အနောက်တံခါးက ဘဝလုံခြုံမှု ကင်းမဲ့နေတဲ့ တိုင်းရင်းသားတွေကို ဘယ်လိုကာကွယ်ပေးကြမလဲ

အနောက်တံခါးက ဘဝလုံခြုံမှု ကင်းမဲ့နေတဲ့ တိုင်းရင်းသားတွေကို ဘယ်လိုကာကွယ်ပေးကြမလဲ
Published 23 September 2018

တောင်ပေါ်ကျေးရွာများမှစွန့်ခွာလာကြသည့် မြိုတိုင်းရင်းသားမိသားစုများကို မောင်တောမြို့နယ်မြောက်ပိုင်း သီဟိုဠ်တောကျေးရွာတွင် ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းက တွေ့ရစဉ်

မကြာသေးတဲ့ ရက်ပိုင်းက စက်တင်ဘာ ၁၉ ရက်နေ့မှာ မောင်တောမြောက်ပိုင်း သစ်တုံးနားခွဆုံ ကျေးရွာသစ်မှာ နေထိုင်နေတဲ့ မြိုတိုင်းရင်းသား ဦးဒူလူဟာ ရွာအပြင်ဘက် တောစပ်နားမှာ နွားကျောင်းရင်း ညမှောင်လာသည်အထိ ရွာကို ပြန်ကိုပြန် မရောက်လာတော့ပါဘူး။ ရွာသားတွေ လိုက်ရှာတော့ သူထိန်းကျောင်းတဲ့ နွားရှစ်ကောင်အနက် နွားခြောက်ကောင်ကို ပြန်ရှာတွေ့ပေမယ့် နွားနှစ်ကောင်နဲ့ ဦးဒူလူကို ရှာမတွေ့ခဲ့ပါဘူး။ နောက်တစ်နေ့ဖြစ်တဲ့ စက်တင်ဘာ ၂၀ ရက်မှာ မိုးလင်းကတည်းက ပူဆွေးသောက ရောက်နေတဲ့ မိသားစုနဲ့ ရွာသားတွေဟာ ထပ်ရှာကြတော့ နံနက် ၈ နာရီခွဲအချိန်မှာ ဦးဒူလူရဲ့ အလောင်းကို ရွာအရှေ့ဘက် တစ်မိုင်ခွဲအကွာ တောစပ်တစ်နေရာမှာ တွေ့ခဲ့ပါတယ်။ ဦးဒူလူဟာ လည်ပင်းကို ဓားနဲ့ရက်ရက်စက်စက် လှီးဖြတ်ခံထားရတဲ့ ဒဏ်ရာ၊ လက်မောင်းတို့ ဒူးတို့မှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သက်ဆိုင်ရာက အတည်ပြု ခဲ့ပါတယ်။

ဦးဒူလူဟာ အကြမ်းဖက်မှု ဖြစ်ပြီးနောက်ပိုင်း မတ်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံ မောင်တောဒေသကို ဝင်ရောက်လာခဲ့ပြီး သစ်တုံးနားခွဆုံ ကျေးရွာသစ်မှာ မျိုးနွယ်တူ မြိုတိုင်းရင်းသား တွေနဲ့အတူ အေးချမ်းစွာ နေထိုင်ပြီး ကျေးရွာသားတွေရဲ့ နွားတွေကို အငှားထိန်းကျောင်းနေသူ ဖြစ်ပါတယ်။

မြိုတိုင်းရင်းသား ဦးဒူလူဟာ အသက် ၄၀ အရွယ်ဖြစ်ပြီးတော့ သူ့မှာ လူမမယ် ကလေးလေးယောက်နဲ့ အလုပ်လက်မဲ့ ဇနီးတစ်ဦး ကျန်ခဲ့ပါတယ်။

ဦးဒူလူရဲ့ အလောင်းကို သက်ဆိုင်ရာက စစ်ဆေးပြီး မောင်တောဆေးရုံကို ပို့လိုက်ပါတယ်။ စက်တင်ဘာ ၂၁ ရက်မှာတော့ မောင်တော သုသာန်မှာ မြေမြှုပ်သြင်္ဂိုဟ် လိုက်ပါတယ်။ ဦးဒူလူရဲ့မိန်းမ ဒေါ်ကော်ရာမ်ဟာ ချစ်လှစွာသော သူ့လင်ယောက်ျား အလောင်းကိုကြည့်ရင်း သူနဲ့အတူ ကျန်ရစ်တဲ့ ရင်ခွင်ပစ်ကလေးနဲ့ လူမမယ်ကလေးတွေကို ဖက်ပြီး တရှုပ်ရှုပ် ငိုကြွေးနေပါတယ်။ ဘာစကားမှ မပြောပါဘူး။ သူ့ရင်ထဲမှာ ယူကျုံးမရမှုတွေ၊ ကလေးတွေနဲ့ ဘယ်လိုဘ၀ ရှေ့ဆက်မလဲ ဆိုတာတွေ၊ ဘဝလုံခြုံမှု မရှိတဲ့ သူတို့ရဲ့ ဘဝတွေကို ရင်ထုမနာ တွေးနေပါလိမ့်မယ်။

