မြိတ်ကျွန်းစု ပင်လယ်ပြင်အတွင်း ဥပဒေမဲ့ ငါးဖမ်းခြင်းများကြောင့် ငါးသယံဇာတများ ရှားပါးလာပြီး ရေလုပ်သားများ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရ

မြိတ်ကျွန်းစု ပင်လယ်ပြင်အတွင်း ဥပဒေမဲ့ ငါးဖမ်းခြင်းများကြောင့် ငါးသယံဇာတများ ရှားပါးလာပြီး ရေလုပ်သားများ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရ
Published 25 September 2018

မြိတ်ကျွန်းစု ပင်လယ်ပြင်အတွင်းမှ ဒေသခံတံငါသည်များ၏ တင်ပြထားချက်များကို တာဝန်ရှိသူများက လျစ်လျူရှုနေသည့်အတွက် ငါးသယံဇာတများ ရှားပါးလာနေပြီး ရေလုပ်သားများအတွက် စားဝတ်နေရေးပါ အခက်အခဲများ ကြုံတွေ့နေရပြီဖြစ်ကြောင်း တံငါသည်များက ပြောကြားသည်။

ပင်လယ်ပြင်အတွင်း ငါးဖမ်းလှေကြီးများမှ ကမ်းနီးသို့ ဝင်ရောက်ငါးခိုးဖမ်းခြင်း၊ စည်းကမ်းမဲ့ငါးဖမ်းနည်းများနှင့် ပင်လယ်ပြင်အတွင်း ပိုက်အသေချထားသည့် ငါးဖမ်းနည်းစနစ်များကြောင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေရသည့် တံငါသည်များအဖို့ ငါးဖမ်းရမည့် ရေပြင်ဧရိယာပင် မကျန်တော့သည့် အနေအထား ဖြစ်လာနေကြောင်း တံငါသည်များက ပြောကြားသည်။ ဥပဒေမဲ့ငါးဖမ်းခြင်းများကြောင့် ဒေသခံတံငါသည်များအဖို့ ငါးဖမ်းခြင်း လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘဲ ကြုံရာကျပန်းအလုပ်များကို ဝင်ရောက် လုပ်ကိုင်လာရသည်အထိ အခြေအနေ ဆိုးရွားလာနေပြီဖြစ်ကြောင်း သိရသည်။

“ဒီနှစ်ထဲမှာ လုံးဝမရဘူး။ ထမင်းစားဖို့တောင် မရတဲ့အထိ ရှားပါးနေတယ်။ ကျွန်မတို့ဆီမှာ ဝါလတ်၊ ဝါတန်း၊ ကျားပိုက်၊ စိန်ပိုက်တွေက ရေလုပ်သားတွေ ငါးဖမ်းတဲ့နေရာတွေမှာ လာလုပ်ထားကြတော့ လုပ်ကိုင်စားသောက်ဖို့ ရေပြင်တောင်မရှိတော့ဘူး။ ငါးမုတ်ပိုက်လှေတွေက ပင်လယ်ထဲကိုသွားပြီး ငါးဖမ်းတဲ့အခါမှာ တစ်ကောင်မှမရတဲ့ အခေါက်လည်းရှိတယ်။ အကောင်ရေ ၂၀ လောက်ရတဲ့ အခါလည်းရှိတယ်။ နောက်ဆုံး အခုကျွန်မမှာ ပိုက်လှေတောင် ပြုတ်သွားပြီ။ ဒီတစ်နှစ် အတောအတွင်းမှာ ရွာနှင့်ချီပြီ ဒီလိုအဖြစ်မျိုး ကြုံနေရတယ်။ အခုရွာမှာ မိသားစု ထမင်းနပ်မှန်ဖို့ ကြုံရာကျပန်းအလုပ်တွေ လုပ်နေရတယ်။ စိန်ပိုက်နှင့်ကျားပိုက်က နေရာအပြည့်ယူထားတော့ ကျွန်မတို့မှာ ပိုက်ကွန်ပစ်ဖို့ နေရာတောင်မရှိတော့ဘူး” ဟု ပရည်တောင်ရွာမှ ဒေါ်သင်းသင်းမော်က ဆိုသည်။

မြိတ်ကျွန်းစုအတွင်းရှိ ရေပြည့်အော်၊ စခန်းသစ်စတဲ့နေရာများတွင်လည်း ငါးသယံဇာတများ ရှားပါးနေပြီး တံငါသည်များမှာ အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။ အဆိုပါ ရေပြင်များတွင် စိန်ပိုက်၊ ကျားပိုက်များကို နေရာသတ်မှတ်ခြင်း၊ ရွာအနီးမှဖယ် ရှားပေးခြင်း ပြုလုပ်ပေးပါက ဒေသခံ တံငါသည်အများစု လုပ်ကိုင်နေသော ငါးမုတ်ပိုက်လှေများ ပြန်လည်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း တံငါသည်များက ဆိုသည်။

