ရွှေဘုံသာလမ်းတွင် ဒေါ်လာအရောင်းအဝယ် ပြုလုပ်နေသူများကို စသုံးလုံးမှ ခေါ်ယူစစ်ဆေး

ရွှေဘုံသာလမ်းတွင် ဒေါ်လာအရောင်းအဝယ် ပြုလုပ်နေသူများကို စသုံးလုံးမှ ခေါ်ယူစစ်ဆေး
Published 25 September 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင် ဒေါ်လာအရောင်းအဝယ် ပြုလုပ်နေသူများကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောကြားသည်။

“ဒီနေ့ပဲ ခေါ်ယူစစ်ဆေးနေပါတယ်။ အထက်က ညွန်ကြားချက်နဲ့ပေါ့။ ကျန်တဲ့ရက်တွေမှာလည်း ခေါ်ယူစစ်ဆေးမှာပါ” ဟု ဦးအောင်မျိုးက ပြောကြားသည်။

ယင်းသို့ခေါ်ယူစစ်ဆေးရာတွင် ဒေါ်လာငွေကြေး ကစားနေခြင်းနှင့် ပတ်သက်ပြီး ခေါ်ယူမေးမြန်းခြင်းဖြစ်ကာ အသေးစိတ်အား နောက်ပိုင်းမှသာ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် စစ်ဆေးချက်များကို ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ဦးအောင်မျိုးက ပြောကြားသည်။

အဆိုပါ ရွှေဘုံသာလမ်း (ခ) မဂိုလမ်းမှာ ဒေါ်လာဈေးကစားခြင်းနှင့် ပတ်သက်ပြီး နာမည်ကြီးနေရာတစ်ခုဖြစ်ကြောင်း၊ စက်တင်ဘာ ၂၄ ရက်တွင် ရွှေဘုံသာလမ်းရှိ ဒေါ်လာဈေးကစားသူ လေးဦးခန့်အား ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း ရွှေဘုံသာလမ်းတွင် ဒေါ်လာအရောင်းအဝယ် ပြုလုပ်သူတစ်ဦးက ပြောကြားသည်။

ရွှေဘုံသာလမ်းမှာ ယခင်က ရွှေ၊ ကျောက်နှင့် ဒေါ်လာအရောင်းအဝယ် ပြုလုပ်ရာနေရာဖြစ်ပြီး ယင်းဈေးကွက်မှာ တနိုင်ငံလုံးရှိ ဒေါ်လာပေါက်ဈေးအား ထိန်းချုပ်ထားသည့် နေရာတစ်ခု ဖြစ်သည်။

“ဘဏ်တွေမှာ ဒေါ်လာဝယ်ဖို့ ရောင်းဖို့ဆို မှတ်ပုံတင်ဘာညာ တောင်းနေသေးတယ်။ ဒေါ်လာ ၂၀၀ လောက် လွှဲတာကို စစ်ဆေးတာကများသလား မမေးနဲ့။ အဲဒီမှာ ဒေါ်လာ သုံးလေးသောင်းလောက် ရောင်းဝယ်တာကို အကြွေလို့ပဲ သုံးတယ်” ဟု ရွှေဘုံသာလမ်းတွင် ဒေါ်လာသွားရောက် ရောင်းချခဲ့သူတစ်ဦးက ဆိုသည်။

စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒေါ်လာအရောင်းအဝယ် ပြုလုပ်နေသူများကို စစ်ဆေးသွားမည်ဖြစ်ပြီး ငွေဖြူငွေမည်း ကိစ္စများကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ကာ သင့်လျော်သော အရေးယူမှုများ ရှိလာမည်ဖြစ်ကြောင်း ပြောကြားထားသည်။

“ဥပမာဈေးကွက်ထဲမှာ ဖြစ်နေတာက ခုနလို တမင်သက်သက် အကျိုးစီးပွားအတွက် ဈေးကစားတယ်ဆိုတဲ့လူတွေရှိတယ်။ တချို့ကျတော့လည်း အကြောင်းရင်း တစ်စုံတစ်ရာ ရှိလိမ့်မယ်ပေါ့။ သူရဲ့နောက်ခံ အကြောင်းရင်းကြောင့် လုပ်တာရှိတယ်။ တမင်သက်သက်ကို ဝင်ပြီးတော့ ကစားနေတဲ့သူတွေ ရှိတယ်လို့လည်းပြောတယ်။ ကျွန်တော်တို့ပြောသလို Reexport ပိတ်တဲ့အချိန်မှာ Export ပါမစ်တွေ အများကြီးယူထားတယ်ဆိုတဲ့ဟာ။ ပြီးတော့ ပါမစ်ပြန်ရောင်းစားတယ် ဆိုတဲ့ဟာတွေလည်း သတင်းတွေကြားရတယ်။ ဒါတွေက ပြောကြားချက်တွေဖြစ်တယ်။ အဲဒါကို Confirmation ပေးဖို့ ကျွန်တော်တို့ကြိုးစားနေတယ်။ Confirmation ရပြီဆိုရင်တော့ အဲဒီရတဲ့ အချက်အလက် တကယ့်လက်တွေ့ အနေအထားကသိမှ ကျွန်တော်တို့က လုပ်လို့ရမှာ။ ဥပမာ ဟိုဘက်မှာ မြန်မာနိုင်ငံမှာ ဒေါ်လာကို အလုံးနဲ့အရင်းနဲ့ ရောင်းဝယ်နေတဲ့သူ အနည်းငယ်ပဲရှိတယ်။ အရင်တုန်းကလိုမျိုးဆိုရင် တစ်ခါတည်း ဆွဲစေ့လိုက်မှာပေါ့ဗျာ။ အဲဒါဆို ငြိမ်သွားတယ်။ အဲဒါကို လုပ်လည်းမလုပ်ချင်ဘူး။ လုပ်လည်း မလုပ်ဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်တွင် အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းမှာ ညနေအပိတ်ဈေးအဖြစ် ၁၅၉၅ ဖြင့် ပိတ်ခဲ့သည်။ စက်တင်ဘာ ၂၄ ရက်တွင် ဗဟိုဘဏ်မှ ဒေါ်လာ ၁ ဒသမ ၃ သန်း ထုတ်ရောင်းခဲ့ပြီး ငွေလဲနှုန်းအား ၁၅၉၀ အဖြစ် သတ်မှတ်ခဲ့သည်။

Most Read

Most Recent