တကယ်တော့ မောင်တောဒေသမှာ နေထိုင်နေကြတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ ဘဝဟာ လုံခြုံမှု ကင်းမဲ့နေသလို ဖြစ်နေတာ အခုမှ မဟုတ်ပါဘူး။ အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ ဒေသမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေဟာ ဘယ်အချိန် ဘာဖြစ်လာမလဲ ဆိုတာကို တစ်ယောက်မှ ကြိုမပြောနိုင်သလို၊ အန္တရာယ်တွေက မထင်မှတ်တာက ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် မြို့နှင့်အလှမ်းဝေးတဲ့ ကျေးရွာတွေက ရွာသားတွေဟာ အမြဲတမ်း အသက်အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။

ရွာပြင်ထွက်ရင် စိုးရိမ်ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ညဆို ကင်းစောင့်ရတယ်။ နေ့ခင်းဆိုရင်လည်း တောင်ကို မတက်နိုင်သလို ချောင်းကိုလည်း မဆင်းနိုင်ပါဘူး။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှာ မောင်တောနယ်စပ်မှာရှိတဲ့ လုံခြုံရေးစခန်းတွေကို ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေ အလစ်အငိုက်ဝင်ပြီး တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပြီးနောက် အကြမ်းဖက်အဖွဲ့တွေကို နယ်မြေရှင်းလင်းတဲ့ အချိန်မှာ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်မှုရှိတဲ့ ဘင်္ဂါလီကျေးရွာသားတွေ၊ အကြမ်းဖက်ရာမှာ ပါဝင်ခဲ့သူတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မောင်တောခရိုင် အတွင်းက ဘင်္ဂါလီ ငါးသိန်းကျော်ဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာ သွားကြပါတယ်။

အလားတူ မောင်တောဒေသက တိုင်းရင်းသား အားလုံးနီးပါးဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ နေရပ်ကို ပြန်လာခဲ့ကြတယ်လို့ ဆိုပေမယ့် တိုင်းရင်းသားဦးရေ ခြောက်ထောင်ကျော်ဟာ နေရပ်ကို ပြန်မရောက်တော့ပါဘူး။ အဲဒီလိုပဲ  တိုင်းရင်းသား ကျေးရွာတွေမှာ အလုပ်လက်မဲ့ ဖြစ်နေခြင်း၊ လုံခြုံရေးအရ စိတ်မချရခြင်းတွေကြောင့် တစ်စတစ်စ နေရပ်စွန့်ခွာ တာတွေလည်း ဆက်ရှိနေပါတယ်။

နေရပ်စွန့်ခွာသွားလို့ တိုင်းရင်းသားဦးရေ နည်းပါးလာ

အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း နေရပ်စွန့်ခွာတာတွေ ဆက်ရှိနေပါတယ်။

မောင်တောမြို့နယ် အတွင်းမှာ မြိုတိုင်းရင်းသားတွေလို တောင်ယာ လုပ်ကိုင်စားသောက်တဲ့ သက်တိုင်းရင်းသား တွေဟာလည်း တစ်စ တစ်စ နေရပ်စွန့်ခွာတာ ရှိနေတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခု အတွင်းမှာ အကြမ်းဖက်မှုဖြစ်စဉ် လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသားတွေ၊ အပြစ်မဲ့သူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေကို စတေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်းပဲ တိုင်းရင်းသား ကျေးရွာတွေမှာ အိမ်ထောင်စုတွေ နည်းပါးလာတာ နေအိမ်တစ်လုံးတည်းနဲ့ ရွာတွေလည်း ရှိနေပါပြီ။ ဘူးသီးတောင်မြို့နယ်ထဲက ပျာရည်ရခိုင်ရွာဆိုရင် တစ်ရွာလုံး နေရပ်စွန့်ခွာသွားလို့ နေအိမ်တစ်လုံးတည်းသာ ကျန်ရှိပါတော့တယ်။

တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားတဲ့ ဘင်္ဂါလီ အကြမ်းဖက် သမားတွေကိုလည်း အခုအချိန်အထိ ဖမ်းဆီးရမိတာ မကြားရတော့ ဒေသခံတွေကို ပိုလို့စိတ်အားငယ် ရပြီးတော့ ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမားတွေ ပြန်လာရင် ထပ်ပြီးသတ်ဖြတ်ခံရမှာကို စိုးရိမ်နေကြပါတယ်။

ဒါကြောင့်လည်းပဲ ပြန်လည်ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို တိုင်းရင်းသား ကျေးရွာအနီးမှာ နေရာချထားမပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

တောင်ပေါ်ကျေးရွာများမှ စွန့်ခွာလာကြသည့် မြိုတိုင်းရင်းသား မိသားစုအချို့ကို ၂၀၁၈ ခုနှစ် သြဂုတ်လ အတွင်းက တွေ့ရစဉ်

တိုင်းရင်းသားတွေ ဘယ်လောက် နေရပ်စွန့်ခွာခဲ့သလဲ

မောင်တောခရိုင်အတွင်း ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် မတိုင်မီက တိုင်းရင်းသားဦးရေ စုစုပေါင်း ၈၄၆၄၁ ဦး ရှိခဲ့ပြီး ဘင်္ဂါလီဦးရေမှာ ၇၃၃၉၇၃ ဦး ရှိကာ စုစုပေါင်း လူဦးရေမှာ ၈၁၈၆၁၄ ဦး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက် တိုက်ခိုက်အပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ စာရင်းအရဆိုရင် မောင်တောခရိုင် တိုင်းရင်းသားဦးရေ ၇၈၀၈၄ ဦးနဲ့ ဘင်္ဂါလီဦးရေ ၂၄၇၇၄၃ ဦး စုစုပေါင်း လူဦးရေမှာ ၃၂၅၈၂၇ ဦးသာ ကျန်ရှိပါတော့တယ်။

ဒီစာရင်းအရဆိုရင် အကြမ်းဖက် ဖြစ်စဉ်ကြောင့် မောင်တောဒေသကနေ တိုင်းရင်းသား စုစုပေါင်း ခြောက်ထောင်ကျော် နေရပ်စွန့်ခွာ သွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲသလိုပဲ ဘင်္ဂါလီ လေးသိန်းရှစ်သောင်းကျော်ဟာလည်း တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး စာရင်းအရ မောင်တောခရိုင် အတွင်းကနေ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်သွားသူဟာ ၅၀၅၄၇၇ ဦး ရှိတယ်လို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကနေ ရရှိတဲ့ စာရင်းအရ သိရပါတယ်။

အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်းမှာ အစိုးရကနေ တိုင်းရင်းသားတွေ စုစည်းရွာတွေ ချပေးပြီး နေအိမ်တွေ တည်ဆောက်ပေးပါတယ်။ အဲဒီအထဲမှာ သစ်တုံးနားခွဆုံ ကျေးရွာသစ်ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

သစ်တုံးနားခွဆုံကျေးရွာဟာ တောင်ပေါ်ကျေးရွာတွေဖြစ်တဲ့ ခရုချောင်း၊ မျောက်ခေါင်းတောင်၊ ပန်းချောင်း၊ အင်းချောင်း (အောက်ရွာ) စတဲ့ကျေးရွာတွေက ကျေးရွာသားတွေကို  စုစည်းထားတဲ့ရွာ ဖြစ်ပြီးတော့ အစိုးရအဖွဲ့နဲ့ အစိုးရအဖွဲ့က နေအိမ်တွေ ဆောက်လုပ်လှူဒါန်းထားတာ ဖြစ်ပါတယ်။

အဲဒီစုစည်းရွာသို့ ဦးဒူလူ မိသားစု အပါအဝင် မြိုမိသားစု (၃၀ စု) နဲ့ဒိုင်းနက်မိသားစု လေးစုဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ဝင်ရောက်လာပြီး ခိုလှုံနေကြတာ ဖြစ်ပါတယ်။

