မြန်မာတပ်မတော်မှ ကျူးလွန်ခဲ့မှုများအပေါ် ပြည်တွင်းတွင် တာဝန်ယူပြီးမြောက်မှုမရှိပါက နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ လွှဲပြောင်းခြင်း အပါအဝင် အခြားသောနည်းလမ်းများဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာတပ်မတော်မှ ကျူးလွန်ခဲ့မှုများအပေါ် ပြည်တွင်းတွင် တာဝန်ယူပြီးမြောက်မှုမရှိပါက နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ လွှဲပြောင်းခြင်း အပါအဝင် အခြားသောနည်းလမ်းများဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 21 September 2018

စက်တင်ဘာ ၂၀ ရက်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရမီးဟန့် (ဝဲ) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ တွေ့ဆုံနေစဉ် (Photo: AFP)

မြန်မာတပ်မတော်မှ ကျူးလွန်ခဲ့မှုများအပေါ် ပြည်တွင်းတွင် တာဝန်ယူပြီးမြောက်မှု မရှိပါက နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ လွှဲပြောင်းခြင်း အပါအဝင် အခြားသောနည်းလမ်းများဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရမီးဟန့်က မြန်မာခရီးစဉ်အပြီးတွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ရေရှည်နာမည်ပျက်ခြင်းအား ရှောင်ကျဉ်နိုင်ရန် ဘင်္ဂါလီများအပေါ် ပြစ်မှုများကျူးလွန်ခဲ့သောသူများအတွက် ပုန်းကွယ်၍ ရနိုင်မည့်နေရာမရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရမီဟန့်က စက်တင်ဘာ ၂၀ ရက်တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့မှုကို New York Times က ဖော်ပြခဲ့သည်။

မြန်မာအရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်ခဲ့မှုများအတွက် တာဝန်ခံရန် အရေးကြီးကြောင်းနှင့် မြန်မာပြည်တွင်းထဲမှာပင် တာဝန်ယူမှု မဖြစ်မြောက်ခဲ့ပါက နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းခြင်းမျိုး အပါအဝင် အခြားသော နည်းလမ်းများဖြင့် သုံးသပ်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြထားမှုအရ သိရသည်။

“ပြည်တွင်းလုပ်ငန်းစဉ်တွေနဲ့ တာဝန်ယူပြီးမြောက်မှုမရှိခဲ့ရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဲဒီမှာပဲ အဆုံးသတ်သွားစေမှာ မဟုတ်ဘူး။ ကျူးလွန်ခဲ့တဲ့ ရက်စက် ယုတ်မာမှုတွေအတွက် ဘယ်သူမဆို ပုန်းကွယ်ဖို့ နေရာမရှိဘူးဆိုတာကို ပြတ်ပြတ်သားသား ပြနိုင်ဖို့လိုပါတယ်” ဟု ဟန့်က ၎င်း၏နှစ်ရက်ကြာ မြန်မာခရီးစဉ်အပြီး တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂါလီဒုက္ခသည်များ ပြန်လာရေးအတွက် ၎င်းတို့အပေါ် ကျူးလွန်ခဲ့မှုများအား တရားနည်းလမ်းတကျ တာဝန်ယူမှုကို ပြသနိုင်ရန် လိုအပ်ကြောင်းနှင့် အကယ်၍ ၎င်းတို့အပေါ် ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်ပြီး တာဝန်ယူမှုနှင့် တရားမျှတမှု မရှိခဲ့ပါက တချိန်က ကမ္ဘောဒီးယားတွင် ခမာများ မတရားကျူးလွန်ခံခဲ့ရသော ဖြစ်စဉ်ကဲ့သို့ မြန်မာ့သမိုင်းတွင်လည်း ကြီးမားသော အမည်းစက်တစ်ခုအဖြစ် ကျန်ရစ်ခဲ့လိမ့်မည်ဟုလည်း ဟန့်က ပြောကြားခဲ့သည်။

နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရန် ကုလလုံခြုံရေးကောင်စီ၏ သဘောတူညီမှု မရရှိခဲ့ပါက အခြားသောနည်းလမ်းများကို အသုံးပြုသွားရန် စဉ်းစားလုပ်ဆောင်ရမည် ဖြစ်သည်ဟုလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့ပြန်သည်။

ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ရခိုင်ကိစ္စနှင့်ပတ်သက်၍ လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်များကို တရားစွဲဆိုသင့်ကြောင်း ပြောကြားခဲ့ပြီး နောက် ၄၈ နာရီအကြာတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် နှစ်ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏ လွတ်လပ်သော အချက်အလက် ရှာဖွေရေး မစ်ရှင်အဖွဲ့၏ အစီရင်ခံစာကို တစ်ဖက်သတ်ဟုဆိုကာ မြန်မာနိုင်ငံက ပယ်ချခဲ့သည်။ ယခုသီတင်းပတ်အတွင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ တရားစွဲဆိုရေးအကြီးအကဲက ရခိုင်ကိစ္စနှင့် ပတ်သက်၍ အကြိုစုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဖိအားများ ကျရောက်လျက်ရှိသည်။

ဂျရမီးဟန့်က ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များ၏ အတိဒုက္ခများသာမက ထောင်ဒဏ်ချမှတ်ခံထားရသော ရိုက်တာဂျာနယ်လစ်နှစ်ဦး၏ အမှုကိစ္စကိုပါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် မြှင့်တင်ပြောဆိုမည်ဖြစ်ကြောင်းလည်း ကတိပေးထားခဲ့သည်။

ဖေဖော်ဝါရီလအတွင်းက ယခင်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် လာရောက်ခဲ့ပြီးနောက် ယခုနိုင်ငံခြားရေးဝန်ကြီး ဂျရမီဟန့်၏ လာရောက်မှုသည် ဗြိတိန်နိုင်ငံ၏ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်တစ်ဦး လာရောက်မှု ဖြစ်လာသည်။

“ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ပထမဆုံးအဖြစ်ကြည့်ဖို့ ဒီအပတ်အတွင်း ကျွန်တော်မြန်မာနိုင်ငံမှာ ရှိပါမယ်” ဟု ဟန့်က Twitter တွင် ရေးသားခဲ့သည်။

“ကျွန်တော် စစ်ဘက်နဲ့ အရပ်ဘက် ခေါင်းဆောင်တချို့ကို တွေ့ဆုံသွားပါမယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယင်းနောက်က သူက မြန်မာနိုင်ငံမှ အခြေအနေရပ်များနှင့် ပတ်သက်၍ သိလိုသည်များကို Twitter မှတစ်ဆင့် မေးမြန်းကြရန်လည်း လူမှုမီဒီယာ အသုံးပြုသူများကို ဖိတ်ခေါ်ခဲ့သည်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုမှုကို ရင်ဆိုင်ရန်အတွက် တောင်းဆိုမှု ပြုလုပ်ခဲ့ခြင်း မရှိသော်လည်း ၎င်းတို့၏ လုပ်ရပ်များနှင့် ပျက်ကွက်မှုများသည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်မှုအပေါ် ထည့်ဝင်ခြင်းဖြစ်ကြောင်း အရပ်သား အစိုးရအာဏာပိုင်များကို ဝေဖန်ရှုတ်ချခဲ့သည်။ ယခုအထိ ကုလသမဂ္ဂက မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားထိပ်တန်းစစ် ဗိုလ်ချုပ်ငါးဦးတို့အား လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှုများဖြင့် တရားစွဲဆိုရန် တောင်းဆိုထားသည်။

ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာဗိုလ်ချုပ်များကို တရားစွဲဆိုသင့်သည်ဟု ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရမီးဟန့်က ဘင်္ဂါလီကိစ္စကို မြှင့်တင်ပြောဆိုရန် ဒေါ်အောင်ဆန်းစုကြည်နှင့် စက်တင်ဘာ ၂၀ ရက် ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခြေအနေ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကိစ္စ၊ ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် ကုလသမဂ္ဂမျက်နှာစာတွင် ယင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေဝန်ကြီး ဂျရမီဟန့်သည် ၎င်း၏ နှစ်ရက်ကြာခရီးစဉ်အတွင်း မြန်မာတပ်မတော် တာဝန်ရှိသူများနှင့် ရခိုင်အရေးကိစ္စများအပေါ် တစ်စုံတစ်ရာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း မရှိကြောင်းလည်း သတင်းထုတ်ပြန်မှုများအရ သိရသည်။

 

Most Read

Most Recent