“ကမ်းနီးရေပြင်မှာသော်လည်းကောင်း၊ ကမ်းဝေးရေပြင်မှာသော်လည်းကောင်း အစိုးရပိုင်းမှ ရှာဖွေဖမ်းဆီးပြီး အရေးယူဆောင်ရွက်နိုင်မှု အတော်လေး အားနည်းနေတာကို တွေ့ရပါတယ်။ ခရိုင်ကျော် ငါးဖမ်းခိုးလှေတွေကိုလည်း အရေးယူနိုင်ခြင်း မရှိသလို ဒေသခံ တစ်နိုင်တစ်ပိုင် ကမ်းနီးရေလုပ်သားတွေရဲ့ တင်ပြချက်တွေကိုလည်း အစိုးရမှ လျစ်လျူရှုနေတာတွေရှိတယ်။ အစိုးရပိုင်းအနေဖြင့် ထိထိရောက်ရောက် လုပ်ဆောင်ဖို့ဆိုရင် အဖွဲ့အစည်းတွေဖွဲ့ပေးပြီး ကမ်းဝေး၊ ကမ်းနီးရေပြင်တွေမှာ ထိန်းချုပ် လုပ်ဆောင်သွားမယ်ဆိုရင် မကြာမီအချိန်အတွင်းမှာ ကမ်းနီးရေလုပ်သားတွေရဲ့ဘဝဟာ ပြန်ပြီးအဆင်ပြေလာမယ့် အနေအထားမှာ ရှိနေပါတယ်။ ခြုံငုံသုံးသပ်ကြည့်ရမယ်ဆိုရင် ဒုံးကျွန်းရေပြင်တစ်ခွင်မှာ ရှိနေတဲ့ ဝါလတ်၊ ဝါတန်း၊ ဝိုင်းချုပ်လှေတွေကို အစိုးရပိုင်းမှ အရေးယူနိုင်မှု မရှိပါဘူး။ ထင်တိုင်းကြဲနေတာကိုပဲ တွေ့နေရပါတယ်။ ကမ်းနီးလှေကလေးတွေက တင်ပြလိုက်ရင်လည်း ကမ်းဝေးလှေကြီးတွေက ရန်ပြုလာတဲ့ အနေအထားကိုလည်း စောင့်ကြည့်ရှောင်ရှားနေရပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနကို ကျွန်တော်တို့လိပ်မူပြီး တင်ပြထားတာ ရှိပါတယ်။ ဒီနေ့အထိ ဆောင်ရွက်ပေးတာ မရှိသေးဘူး လွှတ်တော်ကိုယ်စားလှယ်တွေ လာရောက်တုန်းကလည်း ကျွန်တော်တို့ တင်ပြပေးပါတယ်။ သုံးနှစ်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ရောက်လာခြင်းမရှိတော့တာကို ဝမ်းနည်းစွာနဲ့ တွေ့မြင်နေရပါတယ်။ အစိုးရပိုင်းက ကမ်းနီးရေပြင်ကို ဥပဒေတစ်ခု သတ်သတ်မှတ်မှတ်နှင့် ထိန်းသိမ်း စောင့်ရှောက်ပေးစေချင်တယ်။ ကမ်းနီးတစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတဲ့သူတွေကို ကူညီပေးစေချင်တယ်။ ဥပမာ အရင်းအနှီး ထုတ်ပေးတာတွေ၊ အတိုးနှုန်းနည်းနည်းနှင့် ချေးငွေတွေချပေးမယ်ဆိုရင် ကျွန်တော်တို့ဘဝတွေကို ရှေ့ဆက်ရပ်တည်လို့ရတဲ့ အနေအထား ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ကျေးရွာသူရွာသားတွေရဲ့ ဆန္ဒက ပရည်ကျွန်းကျေးရွာကနေ ဒုံးကျွန်းရေပြင်အထိ အစုအဖွဲ့တွေဖွဲ့ပြီး အဏ္ဏဝါရေပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ချင်ပါတယ်။ ဒီလိုထိန်းသိမ်းမှလည်း ငါးသယံဇာတတွေ ပြန်လည်ပေါများလာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ရေလုပ်သားများအရေးကို ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်လင်းစိုးက ပြောကြားသည်။

Most Read

Most Recent