၂၀၁၈ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်ကာ လက်ရှိအချိန်အထိ ရခိုင်၊ မြိုနဲ့ မျိုးနွယ်စုဝင် တိုင်းရင်းသား စုစုပေါင်း ၃၄၅ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မောင်တောမြို့နယ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင်၊ တန်းဆိပ်မြို့နယ်၊ မော်တုတ်ကြီး ကျေးရွာမှ ရခိုင်အိမ်ထောင်စု ၂၄ စု စုစုပေါင်း လူဦးရေ ၈၁ ဦး၊ သစ်တုံးနား ခွဆုံကျေးရွာသစ်မှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင်၊ တန်းဆိပ်မြို့နယ်၊ လမားကျေးရွာမှ မြိုမိသားစု (၃၀ စု)၊ လူဦးရေ ၁၅၅ ဦးနှင့်ဒိုင်းနက်မိသားစု လေးစု လူဦး ရေ ၂၇ ဦးစုစုပေါင်း လူဦးရေ ၁၈၂ ဦး နှင့် သုပဏ္ဏက ကျေးရွာတွင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံ၊ အလယ်ခေါ်တော် ခရိုင်၊ ဘော်ဘီတီကျေးရွာမှ မြိုမိသား စု ၁၁ စု လူဦးရေ ၆၃ ဦး၊ တောင်ပြို နယ်စပ်နံ့သာတောင် ကျေးရွာတွင် ရခိုင်လူမျိုးခြောက်ဦး နှင့်မီးတိုက် ကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာ ဘန်ခရိုင် အလီခေါ်တောင် မြို့နယ် ရွမ်ဘို (ဒိုင်း နက်)ရွာမှ ဒိုင်း နက် လူမျိုး ၁၃ ဦးတို့ ရောက်ရှိ နေထိုင်လျက် ရှိကြပါတယ်။

မြိုတိုင်းရင်းသားတွေဟာ မောင်တောမြို့နယ်မှာ စုစုပေါင်း လူဦးရေ ခြောက်ထောင်ကျော် နေ ထိုင်ပြီးတော့ မေယုတောင်တန်း တွေပေါ်မှာ တောင်ယာတွေလုပ် ကိုင်ပြီး ဘဝကို အေးချမ်းစွာဖြတ် သန်းလာကြတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ဟာ ရိုးသားကြပြီး ဘာလူမျိုးနဲ့မှ ပြသနာ မရှိကြပါဘူး။ လောဘနည်း ဒေါသနည်းတဲ့သူတွေ ဖြစ်ပါတယ်။

အဲဒီလိုပဲ တောင်တန်းတွေ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်တန်းတွေပေါ်မှာလည်း မြိုတိုင်းရင်းသားတွေ တောင်ယာလုပ်ရင်း နေထိုင်လာခဲ့ကြတာ နှစ်ရာထောင်ချီ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မပေါ်ပေါက်ခင် ရှေးရခိုင်ဘုရင် ခေတ်ကတည်းက နတ်မြစ်တစ်ဖက်ကမ်းမှာ နေထိုင်လာကြသူတွေ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာတဲ့ အခါကျမှ ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားတွေဟာ နိုင်ငံကွဲ ဒေသကွဲသလို ဖြစ်သွားခဲ့ကြပေမယ့် ဓလေ့၊ ထုံးစဉ်၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုတွေက ပုံစံမပျက် အတူရှိနေခဲ့ ကြတာလည်း ဖြစ်ပါတယ်။

ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်တန်းဒေသတွေမှာ ဘင်္ဂါလီတွေ မရှိပေမယ့် အခုဘင်္ဂါလီတွေ ရပ်ရွာ တိုးချဲ့လာခြင်း၊ တောင်ယာလုပ်ငန်းတွေကို တားမြစ်လာခြင်း၊ လူနည်းစုကို လူအများစုက နိုင်ထက်စီးနင်းပြုပြီး ဥပဒေအရ အကာအကွယ်မရခြင်း၊ ပညာရေး၊ ကျန်းမာရေး မပြည့်စုံခြင်းတို့ကြောင့် မြန်မာနိုင်ငံက သူတို့ရဲ့ မျိုးနွယ်စုတွေရှိတဲ့ နေရာတွေကို ဝင်ရောက်ခိုလှုံ လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကိုယ့်အမျိုးတွေရှိတဲ့ မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့ ပေမယ့်လည်း အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ မောင်တောဒေသမှာလည်း သူတို့ရဲ့ ဘဝလုံခြုံရေး အာမခံချက်ဟာ မရှိ ဆိုတာကို ဦးဒူလူက သက်သေထူနေပါတယ်။

