်မြေဆိုပြီး ရည်မှန်းထားတယ်။ ကျွန်တော့်သဘောပေါ့။ တိုင်းအစိုးရကလည်း အဲဒီဆန္ဒရှိတယ်။ နောက်ကို လေ့လာချင်တဲ့သူတွေလည်း ပြလို့ရမယ်။ ကျွန်းလိုပဲ ကညင်ပင်ကြီးတွေလည်း ရှိတယ်။ ကျွန်းနဲ့ကညင် ထူးထူးခြားခြား အရမ်းကြီးမားတဲ့တောပေါ့။ အင်္ဂလိပ်ခေတ်ကနေ အခုအချိန်အထိ တစ်သက်လုံး သစ်မထုတ်ဖူးတဲ့ နေရာလို့ ပြောရမှာပေါ့။ ကညင်ကတော့ အကြီးဆုံးလို့ပြောမရပေမယ့် ရင်စို့လုံးပတ် (မြေပြင်မှ ၄ ပေ ၆ လက်မ ) ပေ ၂၀ ဝန်းကျင် နဲ့အထက်မှာရှိတဲ့အပင်တွေ တော်တော်များများ ရှိပါတယ်။ ကျွန်တော်တို့ဆက်လက် ထိန်းသိမ်းသွားမှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

ကမ္ဘာ့အကြီးဆုံး သက်ရှိကျွန်းပင်ကြီးကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နံ့သာအုပ်စု တုံစကားရွာအနီး ဥရုကြိုးဝိုင်းရှိ အကွက်အမှတ်(၇၉)တွင်တွေ့ရှိခဲ့ပြီး ကျွန်းပင်ကြီး၏ ရင်စို့လုံးပတ်မှာ ၂၇ ပေ ၅ လက်မရှိကာ အမြင့်ပေ ၁၁၀ ခန့်ရှိကြောင်း သိရသည်။

“အခု လောလောဆယ်တော့ သစ်ပင်ကြီးဘေးက မီးလောင်နိုင်တဲ့ အပင်ခြောက်တွေ ရှင်းတယ်။ အပင်ကြီးကို မှီခိုတက်နေတဲ့ နွယ်ပင်တွေကို ရှင်းတယ်။ အဲဒီဘေးမှာ အသိအမှတ်ပြုထားတဲ့သဘောနဲ့ ခြံစည်းရိုးခတ်ပေးထားတယ်။ ကျွန်းပင်ကြီး နှစ်ပင်ပါ။ ပထမဆုံးပြောချင်တာက အိန္ဒိယက ကြေညာထားတဲ့ သစ်ပင်အမြင့်ပေ လုံးပတ်ပေကို ရှာလိုက်ပါတယ်။ ရှာပြီးတော့ လက်ရှိ အသက်ရှင်လျက်ရှိတဲ့ ကျွန်းပင်ကို တိုင်းတာမှုတွေ လုပ်ပါတယ်။ ကျွန်တော်တို့က ဝန်ကြီးချုပ် လမ်းညွှန်မှုနဲ့ ထွက်လာတာဆိုတော့ ဝန်ကြီးချုပ်ကို အစီရင်ခံစာတင်ပြီး ထိန်းသိမ်းဖို့ဆိုတာက တိုင်းဒေသကြီးနဲ့ ပြည်ထောင်စုအစိုးရရဲ့ မူဝါဒနဲ့ သက်ဆိုင်ပါလိမ့်မယ်။ ဒီသစ်ပင်တွေကို ထိန်းသိမ်းဖို့လည်း ဆက်လက်တင်ပြသွားမှာပါ။ အထူးသဖြင့် ပြောချင်တာက ပြီးခဲ့တဲ့ခေတ်မှာက စည်းကမ်းမဲ့ သစ်ထုတ်ကြတာရှိတယ်။ ဥရုကြိုးဝိုင်းကို ကုမ္ပဏီသုံးခု ကိုပေးပြီး ထုတ်ခဲ့ဖူးတယ်။ ကံကောင်းတာက ဒီကျွန်းပင်နှစ်ပင်ရှိတဲ့ တောင်ကြောကို သူတို့မထုတ်နိုင်ခဲ့ဘူး။ တောင်ကြောက မြင့်တယ်။ မထုတ်နိုင်ခဲ့လို့ ကျန်ခဲ့တဲ့အပင်တွေပေါ့။ ကျွန်တော်တို့ကတော့ ဒီတောကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာ စီမံဆောင်ရွက်နေပါတယ်” ဟု အဆိုပါကျွန်းပင်ရှာဖွေရေးအဖွဲ့ တွင်ပါဝင်သူ ဦးသန်းဌေးက ပြောကြားသည်။

လက်ရှိ မှတ်တမ်းတင်ထားသော ကျွန်းပင်များ၏ ရင်စို့လုံးပတ် နှိုင်းယှဉ်ချက်မှာ (၁) ဟုမ္မလင်း-၁- ၂၇ ပေ ၅ လက်မ၊ (၂) ဟုမ္မလင်း- ၂- ၂၇ ပေ၊ (၃) ဗန်းမောက် ၂၆ ပေ ၈ လက်မ၊ (၄) ပြင်ဦးလွင် ၂၅ ပေ ၂ လက်မ၊ (၅) အိန္ဒိယ-၁- ၂၅ ပေ ၁ လက်မ၊ (၆) ကောလင်း- ၂၃ ပေ ၁၀ လက်မ၊ (၇) အိန္ဒိယ-၂- ၂၃ ပေ ၇ လက်မ စသည်တို့ဖြစ်ကြောင်း သစ်တောဆိုင်ရာ သတင်းအချက်အလက်အရ သိရသည်။

“ကျွန်တော်က ပရဆေးရှာဖွေရင်း ဒီသစ်ပင်ကြီးကို တွေ့တာပါ။ ဒီသစ်ပင်ကြီးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာက သစ်ပင်သစ် တောကိုချစ်ခင်တဲ့ လူမျိုးဆိုတာ ကမ္ဘာက သိစေချင်လို့ သက်ဆိုင်ရာနယ်မြေခံ တောအုပ်တွေကို အကြောင်းကြားပြီး ရောက်လာခဲ့တာပါ” ဟု စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် နောင်ကန်အုပ်စု နောင်ကူးကျေးရွာနေဦးတင်ရွှေက ပြောကြားသည်။

Most Read

Most Recent