ရန်ကုန်မြို့ပြ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမှုအပါအဝင် မဟာဗျူဟာစီမံကိန်းလေးခုအတွက် ပြင်သစ်နိုင်ငံ ချေးငွေ ယူရိုသန်း ၇၀ မှ ၈၅ သန်းကြား သုံးစွဲမည်ဟုဆို

ရန်ကုန်မြို့ပြ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမှုအပါအဝင် မဟာဗျူဟာစီမံကိန်းလေးခုအတွက် ပြင်သစ်နိုင်ငံ ချေးငွေ ယူရိုသန်း ၇၀ မှ ၈၅ သန်းကြား သုံးစွဲမည်ဟုဆို
Published 23 September 2018

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ရှေးဟောင်းအဆောက်အအုံတစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့ပြ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမှုအပါအဝင် မဟာဗျူဟာ စီမံကိန်းလေးခုအတွက် ပြင်သစ်နိုင်ငံ ချေးငွေ ယူရိုသန်း ၇၀မှ ၈၅ သန်းကြား သုံးစွဲမည်ဖြစ်ကြောင်း ပန်းဘဲတန်းမဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကပြောကြားသည်။

“၂၀၁၆လောက်တုန်းက AFD လို့ ခေါ်တဲ့အဖွဲ့နဲ့ အစိုးရကဆွေးနွေးထားတယ်။ ဆွေးနွေးထားပြီးတော့ သဘောတူညီမှုယူပြီး ၂၀၁၇ကနေ ၂၀၂၁အထိ မဟာဗျူဟာစီမံကိန်းဆောင်ရွက်ဖို့လုပ်တာ။ ဒီ ပရောဂျက်ကြီးတစ်ခုရဲ့ ကုန်ကျငွေက ပြင်သစ်နိုင်ငံ ချေးငွေနဲ့ ယူရိုသန်း ၇၀ လောက်ကနေ ၈၅ သန်း လောက်ကုန်ကျမှာဖြစ်တယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

အဆိုပါ စီမံကိန်းတွင် မြစ်ကြောင်း သယ်ယူပို့ဆောင်စနစ်တွင် ယူရို ၁၇ ဒသမ ၇ သန်းခန့် သုံးစွဲမည်ဖြစ်ကြောင်း၊ သင်္ဘောဆိပ်ကမ်းများ၊ အချက်ပြဆက်သွယ်ရေး ကိရိယာအသုံးပြုရေးကိစ္စများ၊ သောင်တူးဖော်ရေး ကိစ္စများပါဝင်ကြောင်း၊ ငမိုးရိပ် ချောင်းတစ်လျှောက်အားပြုပြင်ရန်အတွက် ယူရို၁၅ ဒသမ ၆ သန်းသုံးစွဲရန် ရည်ရွယ်ထားကြောင်း၊ အဆိုပါစီမံကိန်းတွင် မလွှကုန်းဘူတာ၊ ပုဇွန်တောင်ဈေး အဆင့်မြှင့်တင်ခြင်းများ ပါဝင်ကြောင်း၊ မြစ်ကမ်းပါးနံဘေးတွင် ရှိသည့် မြို့ပြဖွံ့ဖြိုးရေးအတွက် ယူရို ၄ ဒသမ ၉ သန်းကျော်သုံးစွဲရန် လျာထားကြောင်း၊ အဆိုပါစီမံကိန်းတွင် ဗိုလ်တစ်ထောင်မြို့နယ်၊ လမ်းမတော်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးများဆောင်ရွက်ရန် ပါရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်းအဆောက်အအုံတစ်ခုအား တွေ့ရစဉ်

“နောက်တစ်ခုက ရှေးဟောင်းအမွေအနှစ်နဲ့ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကျတော့ ယူရို ၁၃ ဒသမ ၇ သန်း ကျော်လောက်သုံးမယ်။ အဲဒီမှာတော့ ဆိပ်ကမ်းသာလမ်းတို့၊ ပန်းဆိုးတန်းတို့ပါ တယ်။ အမျိုးသားစာကြည့်တိုက်ပြန်လည် ပြင်ဆင်တာတွေ ပါတယ်။ အမျိုးသားစာကြည့်တိုက်အတွက် ယူရိုရှစ်သန်းကတော့ ထောက်ပံ့ငွေလို့ အကြမ်းဖျင်းသိထားတယ်။  အမျိုးသား စာကြည့်တိုက်ကတော့ တင်ဒါခေါ်တာ တွေဘာတွေဆောင်ရွက်နေပြီ။ အခု ပြောထားတာတွေကတော့ အကြမ်းဖျင်းပေါ့ အသေးစိတ်အချက်အလက်ကတော့ အစိုးရ ဆောင်ရွက်တော့မှ ပါလာလိမ့်မယ်”  ဟု ဦးသန်းနိုင်ဦး ကပြောကြားသည်။

စက်တင်ဘာ ၂၁ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းတစ်လျှောက်ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျူဟာစီမံကိန်း ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကြီးကြပ်အကောင် အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်တွင် လုပ်ဆောင်မည့်အစီအစဉ်များထဲမှ မည်သည့်လုပ်ငန်းများကို စတင် အကောင် အထည်ဖော်ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်းကိုမေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်မှ စီမံကိန်းကို ပြင်သစ်ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ချေးငွေ အသေးစိတ်ကို ပြန်လည်ပြောကြား ခဲ့ခြင်း မရှိကြောင်းသိရသည်။

“စီမံကိန်းကို ပြည်ထောင်စု အစိုးရအဖွဲ့ထံကနေ ၂၀၁၈ ဇူလိုင် ၂၅ ရက်က အတည်ပြုချက်ရရှိပြီးဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ရရှိဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မယ့် အဖွဲ့ ကို ဆက်စပ်ဌာနများပါဝင်မယ့် ပူးပေါင်းအဖွဲ့များနဲ့ ထပ်မံဖွဲ့စည်းသွားပြီးတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များကိုလည်း အသိပေးသွားမှာဖြစ်တယ်”  ဟု ဝန်ကြီး ဒေါ်နီလာကျော်က ဆိုသည်။

Most Read

Most Recent