အစိုးရက ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေ ပြန်ဝင်လာရေးအတွက် ကုလသမဂ္ဂ အဖွဲ့တွေနဲ့တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတွေနဲ့ ချိတ်ဆက်လုပ်ဆောင် နေပေမယ့် နှစ်နိုင်ငံ အစိုးရချင်း သဘောတူထားတဲ့ လမ်းအတိုင်း ဝင်ရောက်လာသူ အခုထိ တစ်ဦးတစ်ယောက်မှ မရှိသေးပါဘူး။ ဒါပေမဲ့ မောင်တောဒေသကို နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ပြီး ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကတော့ ဖမ်းဆီးရမိတဲ့ အရေအတွက်တောင် တစ်ရာကျော်ပါတယ်။ ခိုးဝင်လာလို့ ဖမ်းဆီးမိတဲ့ သူတွေကိုလည်း နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လည် လက်ခံထားတာ ရှိပါတယ်။ ဒါပေမဲ့ ခိုးဝင်သူတွေ ဆက်ရှိနေဆဲလို့ ဒေသခံ တိုင်းရင်းသားတွေက အမြဲပြောနေတာ ရှိပါတယ်။ နယ်စပ်ဖြတ်ကျော် ခိုးဝင်တယ်။ နွားတွေကို ခိုးတယ်။ ရွာအပြင် တောစပ်၊ ချောင်းစပ်တွေမှာတွေ့တဲ့ တိုင်းရင်းသားတွေကို သတ်ဖြတ်တယ်။ ဒါတွေဟာ အကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်းမှာ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။

ဦးဒူလူ သတ်ဖြတ်ခံရမှုဖြစ်စဉ် မတိုင်ခင်မှာလည်း အလားတူ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။

ဧပြီ ၄ ရက်က မောင်တော မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှာ ခိုလှုံနေကြတဲ့ မြိုတိုင်းရင်းသား အမျိုးသား သုံးဦးနဲ့ မြိုအမျိုးသမီး ငါးဦး စုစုပေါင်း ရှစ်ဦးသည် ဘော်တလာ ကျေးရွာဘက်ကို ဟင်းစားရှာသွားရင်း ရွှေဇံချောင်းနားမှာ ဓား ရှည်ကိုယ်စီကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီသုံးဦးနဲ့တွေ့လို့ ထွက်ပြေး လာခဲ့ကြပေမယ့် ဒေါ်ဆောင်ရွေး ဆိုတဲ့ မြိုအမျိုးသမီး သတ်ဖြတ်ခံခဲ့ရပါတယ်။

ဧပြီ ၁၄ ရက်ကလည်း မောင် တောမြောက်ပိုင်း သဲချောင်းအုပ်စု သင်္ဘောလှကျေးရွာနေ ဒေါ် မလာ နု (၁၉ နှစ်) မိခင်ဖြစ်သူ ဒေါ်ပန်း ညွန့်(၄၅ နှစ်) တို့ဟာ သင်္ဘောလှကျေးရွာ၏ အနောက်ဘက် ချောင်းစပ်တွင် အဝတ်လျှော်နေရင်း မိခင်ဖြစ်သူ ဒေါ်ပန်းညွှန်က ရေချိုးပြီး ရွာပြန်သွားစဉ် ဘင်္ဂါလီအကြမ်းဖက် နှစ်ဦးရောက်လာပြီး သူမရဲ့ဦးခေါင်း ကို ချောင်းရေမှာနှစ်ပြီး သင်္ဘောလှ ကျေးရွာမှာ စစ်ကြောင်းရှိလား မေးမြန်းခြိမ်းခြောက်တာကို ခံခဲ့ရပါတယ်။

ဧပြီ ၁၉ ရက်က မောင်တော မြို့နယ်မြောက်ပိုင်း မင်းကြီးကျေးရွာကို ညအချိန် ဝင်ရောက်လာခဲ့တဲ့ ဘင်္ဂါလီ တစ်ဦးကို ကျေးရွာသားတွေ ဖမ်းမိခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက်နေ့လယ်ပိုင်းကလည်း မင်းကြီးရွာအနီးမှာ ဓားကိုင်ထားတဲ့ ဘင်္ဂါလီငါးဦးကို ရွာသားတွေ တွေ့ရှိခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

မောင်တောဟာ သာလာယံ ဇရပ်လို ဖြစ်နေပြီလား

အကြမ်းဖက်ဖြစ်စဉ်ပြီး နောက်ပိုင်း တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို  ပြန်လည် လက်ခံရေး အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေပေမယ့် တရားဝင် လမ်းကြောင်းကနေ ဝင်မလာဘဲ ခိုးဝင်လာသူတွေ ရှိနေတယ်။ မြို့၊ ရွာတွေမှာ လူတွေ တစ်စတစ်စ များပြားလာနေတယ်။ မြို့ပေါ်မှာတောင် မျက်နှာစိမ်းတွေကို မြင်တွေ့နေရပြီလို့ ဒေသခံ တိုင်းရင်းသားတွေက ပြောဆိုနေကြပါပြီ။

