မူဆယ်မြို့နယ် နမ့်တောင်းမှ ပန်ဆိုင်းမြို့သို့သွားသော လမ်းမကြီးဘေးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

မူဆယ်မြို့နယ် နမ့်တောင်းမှ ပန်ဆိုင်းမြို့သို့သွားသော လမ်းမကြီးဘေးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ
Published 20 September 2018

ဓါတ်ပုံ - M - အေဂျေ (NTU)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာမှ ပန်ဆိုင်း(ကြူကုတ်)မြို့သို့ သွားသော ပြည်ထောင်စုလမ်းမကြီးဘေးတွင် စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက မိုင်း ၂ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပထမအကြိမ် မိုင်းပေါက်ကွဲမှုမှာ မွန်းလွဲ ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုမှာ တစ်စုံတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှှု မရှိခဲ့သော်လည်း မွန်းလွဲ ၃ နာရီ ၂၀ အချိန်ခန့်တွင် ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးတွင် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားရာ ပန်ဆိုင်း(ကြူကုတ်)ဘက်မှ ဆိုင်ကယ်စီးပြန်လာသူ နှစ်ဦး မိုင်းဆန်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပေါက်ကွဲမှုဖြစ်ပွားတာက ၁၀၅ မိုင်ကနေ ပန်ဆိုင်း(ကြူကုတ်) သွားတဲ့လမ်း နမ့်တောင်းရွာအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားတာပါ။ နမ့်တောင်းရွာကနေ ပန်ဆိုင်း(ကြူကုတ်) ဘက်အထွက် ကားလမ်းဘေးမှာ ဖြစ်တာပါ။ တစ်နာရီလောက်မှ တစ်လုံးကွဲတယ်။ တယ်လီဖုန်းတိုင်ထောင်ထားတဲ့အနီးမှာကွဲတာ။ သုံးနာရီကျော်မှာ ဒုတိယတစ်ကြိမ်ကွဲတယ်။ ဒုတိယအကြိမ် ပေါက်ကွဲတဲ့အချိန်မှာ ပန်ဆိုင်းဘက်ကနေ ပြန်လာတဲ့ အမျိုးသမီး(၂)ဦး ထိမှန်ပြီး ဒဏ်ရာရပါတယ်။ မိုင်းပေါက်ကွဲဒဏ်ရာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးကတော့ ဒဏ်ရာပြင်းထန်စွာ ရသွားပါတယ်။” ဟု မူဆယ်မြို့နေသူ M-အေဂျေ ၏ ပြောကြားချက်အရသိရသည်။

ထိုအပြင် "နမ့်တောင်းနဲ့ပန်ဆိုင်းကြားမှာ မိုင်းကွဲတာပါ။ ထိမှန်ဒဏ်ရာရရှိမှုကတော့ နှစ်ယောက်ဖြစ်ပြီး အဲ့ဒီထဲက တစ်ဦးကတော့ သေဆုံးပါတယ်။ တစ်ဦးကတော့ မူဆယ်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရပါတယ်။ မူဆယ်ကနေ ပန်ဆိုင်းကို သွားရင် နမ့်တောင်း ကျေးရွာအရင်ရောက်ပါတယ်။ နမ့်တောင်း နဲ့ ပန်ဆိုင်းကြားမှာ မိုင်းပေါက်ကွဲမှု ဖြစ်တာပါ။ နမ့်တောင်းနဲ့တော့ ပိုနီးပါတယ်။" ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကလည်းအတည်ပြု ပြောကြားခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် နမ့်တောင်းကျေးရွာနေသူ ဒေါ်လွန်းထု (၅၉)နှစ် နှင့် မအားနာ (၂၈) နှစ် ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေါ်လွန်းထု အသက်(၅၉) နှစ်မှာ သေဆုံးခဲ့ရပြီး မအားနာ (၂၈)နှစ်မှာ လည်ပင်းနှင့် မေးစေ့ပေါက်ပြဲဒဏ်ရာများဖြင့် မူဆယ်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသနေရကြောင်း သိရသည်။

Most Read

Most Recent