“တရားမဝင် ဖြတ်ကျော်တာတွေ၊ နယ်စပ်ဖြတ်ကျော် ခိုးဝင်တာတွေ ရှိနေပါတယ်။ မောင်တောမှာက နတ်မြစ်ထဲမှာလည်း NAVY တွေရှိတယ်။ ကမ်းခြေမှာလည်း လုံခြုံရေးလည်းရှိတယ်။ ဘယ်လိုခိုးဝင်လို့ရမလဲ။ အခုက တရားဝင် သွားလာနေသလို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် ကျွန်တော်တို့ မောင်တောမြို့နယ်ဟာ သာလာယံဇရပ်လို ဖြစ်နေပါတယ်။ ဘာကြောင့် အဲဒီလို ဖြစ်နေလဲဆိုရင် တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်ရတာ” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ဝေဖန်ပါတယ်။

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများထဲက ၂၀၁၈ ခုနှစ် ဧပြီကနေ စက်တင်ဘာလအထိ  UEHRD လုပ်ငန်းစဉ်ဖြင့် တရားဝင် ပြန်လည်လက်ခံခဲ့သူ စုစုပေါင်း ၁၇၁  ဦးသာ ရှိပါသေးတယ်။

ဝင်ရောက်လာသူတွေမှာ ၂၀၁၈ ခုနှစ် ဧပြီ ၁၄ ရက်က တောင်ပြို လက်ခံရေးစခန်းမှ ဝင်ရောက်လာခဲ့ သူ ငါးဦး၊ ဇူလိုင်လ ၂၁ ရက်က ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှ ပြန် လည်ဝင်ရောက်လာသူ ခြောက်ဦး၊ စက်တင်ဘာ ၄ ရက်က တောင်ပြို လက်ခံရေးစခန်းမှ ပြန်လည်ဝင် ရောက်လာသူ ခြောက်ဦး စုစုပေါင်း ၁၇ ဦးသာ တရားဝင် ဝင်ရောက်လာ သူတွေဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ပြန်လည်ခိုးဝင်လာလို့ ဖမ်းဆီးရမိ သူ ၆၂ ဦးကိုလည်း အရေးယူပြီး နောက် နိုင်ငံတော်သမ္မတရဲ့ လွတ် ငြိမ်းချမ်းစွာနဲ့ ပြန်လွှတ်ပေးပြီး ပြန် လည်လက်ခံရေးစခန်းကိုပို့ကာ လက်ခံခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လ အတွင်းက ရသေ့တောင် ကမ်းခြေ သို့ စက်လှေပျက်ပြီး ရောက်ရှိ လာသူ ၉၂ ဦးဟာလည်း တရားဝင် ပြန်လည် ဝင်ရောက်လာသူတွေ မဟုတ်ပါဘူး။

စာရင်းတွေ အရပြောရရင် တရားဝင် သက်ဆိုင်ရာ ပြန်လည် လက်ခံရေးစခန်းကို အကြောင်းကြား ပြီးပြန်ဝင်လာသူမှာ ၁၇ ဦးသာရှိပြီး ကျန်ဘင်္ဂါလီတွေဟာ ခိုးဝင်တွေဖြစ် ပါတယ်။

ဇွန် ၂၈ ရက်က တစ်ဖက်နိုင်ငံမှ လူ ၁၂ ဦးခန့်ဟာ  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံထားတာကို လာဖျက်ဆီးလို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခြောက်လှန့် ပစ်ခတ်ခဲ့ရကြောင်း၊ ဇူလိုင် ၁၆ ရက်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအား ကျော်တက်ခိုးဝင်ရောက်လာသူ ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုင်းရင်းသားတွေအတွက် ရွာသစ်တွေ တည်ပေးတယ်

ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်ရန်ကို စိုးရိမ်တာကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ခိုလှုံနေထိုင်လျက် ရှိကြတဲ့ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်က တောင်ပေါ်နေ မြို၊ ဒိုင်းနက် စတဲ့မျိုးနွယ်စုဝင်တွေ အတွက် နေအိမ်များ တည်ဆောက်ပေးပြီး ဘဝရေရှည် တည်တံ့နိုင်ရေး အတွက် UEHRD အစီအစဉ်နဲ့ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေးအတွက် ဆောင်ရွက်လျက်ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြည်နယ်လွှတ်တော်မှာ ပြောပါတယ်။

တိုင်းရင်းသား မျိုးနွယ်စုတွေဟာ သစ်တုံးနားခွဆုံ၊ ခုံတိုင်ကျေးရွာ၊ သုပဏ္ဏက၊ ခမောင်းဆိပ် စတဲ့ရွာတွေမှာ ဝင်ရောက်ခိုလှုံနေကြတာ ဖြစ်ပြီးတော့ အဲဒီအထဲကမှ သစ်တုံးနား ခွဆုံရွာသစ်တွင် နေအိမ် ၁၀၄ လုံး တည်ဆောက်ပေးပြီး စားနပ်ရိက္ခာအတွက် WFP မှ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဘူးသီးတောင်မြို့နယ်၊ ပန်ဇီရွာနှင့် ဆန်ပြာရွာက မိသားစုဝင်တွေနဲ့ အခြားလာရောက် ခိုလှုံတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေအတွက် ခုံတိုင်ကျေးရွာမှာ နေအိမ် ၂၂၆ လုံး ဆောက်လုပ်ရန် လျာထားပြီး ဆောက်လုပ်ပြီးစီးပါက နေရာချထားပေးမယ်လို့ ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောပါတယ်။

တောင်ပေါ်နေတိုင်းရင်းသားတွေ သတ်ဖြတ်ခံလာရတယ်

အကြမ်းဖက်တိုက်ခိုက်မှု မစတင်မီ ၂၀၁၇ ခုနှစ် သြဂုတ် ၃ ရက်က မောင်တောမြို့နယ် ဇော်မတက် ကျေးရွာအုပ်စု၊ ကိုင်းကြီး (နတလ) ကျေးရွာအရှေ့ဘက် ကိုင်းကြီးမြိုရွာရဲ့ မြောက်ဘက် တစ်မိုင်ခန့်အကွာ မေယုတောင်ကြားမှာရှိတဲ့ တောင်ယာစိုက်ခင်းဆီ သွားရောက်ခဲ့တဲ့ မြိုလူမျိုး ရှစ်ဦးဟာ ARSA အကြမ်းဖက်သမားများတွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ကိုင်းကြီးမြိုကျေးရွာသားတွေဟာ သူတို့ရွာမှာ မနေရဲတော့ဘဲ တစ်ရွာလုံး နေရပ်စွန့်ခွာ ခဲ့ကြပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် သြဂုတ် ၂၅ ရက်နေ့မှာ ARSA ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ မြိုလူမျိုးတွေ အပါအဝင် တိုင်းရင်းသား ၁၇ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးသူတစ်ဦး၊ ဒဏ်ရာရသူ ၁၂ ဦး ရှိခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။ အဲဒီဖြစ်စဉ် မတိုင်ခင် ၂၀၁၆ အောက်တိုဘာကနေ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်အထိ တိုင်းရင်းသား သတ်ဖြတ်ခံခဲ့ရပြီး ပျောက်ဆုံးသူ ၁၀ ဦးထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

“အခုအချိန်မှာ တောင်ပေါ်မှာ ရိုးရိုးသားသား နေလာကြတဲ့ ကျွန်တော်တို့ မြိုလူမျိုးတွေဟာ မြေစာပင်တွေလို တစ်စတစ်စ သတ်ဖြတ်ခံနေရပါတယ်။ ဟင်းခူးသွားလည်း အသတ်ခံရတယ်။ ငါးရှာသွားလည်း အသတ်ခံရတယ်။ နွားကျောင်းရင်းနဲ့လည်း အသတ်ခံရတယ်။ လုံခြုံမှု မရှိလို့ တောင်ပေါ်ရွာတွေကို စွန့်ခွာလာခဲ့ပြီး လုံခြုံရေးရှိတဲ့ အရပ်ဒေသမှာ နေလာပေမယ့် အသတ်ခံနေရဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ ဆင်းရဲကြတယ်။ ပညာမတတ်ကြဘူးဆိုတော့ ဒီလိုသာ သတ်ဖြတ်ခံရကြရရင် လူမျိုးပြုန်းဖို့ပဲ ရှိပါတယ်။ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ မြိုလူမျိုးဦးရေဟာ ၃၀၀၀၀ မပြည့်ပါဘူး” ဟု မြိုတိုင်းရင်းသား စာပေယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးဇနီဖြူက ပြောပါတယ်။

တစ်နှစ်တာ ကာလအတွင်းမှာတော့ မြိုတိုင်းရင်းသားတွေအတွက် နေအိမ်တွေကို အစိုးရကနေ တည်ဆောက် ပေးထားပြီးလည်း ဖြစ်ပါ တယ်။ ဒါပေမဲ့ မြိုတိုင်းရင်းသားတွေရဲ့ မျက်ရည်က မခန်းခြောက်သေးပါ။

“အခု တစ်နှစ်ပြည့်သွားပေမယ့် တောင်ကိုလည်း မတက်ရဲဘူး။ ချောင်းကိုလည်း မဆင်းရဲဘူး။ ဘာဖြစ်လာမလဲ ဆိုတာကို စိုးရိမ်နေရတယ်။ ထပ်ပြီးဖြစ်မှာကို စိုးရိမ်တယ်” လို့ သားတစ်ယောက်၊ ညီတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ ကိုင်းကြီးကျေးရွာက မြိုတိုင်းရင်းသား ဦးစံထွန်းက ပြောပါတယ်။

ထွက်ပြေးဘင်္ဂါလီတွေ နေ့စဉ်နဲ့အမျှ ပြန်လည်ခိုးဝင်နေတာတွေကို ကြပ်ကြပ်မတ်မတ် ဖမ်းဆီးအရေးယူပေးဖို့ မောင်တောမြို့ခံတွေက ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းက တောင်းဆိုခဲ့ကြတာ ရှိပါတယ်။ တိုင်းရင်းသားတွေရဲ့ဘ၀ လုံခြုံရေးတွေ ဘယ်လောက်အထိ အာမခံချက်မရှိ ဖြစ်နေလဲ ဆိုတာကို တိုင်းရင်းသား ကိုယ်တိုင်ပဲ သိကြတာပါ။

နယ်စပ်တစ်လျှောက် မပြတ်ကင်းလှည့်နေတယ်။ လုံခြုံရေးတွေ တိုးချထားတယ် ဆိုပေမယ့် နယ်စပ်ကို ဖြတ်ကျော်ပြီး ခိုးဝင်နေတဲ့ အကြမ်းဖက်သမားတွေဟာ တိုင်းရင်းသားတွေရဲ့ အသက်တွေကို ခြိမ်းခြောက်မှု ရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံတကာကတော့ လူနည်းစု တိုင်းရင်းသားတွေ သတ်ဖြတ်ခံရတာကို မျက်ကွယ်ပြုပြီး ဘင်္ဂါလီတွေ နေရပ်ပြန်လာရေးကိုပဲ ဦးစားပေး ပြောဆိုနေတာ အစိုးရကို ဖိအားပေးနေတာကို တွေ့နေရပါတယ်။

မောင်တောဒေသကို နိုင်ငံတကာ သံတမန်တွေ၊ ဝန်ကြီးတွေ မပြတ်ရောက်နေပါတယ်။ သူတို့အဓိက လာကြည့်တာဟာ ဘင်္ဂါလီတွေ နေရပ်ပြန်လာရေးအတွက် ပြင်ဆင်ထားတာကိုပဲ ဦးစားပေး လာကြည့်တာ ဖြစ်ပါတယ်။ သစ်တုံးနားခွဆုံက မြိုတိုင်းရင်းသား ဦးဒူလူ အသတ်ခံရတဲ့ နေ့ကလည်း မောင်တောဒေသကို ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး Rt.Hon. Jeremy Hunt MP ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူပြန်သွားပြီးနောက် ပြောသွားတာကတော့ ရခိုင်အရေး ဖြေရှင်းရာမှာ တာဝန်ခံမှု တရားမျှတမှု မရှိဘူးဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်ဖို့အပါအဝင် တခြားနည်းလမ်း အားလုံးကို သုံးသပ်သင့်တယ်လို့ ပြောသွားပါတယ်။

ဒါကြောင့် ဘယ်နိုင်ငံ၊ ဘယ်လိုပုဂ္ဂိုလ်မဆို တိုင်းရင်းသားတွေ၊ လူနည်းစုတွေ သတ်ဖြတ်ခံရတာကို မသိကျိုးကျွန် ပြုနေဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် အနောက်တံခါးက လူနည်းစု တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံမှုရှိဖို့ သူတို့ရဲ့ ခံစားချက်တွေ တောင်းဆိုချက်တွေကို လျစ်လျူမရှုဖို့လိုတယ် ဆိုတာကို ဦးဒူလူက အသက်စတေးခံပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

အဓိက,ကတော့ အနောက်တံခါးမှာ ဘဝလုံခြုံမှု ကင်းမဲ့နေတဲ့ တိုင်းရင်းသားတွေကို အစိုးရက ဘယ်လို အကာအကွယ်ပေးမလဲ ဆိုတာကို တိုင်းရင်းသားတွေ မျှော်လင့်နေကြပါတယ်။

 

Most Read

Most Recent